ရေနံယိုဖိတ်ရင် ဒေါ်လာ တစ်ဘီလျံ

ရေနံယိုဖိတ်ရင် ဒေါ်လာ တစ်ဘီလျံ
Published 30 January 2015
ရေကြောင်းပဏ္ဍိတ် (ကြယ်ငါးပွင့်)

မြန်မာစကားမှာ ‘ရေအဆုံး ကုန်းတစ်ဝက်’ ဆိုတာကို မကြာခဏ ပြောဆိုကြပါတယ်။ ဒါကြောင့် ပင်လယ်ထဲကို သွားတဲ့လူ သင်္ဘောနဲ့ ကုန်ပစ္စည်းတွေကို အဆုံးရှုံး မခံရအောင် အာမခံ ထားကြရပါတယ်။ ဒါကြောင့် ပင်လယ်ရေကြောင်း အာမခံလုပ်ငန်း (Marine Insurance) ဟာ နိုင်ငံတကာမှာ မရှိမဖြစ် လိုအပ်လာပါတယ်။ ပင်လယ်ရေကြောင်း အာမခံမှာ အခြေခံအားဖြင့် သုံးမျိုးရှိတဲ့ အထဲက ရေနံယိုဖိတ်မှုနှင့် ပတ်သက်တဲ့ အာမခံ Protection and Indemnity Mutual Insurance အကြောင်းကို ပြောချင်ပါတယ်။Protection and Indemnity Mutual InsuranceProtection and Indemnity Mutual Insurance လို့ခေါ်တဲ့ အာမခံလုပ်ငန်းကတော့ တခြားအာမခံတွေနဲ့ လုံးဝမတူတဲ့ အာမခံ အမျိုးအစားဖြစ်ပြီး အထူးအရေးကြီးပါတယ်။ အများအားဖြင့် P&I Club, P and I, Third-Party Insurance စတဲ့နာမည်တွေနဲ့ အသိများတဲ့ ဒီအာမခံဟာ သမဝါယမအသင်း သဘောနဲ့ သင်္ဘောပိုင်ရှင်တွေ အစုစပ်ထည့်ဝင် ဖွဲ့စည်းထာတဲ့ အမြတ်မယူသော (Non Profit-making Insurance) အဖွဲ့အစည်း ဖြစ်ပါတယ်။ P&I  အာမခံဟာ သူတစ်ပါး ထိခိုက်မှုအာမခံ (Third-Party Liability Insurance) ဖြစ်ပါတယ်။ သင်္ဘောပိုင်ရှင် တစ်ယောက်က သူ့သင်္ဘောရဲ့ လုပ်ငန်းလည်ပတ်မှုကနေ ပေါ်ပေါက်လာတဲ့၊ တတိယအဖွဲ့အစည်း (Third Party) တွေအပေါ် ဥပဒေကြောင်းအရ လည်းကောင်း၊ စာချုပ်စာတမ်းအရ လည်းကောင်း ပေးလျော်ရန်ရှိတဲ့ ဒဏ်ငွေနဲ့ လျော်ကြေး (Legal Liabilities and Contractual Liabilities) တွေကို တာဝန်ယူပေးလျော်ပါတယ်။ သင်္ဘောပိုင်ရှင်တွေရဲ့ ဥပဒေ အကျိုးဆောင် အဖြစ်နဲ့လည်း ဆောင်ရွက်ပေးပါတယ်။ သင်္ဘောပိုင်ရှင် တစ်ယောက်အတွက် စားစရာ မရှိခဲ့ရင်တောင် လျော်စရာအတွက် ပူပင်စရာ မလိုတော့တဲ့ အာမခံမျိုးဖြစ်တာကြောင့် မရှိမဖြစ် ထားကြရတဲ့ အာမခံဖြစ်ပါတယ်။P&I ClubP&I Club ဟာ တခြားဘယ်သူ့ကိုမျှ တာဝန်မခံဘဲ အဖွဲ့ဝင် သင်္ဘောပိုင်ရှင်တွေကိုသာ တာဝန်ခံပါတယ်။ တခြားအာမခံ အမျိုးအစားတွေလို Premium မကောက်ပေမယ့် နှစ်စဉ်ထည့်ဝင်ငွေ Calls တွေ ကောက်ခံပါတယ်။ ကုန်ကျစရိတ်တွေ နုတ်ပြီး လိုငွေပေါ်ပေါက်နေပါက သင်္ဘောပိုင်ရှင်များမှ အချိုးကျ Calls များ ထပ်မံထည့်ဝင်ရခြင်း၊ ပိုငွေများရှိပါက အချိုးကျ ပြန်လည်ထုတ်ပေးခြင်း၊ ဒါမှမဟုတ် နောင်နှစ် Calls ကို လျှော့ပေါ့ကောက်ခံခြင်း ပြုလုပ်ပါတယ်။
Alaska မှာ နှစ်ပေါင်း ၂၅ နှစ်တိုင်အောင် ငွေကြေးမြောက်မြားစွာ အကုန်ခံပြီး သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ခဲ့ပေမယ့် သဘာဝပတ်ဝန်းကျင်ဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့အကြောင်း CNN က ၂၀၁၄ နှစ်လယ်ပိုင်းလောက်က ထုတ်လွှင့်ပြသသွားခဲ့ပါတယ် . . . . .

