စက်မှုထွန်းကားပြီး တိုးတက်တဲ့ နိုင်ငံတွေမှာ အုပ်ချုပ်သူ အစိုးရတွေရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တာကြောင့် ခိုင်မာတဲ့ ငွေကြေးဈေးကွက်ကို ထူထောင်နိုင်ကြတာ ဖြစ်မယ်။ အဓိက,ကတော့ နိုင်ငံကို အုပ်ချုပ်တဲ့စနစ်နဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ်မှာ ထားရှိတဲ့ စေတနာ မှန်ကန်လို့ ဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်တယ်။ ငွေကြေးဈေးကွက် မပေါ်ပေါက်လာမီက Barter System လို့ခေါ်တဲ့ ပစ္စည်းအချင်းချင်း ဖလှယ်တဲ့စနစ်ကို အသုံးပြုခဲ့တယ်။ ပစ္စည်းချင်း ဖလှယ်တဲ့ စနစ်က ရေရှည်အတွက် အခက်အခဲတွေ ဖြစ်လာတဲ့အခါ ကြားခံပစ္စည်း တစ်ခုအဖြစ် ပစ္စည်းရဲ့ အရေအတွက် အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေနဲ့ ကြားခံငွေကြေးကို အသုံးပြုလာခဲ့ကြတယ်။စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေ အချင်းချင်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မှုတွေ ပြုလုပ်ရာမှာ ထုတ်ကုန်အရည်အသွေးနဲ့ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတွေကို ပေယျာလကန် ပြုလုပ်လာကြရာကနေ ဖြစ်ပေါ်လာတဲ့ ပထမကမ္ဘာစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ပွဲကြီးတွေက ကုန်သွယ်ရေးစစ်ပွဲ (Trade War) တွေ ဖြစ်လာခဲ့တယ်။ တစ်ခါ တစ်ဖက်သတ် ကိုယ်ကျိုးအတွက်သာ ကြည့်ပြီး မိမိနိုင်ငံ ထုတ်ကုန်တွေကို အခြားနိုင်ငံတွေ ကြိုတင်ပို့၊ အခြားနိုင်ငံက ကုန်ပစ္စည်းတွေကိုကျတော့ မိမိနိုင်ငံကို အဝင်မခံတာကြောင့် အဲဒီလို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ စုဆောင်းငွေပိုလျှံမှု (Saving Surplus) တွေ ဖြစ်လာခဲ့တယ်။ အဲဒီမှာ အခုလိုကျင့်သုံးတဲ့ နိုင်ငံကို Viagra Economy ကျင့်သုံးတယ်လို့ သတ်မှတ်လိုက်ပြီး အခြားနိုင်ငံကို ပြောင်းရွှေ့ပြီး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အထိ ဖြစ်သွားတယ်။နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးဈေးကွက် ခိုင်မာစေမှုကို အဓိက ထိန်းချုပ်တာက ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ဖြစ်ပါတယ်။ ရောင်းလိုအားကို ထိန်းချုပ်လိုက်ရင် ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာစေပြီး ရောင်းလိုအားမြင့်မားပြီး ဝယ်လိုအားကျသွားရင် ဈေးနှုန်းတွေ ကျဆင်းလာစေတာကြောင့် ဝယ်ယူသူတွေ အကျိုးရှိစေတာ ဖြစ်တယ်။ အလားတူ ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်ရင် ငွေကြေးလဲလှယ်မှုဈေးနှုန်းတွေ မြင့်မားလာစေပြီး ဖြေလျှော့ပေးလိုက်တဲ့ အခါမှာတော့ ငွေကြေးလဲလှယ်မှုဈေးနှုန်းတွေ ကျသွားတာဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ အခုအချိန်အထိ ဈေးကွက်ထိန်းချုပ်မှုတွေ ရှိနေဆဲဖြစ်တယ်။ ဥပမာတစ်ခု ဆိုရရင် သူများနိုင်ငံတွေမှာ အခမဲ့ပေးတဲ့ မိုဘိုင်းတယ်လီဖုန်း Sim Card တွေကို စာရေးသူတို့နိုင်ငံမှာ ၁၅ သိန်းနဲ့ရောင်းတယ်။ ဈေးကွက်ထိန်းချုပ်လိုက်တော့ ပြင်ပဈေးမှာ သိန်း ၄၀၊ သိန်း ၅၀ အထိ ဈေးမြောက်သွားတယ်။ ဈေးကွက်ရဲ့သဘောက ထိန်းချုပ်လေ ဈေးတက်လေ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဘယ်လိုအကြံအစည်နဲ့ အခုလို ထိန်းချုပ်နေကြတာလဲ၊ လွတ်လပ်တဲ့ ဈေးကွက်ဖြစ်ဖို့က ထိန်းချုပ်မှုကင်းစင်ပြီး ပိုင်ဆိုင်မှုများစေပါမှ ပြိုင်ဆိုင်အကျိုးဖြစ်ထွန်းမှု Competitive Advantage ကို နိုင်ငံသားတွေ ခံစားရမှာဖြစ်တယ်။အနောက်တိုင်းပုံစံကနေ ပေါက်ဖွားလာတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးက-(၁) နိုင်ငံသားအများစု အကျိုးကို အာရုံစိုက်ရမယ်။(၂) ဥပဒေလွှမ်းမိုးမှု ရှိစေရမယ်။(၃) မီဒီယာ လွတ်လပ်စေမှု ရှိရမယ်။(၄) လွတ်လပ်တဲ့ဈေးကွက် ဖြစ်စေရမယ်။(၅) ဒီမိုကရေစီစနစ် ကျင့်သုံးရမယ်။ဆိုတာတွေ ဖြစ်တယ်။ တရုတ်နိုင်ငံက မူလပင်မက ကွန်မြူနစ်စနစ် ဖြစ်စေမယ့် တိန်ရှောက်ဖိန်လက်ထက်မှာ တစ်နိုင်ငံ စနစ်နှစ်မျိုးနဲ့ နိုင်ငံရေးမှာ ကွန်မြူနစ်စနစ်ကို ကျင့်သုံးပေမယ့် စီးပွားရေးမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ကျင့်သုံးခဲ့တာကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအား စနစ်နှစ်ခုကို အချိုးကျကျ ဆောင်ရွက်ခဲ့တာကြောင့် စီးပွားရေး သိသိသာသာ တိုးတက်လာစေပြီး ၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်း (World Trade Organization - WTO) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တယ်။အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေက ရောနှောနေတဲ့ စီးပွားရေးမော်ဒယ်ကို အသုံးပြုကြတာဖြစ်တယ်လို့ ဆိုတယ်။ အဓိက,ကတော့ စိတ်ရင်းစေတနာ မှန်ကန်ကြရမှာ ဖြစ်တယ်။ ကိုယ်ကျိုးရှာတာတွေ ကင်းပစေကြရမှာ ဖြစ်တယ်။ အခုဆိုရင် စာရေးသူတို့နိုင်ငံမှာ လူနည်းစုကို အကျိုးပြုစေတဲ့ စီးပွားရေးကနေ အများကို အကျိုးပြုစေမယ့် ငွေကြေးဈေးကွက်တွေ စီးပွားရေးလုပ်ငန်းတွေကို ပြောင်းလဲလာတာ တွေ့ကြရမှာ ဖြစ်တယ်။ အဲ့ဒီမှာ အရေးကြီးတာက အများပိုင် ကုမ္ပဏီတွေမှာ အများအတွက် ရှေးရှုလုပ်ဆောင်မယ့်သူတွေက ဦးဆောင်ပါဝင်စေရမှာ ဖြစ်တယ်။ နာမည်ကတော့ အများပိုင်ဖြစ်ပေမယ့် လက်တွေ့မှာ အများမပိုင်စေတာမျိုး မဖြစ်စေဖို့ လိုအပ်တယ်။ ၂၀၁၅ မှာ ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ဖွင့်ဖို့ ရှိတယ်လို့ ဆိုတယ်။ အဲ့ဒီမှာလည်း စတော့အိတ်ချိန်းဈေးကွက် ပီပီပြင်ပြင် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံသားတွေအတွက် များစွာ အကျိုးရှိစေမှာ ဖြစ်တယ်။
သူများနိုင်ငံတွေမှာ အခမဲ့ပေးတဲ့ မိုဘိုင်းတယ်လီဖုန်း Sim Card တွေကို စာရေးသူတို့နိုင်ငံမှာ ၁၅ သိန်းနဲ့ရောင်းတယ်။ ဈေးကွက်ထိန်းချုပ်လိုက်တော့ ပြင်ပဈေးမှာ သိန်း ၄၀၊ သိန်း ၅၀ အထိ ဈေးမြောက်သွားတယ်။ ဈေးကွက်ရဲ့သဘောက ထိန်းချုပ်လေ ဈေးတက်လေ ဖြစ်ပါတယ် . . . . .
အများနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂလိက (Private Company) မှာ ဒါရိုက်တာနှစ်ဦးနဲ့ဆို စတင်လို့ရတယ်။ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ (Public Company) က ဒါရိုက်တာဦးရေ ခုနစ်ဦးနဲ့ စကြရတယ်။ ကုမ္ပဏီလုပ်ငန်းကို စနစ်တကျ လုပ်မယ်ဆိုရင် ဝန်ထမ်းတွေကို စနစ်တကျ ဖွဲ့စည်းရမယ်။ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ခန့်ထားရမယ်။ နေ့စဉ် ဝင်ငွေထွက်ငွေ စာရင်းတွေ ထားရှိရမယ်။ သုံးလပတ် အရှုံးအမြတ်စာရင်းနဲ့ လက်ကျန်ရှင်းတမ်းတွေ ရေးဆွဲကြရမယ်။ နှစ်ချုပ်တဲ့ အခါမှာလည်း တစ်နှစ်ပတ်လုံးရဲ့ အရှုံးအမြတ်စာရင်းနဲ့ လက်ကျန်ရှင်းတမ်းတွေကို ရေးဆွဲကြရတယ်။ ကုမ္ပဏီ အခွန်ရုံးကိုလည်း မှန်ကန်စွာ တင်ပြကြရမယ်။ မိမိရဲ့ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မားစေဖို့ သက်ဆိုင်ရာ လုပ်ငန်းအလိုက် သင်တန်းတွေ တက်ရောက်စေရမယ်။ဒီကနေ့ခေတ်မှာ နိုင်ငံအတော်များများက အမာခံငွေကြေးနှစ်ခုဖြစ်တဲ့ Euro နဲ့ Dollar ကို မိမိနိုင်ငံငွေကြေးကို အမာခံထားပြီး ဈေးကွက်ကို ငွေကြေးတည်ငြိမ်အောင် ကြိုးပမ်းနေကြရတာဖြစ်တယ်။ မိမိကိုယ်ကျိုး စီးပွားသက်သက်ကိုသာကြည့်ပြီး မိမိက အာဏာရှိလို့ နိုင်ငံခြားဈေးကွက်ရှာနိုင်၊ နိုင်ငံခြားက ကုန်ပစ္စည်းများများသွင်းရင် တစ်ဒေါ်လာရဲ့ မြန်မာငွေတန်ဖိုး မြင့်လာစေတဲ့အတွက် ငွေများများရမယ်၊ တစ်ခုတည်းကိုကြည့်ပြီး လုပ်ဆောင်လို့ မရပါ။ ဒေါ်လာဈေး မြင့်တက်လာတာနဲ့အမျှ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ ငွေကြေးတန်ဖိုး ကျဆင်းသွားတာကို သိမြင်တတ်ဖို့ လိုအပ်တယ်။အခြေခံလစာတွေကို ခိုင်ခိုင်မာမာ တိုးပြီးရင် တစ်ဖက်မှာ ကုန်ဈေးနှုန်းတက်ပြီး ငွေကြေးဖောင်းပွမှု မဖြစ်အောင် ထိန်းနိုင်ထိန်းတတ်ဖို့လည်း အရေးကြီးတယ်။ မိမိနိုင်ငံသားတွေကို ငွေကြေးဈေးကွက် သဘောတရားတွေ များများသိအောင် လုပ်ပေးကြရမယ်။ ဟိုယခင်က ပေါ်ပေါက်ခဲ့ဖူးတဲ့ မြန်မာကျုံယွမ်လို၊ သဘာဝလို၊ ဧရာမြေလို ငွေကြေးဝန်ဆောင်မှုတွေရဲ့ မက်လုံးပေး လိမ်လည်မှုတွေ မဖြစ်အောင် ထိန်းပေးဖို့လည်း လိုအပ်တယ်။ဒီနေရာမှာ စကားမစပ် ငွေကြေးရဲ့ တန်ဖိုးကို ဘာက ဆုံးဖြတ်ချက်ပေးသလဲဆိုတာ ပြောပြချင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးအရောင်းအဝယ် ကိစ္စရပ်မှာလည်း ရောင်းလိုအားနဲ့ ဝယ်လိုအားကို စဉ်းစားတတ်ရမှာ ဖြစ်တယ်။ နိုင်ငံမှာ ပို့ကုန်တွေ များများ တင်ပို့နိုင်ရမယ့်အစား သွင်းကုန်တွေ များများ တင်သွင်းနေရမယ်ဆိုရင် ငွေတန်ဖိုး ကျဆင်းသွားစေတာကို သတိပြုရမှာဖြစ်တယ်။ လာမယ့်နှစ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေအတွင်းမှာ အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community) (AEC) ကို ထူထောင်တော့မှာ ဖြစ်တယ်။ အဲဒီမှာ စာရေးသူတို့ အနေနဲ့ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေ မထုတ်လုပ်နိုင်ရင် ပြည်ပအရောင်းအား ကျဆင်းသွားစေမှာ ဖြစ်တယ်။ ငွေကြေးဈေးကွက်က အခြားကုန်ပစ္စည်းတွေရဲ့ ဈေးကွက်နဲ့ အလားတူဖြစ်တယ်။ တစ်ခုတည်းသော ကွဲပြားခြားနားမှုကတော့ ငွေကြေးဈေးကွက်က အခြေခံနိုင်ငံတွေရဲ့ ကိုယ်စားပြုဈေးနှုန်း သတ်မှတ်ရတာဖြစ်တယ်။ မိမိငွေကြေးများများ ပေးရမှ အခြားနိုင်ငံငွေ ကြေးနည်းနည်းသာ ရတာက မိမိငွေကြေး တန်ဖိုးနိမ့်လို့ဖြစ်တယ်။ ယူရိုငွေကို ကြည့်ရင် ဒေါ်လာထက်လည်း တန်ဖိုးမြင့်တယ်။ ဂျပန်ယန်းထက်လည်း တန်ဖိုးမြင့်တယ်။မိမိနိုင်ငံ ငွေကြေးက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ကြည့်ရင် ၁၉၇၇ ခုနှစ်ဝန်းကျင်က မြန်မာငွေ ၃၃ ကျပ်ကို ထိုင်းဘတ် ၁၀၀ နဲ့ ညီခဲ့တယ်။ အခုဆိုရင် မြန်မာငွေ ၁၀၀၀ ကျပ်ကို ထိုင်းဘတ် ၃၀ သာရတော့တာဖြစ်လို့ မြန်မာငွေတန်ဖိုး ဘယ်လောက်ကျသွားသလဲ စဉ်းစားကြည့်ပါ။ ငွေတန်ဖိုးကျသွားတဲ့အတွက် ငွေများများပေးပါမှ ကုန်ပစ္စည်းက အနည်းငယ်သာ ရတော့မှာ ဖြစ်တယ်။ ဒါကြောင့် ငွေကြေးဈေးကွက် သဘောတရားတွေကို သေချာဆန်းစစ်ပြီး ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လုပ်ဆောင်ကြစေဖို့ လိုအပ်မှာဖြစ်တယ်။ ငွေကြေးဈေးကွက် ခိုင်မာစေဖို့ပါ။