မြန်မာနိုင်ငံနှင့် ကင်းကွာခဲ့စဉ် ကာလများ၌ တဝဲလည်လည်ဘဝ ဆိုသည်ကို နားလည် သဘောပေါက်ခြင်း မရှိခဲ့။ ရန်ကုန်သို့ ပြန်လည်ခြေချလိုက်သည့်နောက် များမကြာမီမှာပင် တဝဲလည်လည် ဘဝများနှင့် ထိတွေ့မှု များလာသောကြောင့် ယင်းကိုပို၍ သဘောပေါက်လာလေတော့သည်။ကဗျာရေး၊ စာရေး အလွန်ဝါသနာကြီးသူဖြစ်၍ အင်တာနက် ပေါ်ထွန်းခဲ့ပြီးသည့်နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ် ကတည်းက ကွန်ပျူတာရှေ့တွင် အချိန်ရလျှင်ရသလို ထိုင်ဖြစ်သည်။ ထိုမှတစ်ဆင့် မိုဘိုင်းဖုန်းများ၊ စမတ်ဖုန်းများ ပေါ်ထွန်းလာခဲ့ရာ မြန်မာတို့သည်လည်း ကမ္ဘာ့နိုင်ငံ၏ အီလက်ထရွန်နစ် နည်းပညာ ရေစီးကြောင်းနှင့် အထိုက်အလျောက် လိုက်ပါစီးဆင်းနိုင်သည်ကို တွေ့မြင်ရသဖြင့် ဘဝင်တော့ အကျမိသား။သို့သော် ဤနိုင်ငံရှိ အင်တာနက်မြန်နှုန်းသည် အခြားဒေသများရှိ မြန်နှုန်းနှင့် နှိုင်းစာလျှင် အလွန်ပင် ကွာခြားနေသေးကြောင်း တွေ့ရ၏။ ကြိုးဖုန်းဖြင့် ဆက်သွယ်ထားသည့် အေဒီအက်စ်အယ်လ် (ADSL – Asymmetric Digital Subscriber Line) အင်တာနက်မြန်နှုန်းကိုပဲ ကြည့်မလား၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်သည့် အင်တာနက်မြန်နှုန်းကိုပဲ စမ်းသပ်မလား၊ အချိတ်အဆက်လင့်ခ် (Link) တစ်ခုနှင့်တစ်ခု အကူးအပြောင်း ပြုလုပ်ရန် အချိန်များစွာ စောင့်ရသည်။ ဖန်သားပြင်ပေါ်၌ လည်ပတ်မဆုံးသော စက်ဝိုင်းကလေးကိုသာ ကြာရှည် စူးစိုက်ကြည့်နေရသည်။ တစ်ခါတစ်ရံ ကြာကြာလည်ပါများသော စက်ဝိုင်းကလေးပင် ပျောက်သွားတတ်သေးသည်။ ဤသည်ကို ဘဝတစ်ခု၏ တရားသဘောနှင့် ခိုင်းနှိုင်းမည် ဆိုပါက တဝဲလည်လည် ဘဝသံသရာ တစ်ခုအဖြစ် ဆင်ခြင်ရှုမှတ်နိုင်မည် ထင်သည်။လောလောလတ်လတ် ဟင်္သာတမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ဆက်သွယ်ရေး၏ ဖုန်းလိုင်းများ ဆက်၍မရလောက်အောင် ဆိုးရွားနေပုံနှင့် ပတ်သက်၍ “ဖုန်းဆက်လိုက်ပြီး တစ်ဖက်က ဖုန်းဖွင့်ထားပေမယ့် ဖုန်းပိတ်ထားတယ်လို့ ဖြေတယ်။ ဖုန်းခေါ်ရင် လူကြီးမင်းနဲ့ပဲ တွေ့နေတုန်းပဲ။ စားသုံးသူတွေကို ဝိုင်ဖိုင်ပေးဖို့လည်း အဆင်မပြေဘူး။ ဖုန်းလိုင်းတောင် မကောင်းတာ အင်တာနက်ဆို ပိုဆိုးတာပေါ့” ဟု ဧရာဝတီတိုင်းထဲမှ အခြားမြို့များထက် ဖုန်းလိုင်းပိုဆိုးနေသော ဟင်္သာတမြို့ခံ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။တဝဲလည်လည် ဘဝများအား