P&I Club ရဲ့ ကိစ္စအ၀၀ကို တာဝန်ယူ စီမံခန့်ခွဲဖို့အတွက် ကျွမ်းကျင်တဲ့ Management အဖွဲ့အစည်းကို ခန့်ထားပြီး လုပ်ငန်းတွေကို လည်ပတ်စေပါတယ်။ Management လုပ်တဲ့ အဖွဲ့အစည်းမှာ၊ ရေကြောင်းဥပဒေ ပညာရှင်များ (Maritime  Lawyers)၊ ရေကြောင်းအာမခံ ပညာရှင်များ၊ အတွေ့အကြုံရင့် သင်္ဘောကပ္ပတိန်နှင့် အင်ဂျင်နီယာမှူးများ၊ ရေယာဉ်ဗိသုကာများ (Naval Architects) နဲ့ အခြားထိပ်တန်း ပညာရှင်တွေကို ခန့်ထားပြီး ကမ္ဘာအနှံ့အပြားမှာ ကိုယ်စားလှယ်ရုံးတွေဖွင့်ပြီး လုပ်ငန်းဆောင်ရွက်ကြပါတယ်။  International Group of P&I Clubs (I.G.)ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို အဓိက ဆောင်ရွက်တဲ့ နိုင်ငံတွေမှာ P&I Club တွေ ဖွဲ့စည်းတည်ထောင်ထားပြီး ဂုဏ်သိက္ခာရှိတဲ့ P&I Club တွေ စုပေါင်းထားတဲ့ ကမ္ဘာ့ပင်လယ်ရေကြောင်း လောကမှာ သြဇာရှိတဲ့ International Group of P&I Clubs (I.G.) ဆိုတဲ့ အဖွဲ့ကိုလည်း လန်ဒန်မြို့မှာ အခြေစိုက် ဖွဲ့စည်းထားပါတယ်။ IG အဖွဲ့ဝင် P&I Club များမှာ American Steamship Owners Mutual Protection and Indemnity Association, Inc., Assurance foreningen Skuld, Gard P&I (Bermuda) Ltd., The Britannia Steam Ship Insurance Association Limited, The Japan Ship Owners' Mutual Protection & Indemnity Association, The London Steam-Ship Owners' Mutual Insurance Association Limited, The North of England Protecting & Indemnity Association Limited,The Shipowners' Mutual Protection & Indemnity Association (Luxembourg), The Standard Club Ltd, The Steamship Mutual Underwriting Association (Bermuda) Limited, The Swedish Club, United Kingdom Mutual Steam Ship Assurance Association (Bermuda) Limited, The West of England Ship Owners Mutual Insurance Association (Luxembourg) တို့ဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း P&I Club များစွာရှိပြီး ဂုဏ်သိက္ခာရှိပြီး မှန်မှန်ကန်ကန် လုပ်ငန်းဆောင်ရွက်တဲ့ အဖွဲ့ရှိသလို သာမန် မထင်မရှား P&I Club တွေလည်း ရှိပါတယ်။ရေနံယိုဖိတ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုအတွက် ပေးရန်ရှိသော လျော်ကြေးနှင့် ဒဏ်ငွေများLegal Liabilities တွေထဲက ရေနံယိုဖိတ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုအတွက် ပေးရန်ရှိသော လျော်ကြေးနှင့် ဒဏ်ငွေများ (Liabilities arising from Marine Oil Pollution) အကြောင်းကို ပြောပြပါရစေ။ရေနံဓာတု ပစ္စည်းများကြောင့် ရေထုညစ်ညမ်းမှု (Liabilities arising from Marine Oil Pollution) နဲ့ ပတ်သက်ပြီး ပြောရရင် သင်္ဘောပိုင်ရှင်မှာ တာဝန်ရှိပါတယ်။ I.G အဖွဲ့ဝင်နဲ့ အဖွဲ့ဝင်မဟုတ်တဲ့ P&I Club တချို့ဟာ ရေနံယိုဖိတ်မှုအတွက် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလျံ (US$1,000,000,000) အာမခံကြပါတယ်။   ကုန်းမြေပေါ်မှာ ရေနံများ ယိုဖိတ်မှု ကြီးမားခဲ့ရင် Excavator များသုံးပြီး အရေးပေါ်ဆည်များ (Makeshift earth dams) တူးဖော်ပေးပါက