ဆီးသီးနှိုက်သူများနှင့် ကြီးကြပ်ကော်မတီ ဖွဲ့စည်းရေး

ဆီးသီးနှိုက်သူများနှင့် ကြီးကြပ်ကော်မတီ ဖွဲ့စည်းရေး
Published 1 February 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရဝန်ကြီးဌာန အချို့ရဲ့ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အချို့နဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ကြောင်း မီဒီယာတွေမှာ သတင်းပါလာခဲ့ပါတယ်။အဲဒီအဆိုကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့ အဆိုမှာတော့ နိုင်ငံခြား အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲကာ စွမ်းအင်၊ လျှပ်စစ်စွမ်းအား၊ သတ္တုတွင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန စတာတွေမှာ ထုတ်ယူသုံးစွဲမှု၊ ရောင်းချမှုနှင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ဆောင်ရန် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်စာတမ်းများ(Product Sharing Contract) ချုပ်ဆိုခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်တဲ့ ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း ပါရှိခဲ့ပါတယ်။ကြီးကြပ်တဲ့ကော်မတီအဲဒီအဆိုကို ရှင်းလင်းရာမှာတော့ ထုတ်လုပ်ခွဲဝေရေးစာချုပ် (Product Sharing Contract) များက ရရှိလာတဲ့ ဝင်ငွေများကို အခြေပြုပြီး နိုင်ငံတော်အတွက် ပေးချေရမယ့် ခိုင်ကြေး (Royalty) နဲ့ ကုန်ကျစရိတ်များကို နုတ်ပယ်ပြီး ကျန်ရှိတဲ့ အကျိုးအမြတ်များကို နိုင်ငံတော်နဲ့ ကုမ္ပဏီများက ခွဲဝေယူနေရာ စာချုပ်ပါ အားနည်းချက်များ စည်းကမ်းချက်များရဲ့ အားနည်းချို့ယွင်းမှု၊ ရည်ညွှန်းစံနှုန်းများရဲ့ မှားယွင်းဖော်ပြမှုများကြောင့် ထုတ်လုပ်သူ၊ ဆောင်ရွက်ပေးသူနဲ့ ဝယ်ယူသူ၊ ဆောင်ရွက်ရယူသူများ အကြားတွင် အငြင်းပွားဖွယ်ရာ ပေါ်ပေါက်ကာ ဝင်ငွေများ ဆုံးရှုံးနစ်နာနိုင်ပြီး ဝင်ငွေများလျော့နည်းတဲ့ အကျိုးဆက်အဖြစ် နိုင်ငံတော်အား ပေးချေရမယ့် ခိုင်ကြေးများကို လျော့နည်းပေးချေခြင်းကြောင့် ရရှိလာတဲ့ အမြတ်အစွန်းအပေါ် ထိခိုက်ပြီး နိုင်ငံတော်မှရသင့်တဲ့ အကျိုးအမြတ်များကို မရရှိတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဒေါ်တင်နွယ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်များဟာ အများပြည်သူများရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းများ ဖြစ်တာကြောင့် ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များမှာ အငြင်းပွားမှုများ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအတွက် ဝန်ကြီးဌာန တစ်ခုချင်းအလိုက် ညှိနှိုင်းဆောင်ရွက်မယ့်အစား နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ ကော်မတီတစ်ရပ်အား ထားရှိသင့်တယ်လို့ ဒေါ်တင်နွယ်ဦးက အဆိုမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီအဆိုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက လွှတ်တော်မှာ မှတ်တမ်းတင်ထားရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ပွင့်လင်းမြင်သာမှုအဲဒီအဆိုကို လေ့လာကြည့်မယ်ဆိုရင် အစိုးရဝန်ကြီးဌာနတွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းပြီး အကျိုးအမြတ် ခွဲဝေယူဖို့ လုပ်ဆောင်ရာမှာ အားနည်းချက်များ ရှိနေခဲ့မယ်ဆိုရင် နိုင်ငံတော်က ရသင့်တဲ့ အကျိုးအမြတ် လျော့နည်းသွားနိုင်တာကြောင့် နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းကြီးကြပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းတဲ့အဆိုဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတော်နဲ့ ကုမ္ပဏီများက ခွဲဝေယူနေရာ စာချုပ်များရဲ့ အားနည်းချက်များ စည်းကမ်းချက်များရဲ့ အားနည်းချို့ယွင်းမှု၊ ရည်ညွှန်းစံနှုန်းများရဲ့ မှားယွင်းဖော်ပြမှုများကြောင့် ထုတ်လုပ်သူ၊ ဆောင်ရွက်ပေးသူနဲ့ ဝယ်ယူသူ၊ ဆောင်ရွက်ရယူသူများ အကြားတွင် အငြင်းပွားဖွယ်ရာ ပေါ်ပေါက်ကာ ဝင်ငွေများ ဆုံးရှုံးနစ်နာနိုင်တယ်ဆိုတဲ့ အချက်ဟာ အများဝေဖန်မှု ရှိနေခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ မြေယာလျော်ကြေး အငြင်းပွားမှုများ ရှိနေဆဲဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ရွှေသံလွင်မီဒီယာတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်း၊ ပြည်တွင်းကုမ္ပဏီများမှ ပါဝင်ပူးပေါင်းနေတဲ့ ရေအားလျှပ်စစ် စီမံကိန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပမှ အစိုးရဝန်ကြီးဌာနများနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းအချို့ဟာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပြီး ချူပ်ဆိုထားတဲ့ စာချုပ်တွေမှာလည်း အားနည်းချက်များ ရှိနေခဲ့တယ်လို့ ဝေဖန်မှုတွေဟာ မီဒီယာစာမျက်နှာတွေမှာ ပါရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ဝ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး တစ်ရပ်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ရွှေသံလွင်မီဒီယာရဲ့ SK-YNET ရုပ်သံလိုင်း ဝင်ငွေအရပ်ရပ်မှ နိုင်ငံတော်သို့ ပေးသွင်းငွေဟာ ကျပ်သိန်းလေးရာစွန်းစွန်းသာ ရှိနေတာကြောင့် အလွန်နည်းပါးနေပြီး မှန်ကန်သင့်လျော်တဲ့ အကျိုးအမြတ် ခွဲဝေရရှိရန် စာချုပ် ပြန်ချုပ်ဆိုသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်ပြခဲ့တာကြောင့် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းနိုင်ရေးဟာ စဉ်းစားသင့်တဲ့အချက် ဖြစ်ပါတယ်။
ဝန်ကြီးဌာနများနဲ့ ပတ်သက်ပြီး ပစ္စည်းဝယ်ယူမှုဆိုင်ရာ ကိစ္စများ၊ အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ကြီးကြပ်မှုကော်မတီတစ်ရပ် ဖွဲ့စည်းသင့်တယ်ဆိုတဲ့ . . . . .

စံချိန်စံညွှန်း ကိုက်ညီမှုမရှိတဲ့ ဒီလို အစိုးရဝန်ကြီးဌာနများနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းများ တစ်နည်းအားဖြင့် အစိုးရပရောဂျက်များတွင် ပါဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းကုမ္ပဏီများရဲ့ လုပ်ငန်းဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ဆီးသီးဗန်းမှောက်တာနဲ့တူကြောင်း ဥပမာပေးပြီး ပြောကြားခဲ့ဖူးပါတယ်။ မကြာမီကလည်း ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်တဲ့ ဝန်ကြီးဌာနများရဲ့ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက စံချိန်စံညွှန်း ကိုက်ညီမှုမရှိတဲ့ တည်ဆောက်ရေးလုပ်ငန်း ၂၅ ခုကို ဓာတ်ပုံအထောက်အထားများနှင့် တင်ပြချက်ကို နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်ဦးဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအား အမျိုးသားလွှတ်တော်ထံ ပြန်လည်ပေးပို့လာခဲ့ရာမှ ကုမ္ပဏီတစ်ခုကို လုပ်ငန်းအား ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ အခြားသူကို ကန်ထရိုက် ထပ်မံချထားခြင်း၊ စစ်ဆေးခံရန် ပျက်ကွက်ခြင်းများကြောင့် လုပ်ငန်းအပ်နှံရန် ယုံကြည်ရသည့် ကုမ္ပဏီ မဟုတ်တဲ့အတွက် Black List စာရင်းသွင်းသင့်ကြောင်း ပါရှိခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က ဒီထက်တိုးပြီး အရေးယူမှုတွေ ပြုလုပ်သင့်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ဝိုင်းဝိုင်းလည်တကယ်တော့ ဒီလိုဝေဖန်မှုတွေ ရှိနေတာလည်း ဆန်းတဲ့ဖြစ်ရပ် မဟုတ်ပါဘူး။ ယနေ့ ပုဂ္ဂလိက စီးပွားရေး အသိုင်းအဝန်းမှာ တကယ်ကို ကြီးထွားနေတဲ့ စီးပွားရေးလုပ်ငန်းစုကြီး များစွာဟာ အစိုးရရဲ့ ပရောဂျက်တွေ အများကြီး ရရှိပြီး အင်အားတွေ ကြီးထွားလာခဲ့ကြတာ ဖြစ်ပါတယ်။ နေပြည်တော်တည်ဆောက်ရေး စီမံကိန်းကြီးများမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကုမ္ပဏီကြီးများဆိုရင် ယနေ့အချိန်မှာ အရင်းအနှီးကြွယ်ဝတဲ့ လုပ်ငန်းကြီးများအဖြစ် ပိုင်ဆိုင်ထားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အစိုးရပရောဂျက် အများစုဟာ အကျိုးအမြတ် သေချာတဲ့အပြင် အခြားစီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရာမှာ လိုငွေမရမှာ မပူရတဲ့ လုပ်ငန်းများဖြစ်တာကြောင့် ယနေ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းလို လုပ်ကိုင်ခွင့်ရလိုကြတဲ့ ပရောဂျက်များ ဖြစ်ကြပါတယ်။ အထူးသဖြင့် အစိုးရဝန်ကြီးဌာနများထံကို ကုန်ပစ္စည်းတင်သွင်းတဲ့ လုပ်ငန်းမျိုးကို လူတိုင်းလုပ်ချင်နေကြတာဟာ ဝယ်ယူသူဘက်က ငွေမပေးမှာ မပူရတဲ့ ခိုင်မာတဲ့ အာမခံချက်ရှိတဲ့ အချက်ကြောင့် ဖြစ်သလို အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝယ်လိုစွမ်းအားကလည်း ကုန်ပစ္စည်းရောင်းသူတွေအတွက် ရောင်းအားကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်နေတာကြောင့်လည်း အစိုးရဌာနတွေကို ကုန်ပစ္စည်းသွင်းချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာ ဖြစ်ပါတယ်။ ဒီလို အစိုးရဝန်ကြီးဌာနများရဲ့ ပြင်ပနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေဟာ နိုင်ငံတော်ရဲ့ဘတ်ဂျက် တစ်နည်းအားဖြင့် နိုင်ငံသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ငွေကြေးများနဲ့ လည်ပတ်သုံးစွဲရတာ ဖြစ်တာကြောင့် အဲဒီလုပ်ငန်းတွေမှာ လွဲမှားချွတ်ချော်မှုများ၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ငွေကြေးအကျိုးအမြတ်တွေ မရတာတွေ ရှိခဲ့မယ်ဆိုရင် နိုင်ငံနဲ့ နိုင်ငံသားတွေ အားလုံးအတွက် နစ်နာမှုတွေ ရှိစေမှာဖြစ်လို့ အများက စောင့်ကြည့်ဝေဖန်နေကြတာ ဖြစ်ပါတယ်။ဒီအတွက် ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုမှာ တိုက်တွန်းထားသော ဝန်ကြီးဌာနများနဲ့ ပတ်သက်ပြီး ပစ္စည်းဝယ်ယူမှုဆိုင်ရာ ကိစ္စများ၊ အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ကြီးကြပ်မှုကော်မတီတစ်ရပ် ဖွဲ့စည်းသင့်တယ်ဆိုတဲ့ တိုက်တွန်းချက်ဟာ သင့်လျော်တဲ့ တိုက်တွန်းချက်လို့ မြင်ပါတယ်။ အဲဒီကော်မတီမှာတော့ အများက လက်ခံပြီး သမာသမတ်ရှိသူများ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ၊ ဥပဒေရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ အစိုးရဘက်မှာ အပါအဝင် လွှတ်တော်ဘက်မှလည်း ကိုယ်စားလှယ်များနဲ့ ပါဝင်ဖွဲ့စည်း ဆောင်ရွက်သင့်ပါတယ်။ ကော်မတီဖွဲ့စည်းပြီးပါက အရင်ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများမှာ မသင့်တော်တာတွေ ရှိမရှိ ပြန်လည်စိစစ်သင့်သလို ချုပ်ဆိုထားတဲ့ စာချုပ်စာတန်းများတွင် နိုင်ငံတော်မှ ရပိုင်ခွင့်များ လျော့နည်းနေခြင်း ရှိမရှိကိုလည်း စစ်ဆေးအကြံပြုချက်များ ပေးသင့်သလို နောင်လာမယ့် လုပ်ငန်းစဉ်များမှာလည်း စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်ပေးနိုင်ပါက နိုင်ငံနဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မယ့် ကော်မတီဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ ယခုလို နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေ နှစ်စဉ်ပြနေချိန်မှာ နိုင်ငံသားများအတွက် ကျန်းမာရေး၊ ပညာရေးဘတ်ဂျက်တွေ ပိုပြီးသုံးစွဲနိုင်ဖို့အတွက် မကုန်သင့်တာမကုန်အောင်၊ ရသင့်ရထိုက်တာတွေ ရရှိစေဖို့ ဆီးသီးဗန်း တိုက်ချသူများနဲ့ ဆီးသီးဝင်နှိုက်သူများ ရှိခဲ့မယ်ဆိုရင် ကြီးကြပ်ကြပ်မတ်နိုင်တဲ့ ကော်မတီမျိုးဟာ အမှန်တကယ် လိုအပ်ပါကြောင်း အများအကျိုးမျှော် တိုက်တွန်းရေးသားလိုက်ရပါတယ်။

Most Read

Most Recent