ထင်ဟပ်သော ဖြစ်စဉ်များစွာ ရှိသေးသည်။ တွေ့ဆုံမေးခြင်း ဖြေဆိုခြင်းများ၊ စာအသွားအလာ ပေးပို့ခြင်း တုံ့ပြန်ခြင်းများ၊ နိုင်ငံရေးဆွေးနွေးချက် အပွင့်အရေအတွက် ကိစ္စကို ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ဘော်လီဘောဘောလုံးနှင့် ခိုင်းနှိုင်းရေးသားမှုများ စသည်တို့မှာ တဝဲလည်လည်နှင့် မရေရာ မသေချာမှုများ၊ မာယာပရိယာယ်များ၊ ရှောင်လွှဲမှုများအား ဖော်ညွှန်းနေခြင်းပင် ဖြစ်တော့သည်။နိုင်ငံခြား သတင်းဌာနတစ်ခု၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို မိမိတို့ရေးခဲ့ခြင်း မဟုတ်၊ ပြည်သူကို ကိုယ်စားပြုသော၊ အလွှာအသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များမှ သေသေချာချာ စဉ်းစား၍ လုပ်ခဲ့သည့် ကိစ္စဖြစ်ပြီး ဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန်မှာ မိမိတို့အနေဖြင့် ကန့်ကွက်စရာအကြောင်း မရှိပါ” ဟု နိုင်ငံအကြီးအကဲတစ်ဦးက မေးခွန်းအား ဖြေကြားသွားသည်ဆိုသည်။
တဝဲလည်လည် ဘဝများအား ထင်ဟပ်သော ဖြစ်စဉ်များစွာ ရှိသေးသည်။ တွေ့ဆုံမေးခြင်း ဖြေဆိုခြင်းများ၊ စာအသွားအလာ ပေးပို့ခြင်း တုံ့ပြန်ခြင်းများ၊ နိုင်ငံရေးဆွေးနွေးချက် အပွင့်အရေအတွက် ကိစ္စကို ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ဘော်လီဘောဘောလုံးနှင့် ခိုင်းနှိုင်းရေးသား . . . . .
ထို့ပြင် “ဒီအခြေခံဥပဒေကို သေသေချာချာ စဉ်းစားပြီးတော့မှ ရေးခဲ့တာဖြစ်တယ်။ နောက်တစ်ခါ ဥပဒေဆိုတာကလည်း မကြာခဏ ပြင်လို့မကောင်းဘူး။ ဥပဒေတစ်ခုက ခိုင်ခိုင်မာမာဖြစ်ဖို့တော့ လိုတယ်။ ဥပဒေတစ်ခုကို ကိုယ်လိုရာဆွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြာခဏ ထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီး ထိခိုက်သွားနိုင်တယ်။ ဘာမှ စိတ်ပူစရာ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေရေးတုန်းက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရေးတာ” ဟု ဖြေကြားသွားသည် ဆိုသည်။ (The Daily Eleven - ၂၂-၁-၂ဝ၁၅ နေ့ထုတ်)တစ်ဖန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ “ကိုယ့်အကျိုးစီးပွား ကာကွယ်လိုသူ လူတစ်စုက မပြင်လိုကြဘူး။ မပြင်လိုပါက ထာဝရ ငြိမ်းချမ်းရေးရရန် အခက်အခဲ ကြုံတွေ့မယ်။ ဒီနေရာမှာ လူတစ်စု အကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား ယှဉ်လာတော့ ဘယ်ဘက်က ရပ်တည်သင့်တယ်ဆိုတာ အဖြေက ရှင်းနေပါတယ်” ဟု ပြောကြားပြန်သည်။တဝဲလည်လည်ဖြင့် လှုပ်ရှားရုန်းကန်၊ ဖိနှိပ်ခံနေရသော ပြည်သူတို့၏ဘဝ ဆိုသည်မှာ ဤသို့သာဖြစ်သည်ဟု ပြောရမည်လား မသိ။ မရေရာခြင်းနှင့် မသေချာခြင်းကြား မျဉ်းပါးပါးလေးဖြင့် တားထားသည် မှန်သော်လည်း ယင်းမျဉ်းပါး၏ နယ်မြေနှစ်ဖက်စလုံးတွင် အခြေခိုင်မာ တိကျပြတ်သားခြင်း ပြယုဂ်ကင်းမဲ့နေသည်မှာ ထင်ရှားလှသည်။တာတီးအမည်ရ ကာတွန်းဆရာ၏ ကာတွန်းထေ့ကွက် တစ်ကွက်ကို အမှတ်ရ၍ ပြောပြလိုပါသည်။ ယင်းကာတွန်းတွင် မြန်မာနိုင်ငံ၏ မပြေလည်သေးသော၊ ဖြေရှင်းရန် ကျန်ရှိနေသေးသော ပြဿနာများစွာနှင့် ပတ်သက်၍ အဖြေရှာထားသည့် အချက်သုံးချက် ရေးဆွဲပြထားသည်။ ပြဿနာကြီးကြီးမားမား ဖြစ်ခဲ့သည်ရှိသော် ဦးဆုံးလုပ်ရမည့် အလုပ်မှာ ဗြောင်ငြင်းကြည့်ပါဟု ဆိုသည်။ နောက်ဆက်တွဲ အနေဖြင့် ကော်မရှင်ဖွဲ့၍ အချိန်ရသလောက် ဆွဲပါ။ ပြီးလျှင် အချိန်ကြာလာသည်နှင့်အမျှ သင်ပုန်းချေစကားလုံးသုံးပြီး နှစ်သိမ့်ပါဟူ၍ ပါရှိသည်။အဆိုပါ ကာတွန်းသည် စာရေးသူပြောလိုသည့် မရေရာခြင်း၊ မသေချာခြင်းတည်းဟူသော ဆုံးစမရှိ တဝဲလည်လည် ဘဝတစ်ခုအား ထင်ဟပ်ပြနေခြင်းပင် မဟုတ်ပါလား။ တစ်နေ့ကပဲ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်သို့ လာရောက်လေ့လာသူများအား တွေ့ဆုံရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ပြဿနာများ ရှိနေသဖြင့် နိုင်ငံသည် ဆင်းရဲနေပြီး အဆိုပါပြဿနာများအား ကျော်လွှားနိုင်ရန် အားလုံးစုပေါင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုင်းရင်းသားများအကြား နာကြည်းစရာများ ရှိခဲ့ခြင်းကို သမိုင်းအရ ငြင်း၍မရ။ ပြဿနာရှိလျှင် ပြဿနာရှိသည် ဆိုသည်ကို လက်ခံကာ ရင်ဆိုင်ဖြေရှင်းရမည်။ သို့သော် အချို့သောသူများက ပြဿနာရှိနေခြင်းအား လက်မခံလိုကြ။ ပြဿနာရှိသောကြောင့်သာ ဤနိုင်ငံသည် ဤမျှ ဆင်းရဲတွင်းနက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ချုပ်၍ပြောရမည်ဆိုလျှင် အထက်ပါ တိကျပြတ်သား ရေရာသေချာသော မှတ်ချက်စကားကို ကြားသိရပြီးသည့်နောက် တဝဲလည်လည် ဘဝများထဲမှ စာရေးသူတို့ ကာလမည်မျှကြာမြင့်စွာ ရုန်းမထွက်နိုင်၊ သောင်ကမ်းပျောက်ရှ မျောပါခဲ့ရသည့် ဘဝမျိုး မည်ရွေ့မည်မျှ ရှိခဲ့သည်ဆိုသည်ကို မှန်းဆနိုင်ရန် ခက်ခဲနေပေဦးမည်။