ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
Published 31 January 2015
မောင်ဆွေဝင်း (ပဲခူး)

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် ၁၀၀ ပြည့်တော့မည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်နှင့် ပတ်သက်သမျှ ဆောင်းပါးများ၊ မွေးနေ့အကြိုပွဲများကို မြန်မာပြည်အနှံ့ တွေ့နေကြရ ခြင်းဖြစ်သည်။ ယနေ့ခေတ် လူငယ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ယခင်အစိုးရခေတ်က ဂဃနဏ မသိခဲ့ကြရ။ ယခု သိခွင့်ရကြပြီဖြစ်၏။ ဗိုလ်ချုပ်အကြောင်း များစွာထဲတွင် အများသိထားကြသည့် အချက်တစ်ချက်မှာ ဗိုလ်ချုပ်သည် ပြုံးခဲရယ်ခဲသည်။ ရှုတည်တည်နေတတ်သည်။ ဘုကန့်လန့် ပြောတတ်သည်။ လူမှုရေးကို ဂရုစိုတ်တတ်သူမဟုတ် စသောအကြောင်းပင် ဖြစ်သည်။၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် ဆရာဒဂုန်တာရာ ဦးစီးထုတ်ဝေသည့် ‘တာရာ’ မဂ္ဂဇင်းတွင် ‘လူကိုလေ့လာခြင်း’ အမည်ဖြင့် ကဏ္ဍတစ်ရပ်ဖွင့်ကာ ဒဂုန်တာရာက ‘အောင်ဆန်း သို့မဟုတ် အရိုင်း’ ဆောင်းပါးကို ရေးသည်။ အဆိုပါ ဆောင်းပါးထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကို လေ့လာရာ၌ ဤသို့ မှတ်ချက်ပြုခဲ့သည်။“သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲ နေ၏။ သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာလုပ်သော လူတစ်ဦးဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ”ဗိုလ်ချုပ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေး တစ်ခုတည်းကိုသာ စိတ်တွင် အာရုံထင်လျက် မည်သို့မည်ပုံ ရှေ့ဆက်ကြိုးပမ်းရမည်ကို အစဉ်သဖြင့် တွေးတောကြံဆနေသူသာ ဖြစ်သည်ကို ယုံမှားသံသယရှိစရာ လိုမည်မထင်ပါ။ တကယ်တော့ ဗိုလ်ချုပ်သည်လည်း လူသားထဲမှ လူတစ်ယောက်သာ ဖြစ်သည့်အလျောက် အနုပညာကဏ္ဍများ ဖြစ်ကြသည့် ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်၊ သဘင်တို့နှင့် အခါအခွင့်ကြုံတိုင်း ရင်းနှီးခဲ့တာ တွေ့ရမည် ဖြစ်သည်။ ဗိုလ်ချုပ်သည် ခုနစ်တန်းကျောင်းသား ဘဝကပင် ပန်းချီရေးဆွဲခဲ့၏။ ပန်းချီပညာကို ဝါသနာပါကာ ချစ်မြတ်နိုးခဲ့သူလည်း ဖြစ်သည်။ “ကိုအောင်ဆန်း၏ လေ့ကျင့်ခန်း စာအုပ်များကို ယူ၍ကြည့်လျှင် ပန်းချီဝါသနာပါသူ တစ်ယောက်ဟု မှတ်ယူလောက်အောင်ပင် စိတ်ကူးနှင့် ရေးဆွဲထားသည့် ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်းချလျက် မျက်စိမှိတ်နေသည်ဟု ထင်ရသော မိန်းမဦးခေါင်းပုံများကို အများအပြား တွေ့ရမည် ဖြစ်လေသည်” ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သော “ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ” စာအုပ်တွင် ဖော်ပြထားသည်။ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပန်းချီဆရာကြီး ဦးငွေကိုင်အား စစ်ပန်းချီဌာနသို့ ဝင်ရောက်အမှုထမ်းစေခဲ့သည်။ ဗိုလ်ချုပ်သည် ပန်းချီဦးကိုင်၏ ပန်းချီလက်ရာများကို မကြာခဏ ချီးကျူးလေ့ရှိပြီး ဦးငွေကိုင်၏ ပန်းချီလက်ရာများထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာလက်ဆောင် ပန်းချီကားကြီးလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်သည် ပန်းချီဆရာကြီး ဦးဘကြည်ကို မကြာခဏ ချီးကျူးပြီး တလေးတစား ဆက်ဆံလေ့ရှိကြောင်း သိရသည်။ဗိုလ်ချုပ်သည် ဂီတကိုလည်း ချစ်မြတ်နိုသူ ဖြစ်၏။ ဗိုလ်ချုပ်မကျဆုံးမီ ငါးရက်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးခင်ဇော်၊ ဆရာဇော်ဂျီ၊ မောင်ထင်နှင့် မင်းသုဝဏ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန် အဆောက်အအုံ ဝရန်တာ၌ တွေ့ဆုံစကားပြောနေကြစဉ် ဗိုလ်ချုပ်က ‘ဗမာ့အက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်ကလှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟု ပြောကြားခဲ့သည်။၁၉၄၇ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီး ထွက်စဉ်က ဗန်းမော်မှ ကသာသို့ ဧရာဝတီမြစ်ကြောင်းခရီးမှ အသွားတွင် ဘေးဝဲယာ စိမ်းလန်းစိုပြည်နေသော ရှုမျှော်ခင်းများကိုကြည့်ရင်း ဗိုလ်ချုပ်က “လှေကလေးကို လှော်မည်။ ဘေးမသမ်းဘဲ အေးချမ်းတော့မည်” စသည့် အဆိုတော် ဒိုရာသန်းအေး၏ လှေကလေးသီချင်းကို ဆိုခဲ့သည်။ ‘သက်ဝေ’ သီချင်းကိုလည်း မကြာခဏ သီဆိုတတ်သည်။ ဗိုလ်ချုပ် ချစ်ခင်လေးစားသော ဂီတသမားများလည်း ရှိခဲ့ရာ ဂီတစာဆို ရွှေတိုင်ညွန့်၊ ဘိလပ်ပြန်သန်း၊ ဂီတာစိမ်းမောင်၊ မေရှင်တို့ ဖြစ်ကြသည်။ဗိုလ်ချုပ်သည် ရုပ်ရှင်ကိုလည်း ကြိုက်သည်။ မြန်မာ့ရုပ်ရှင်ရော၊ ကမ္ဘာ့ရုပ်ရှင်ကိုပါ အချိန်ရရင် ရသလို ကြည့်ပါသည်။ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ရုပ်ရှင်တွေအပြင် ဒီနေ့ခေတ်မှာ ဒရာမာလို့ ခေါ်နေကြတဲ့ ဇာတ်နုတွေကိုလည်း ကြိုက်နှစ်သက်သူဖြစ်သည်။ စစ်မဖြစ်မီ ရန်ကုန်မြို့မှာပြသွားတဲ့ နိုင်ငံခြား ရုပ်ရှင်ကားတွေ ဖြစ်ကြတဲ့ Rebecca, Gone With the Wind, Lady Hamilton, Waterloo Bridge, The Good Earth စတဲ့ ဇာတ်ကားတွေကို ဗိုလ်ချုပ် အလွန်နှစ်ခြိုက်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ်ဆိုတဲ့အကြောင်း လူသိများပေမယ့် သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရှိခဲ့တာကိုတော့ သိသူနည်းပါသည်။ ထိုဇာတ်ကားအမည်က ‘ဘွိုင်းကော့တား’ (Boycotter) ဖြစ်ပြီး ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်သည်။ ဘွိုင်းကော့တား ဇာတ်ကားထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားကိုအောင်ဆန်းအပြင် ကိုနု (နောင်ဝန်ကြီးချုပ် ဦးနု)၊ ကိုရာရှစ် (နောင်ဝန်ကြီး)နှင့် ကိုထွန်းအုံ (နောင်မြူနီစီပယ်မင်းကြီး)တို့လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးမျှသာ ရှိသေးသည်။ဗိုလ်ချုပ်သည် မြန်မာ့ရုပ်ရှင်များကိုလည်း အားပေးခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အပြင် အနုပညာရှင်များကိုလည်း တလေးတစား ဆက်ဆံတတ်ကြောင်း သိရပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားသမဂ္ဂတွင် တာဝန်ယူစဉ်ကပင် ရုပ်ရှင်ဂီတနှင့် ပြဇာတ်စသော အနုပညာများသည် တိုင်းပြည်ရေးရာနှင့် နိုင်ငံရေး ဗဟုသုတများကို ပြည်သူလူထုထံ ဖြန့်ချိရာတွင် အကောင်းဆုံး လက်နက်ဖြစ်ကြောင်း ခံယူထားသူ ဖြစ်ပါသည်။ကိုးကား(၁) အောင်ဆန်း သို့မဟုတ်  အရိုင်း(ဒဂုန်တာရာ)(၂)ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင် များ (တင်နိုင်တိုး)

Most Read

Most Recent