ရေနံတွေကို ပြန်ပြီး ဆယ်ယူနိုင်သလို ပျံ့နှံ့မှု ထိန်းချုပ်ရလွယ်ကူပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းပါးပါတယ်။ ပင်လယ်ပြင်နဲ့ ဆိပ်ကမ်းတွေမှာ ရေနံယိုဖိတ်ခဲ့ရင်တော့ အစစအရာရာ အဆင်သင့် ပြင်ဆင်ထားခဲ့တာတောင်မှ ထိန်းချုပ်ဖို့ အလွန်ခက်ခဲပြီး ထိခိုက်ပျက်စီးမှုလည်း အလွန်ကြီးမားလှပါတယ်။၂၄-၃-၁၉၈၉ နေ့က Alaska ကျွန်းဆွယ် Prince William Sound ကျောက်တန်းပေါ်မှာ ရေနံစိမ်းတန်ချိန် ၂၀၀,၀၀၀ ကျော် တင်ဆောင်နိုင်တဲ့ Exxon Valdez သင်္ဘောဟာ မောင်းနှင်သူတွေရဲ့ Navigational Error ကြောင့် သောင်တင်ပြီး ခန့်မှန်းခြေ ရေနံစိမ်းစည်ပေါင်း ၇၅၀,၀၀၀ ခန့် (တန်ချိန်အားဖြင့် တစ်သိန်းကျော်) အထိ ယိုဖိတ်မှုဟာ ကမ္ဘာ့ရေကြောင်းသမိုင်းမှာ မှတ်တမ်းဝင် သက်သေအထင်အရှား ဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့် Alaska မှာ နှစ်ပေါင်း ၂၅ နှစ်တိုင်အောင် ငွေကြေးမြောက်မြားစွာ အကုန်ခံပြီး သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ခဲ့ပေမယ့် သဘာဝပတ်ဝန်းကျင်ဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့အကြောင်း CNN က ၂၀၁၄ နှစ်လယ်ပိုင်းလောက်က ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။ အဲဒီသင်္ဘောရဲ့ပိုင်ရှင် EXXON ရေနံကုမ္ပဏီက ရာဇဝတ်ပြစ်မှု၊ တရားမမှု၊ ဒေသခံတွေအတွက် နစ်နာကြေးနဲ့ ယိုဖိတ်တဲ့ ရေနံစိမ်းတွေ ရှင်းလင်းစရိတ် အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးဘီလျံနီးပါး ပေးလျော်ခဲ့ရပါတယ်။နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) က ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဟာ 15 ppm (15-part per million) ထက်ပိုများရင် ရေထုညစ်ညမ်းမှု ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ရေနံစိမ်းဟာ အကြမ်းအားဖြင့် သိပ်သည်းဆ (SG-0.8) ရှိပြီး ပင်လယ်ရေရဲ့ သိပ်သည်းဆ (SG-1.025) ရှိတာကြောင့် ပင်လယ်ရေမျက်နှာပြင် အပေါ်ယံမှာ ပျံ့နှံ့နေပြီး ပင်လယ်ရေစီးကြောင်း၊ ဒီရေအတက်အကျနဲ့ လေတိုက်နှုန်းတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ မိုင်ပေါင်း ရာနဲ့ချီပြီး ပျံ့နှံ့နိုင်ပါတယ်။ရေနံစိမ်းတွေ ပင်လယ်ထဲကို ယိုဖိတ်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးရေနံစိမ်းတွေ ပင်လယ်ထဲကို ယိုဖိတ်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့(က) ကမ်းခြေသဲသောင်ပြင်တွေကို ရေနံစိမ်းတွေ ဖုံးအုပ်သွားတဲ့အတွက် ခရီးသွားလုပ်ငန်း (Tourism Industry) ပျက်စီးသွားခြင်း၊(ခ) ပင်လယ်နေ ငါးပုစွန်တွေ၊ ငှက်တွေနဲ့ တခြားသတ္တဝါတွေ သေကျေပျက်စီးတာကြောင့် ငါးဖမ်းလုပ်ငန်း (Fishing Industry) ပျက်စီးသွားခြင်းနဲ့အတူ စားသုံးကုန်တွေ ဈေးကြီးမြင့်လာခြင်းအပြင် ငါးပုဇွန် တင်ပို့မှု (Seafood Export) ကျဆင်းခြင်း၊(ဂ) ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်မှု (Livelihood of the Populace) တွေ ပျက်စီးခြင်း အစရှိတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)ဆောင်းပါးဒုတိယပိုင်း
ရေနံယိုဖိတ်ရင် ဒေါ်လာ တစ်ဘီလျံ 

Most Read

Most Recent