SMEs လုပ်ငန်းများကို ချေးရန် JICA က ဒေါ်လာသန်း ၄၀ ကို two-steps loan ဖြင့် မတ်လတွင် စတင်ချေးမည်

SMEs လုပ်ငန်းများကို ချေးရန် JICA က ဒေါ်လာသန်း ၄၀ ကို two-steps loan ဖြင့် မတ်လတွင် စတင်ချေးမည်
Published 30 January 2015
သက်ထား၊ အေးမြတ်မွန်

ပြည်တွင်းရှိ အသေးစားအလတ်စား လုပ်ငန်းများ (SMEs) ကို JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) က အမေရိကန်ဒေါ်လာ သန်း ၄ဝ ကို ၂ဝ၁၅ မတ်လတွင် စတင်ထုတ်ချေး သွားမည်ဖြစ်ကြောင်း ၂ဝ၁၅ ဇန်နဝါရီ ၃ဝ ရက် ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ ပြုလုပ်သည့် SME Business Seminar မှသိရသည်။
ယင်းသို့ချေးငွေ ထုတ်ချေးရာတွင် two- steps loan ဖြင့်ထုတ်ချေးသွားမည်ဖြစ်ကာ JICA မှအစိုးရသို့လည်းကောင်း၊ အစိုးရမှတစ်ဆင့် ပြည်တွင်းဘဏ်များသို့လည်းကောင်း၊ ယင်းနောက် အသေးစားအလတ်စား လုပ်ငန်းရှင်များသို့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားအလတ်စား လုပ်ငန်းတွေတိုးတက်ဖို့ JICA အနေနဲ့ လုပ်နေတာက ငွေထုတ်ချေးသွားဖို့ ရှိပါတယ်။ ဒီနှစ်မတ်လမှာ ထုတ်ချေးမှာဖြစ်ပြီး ဂျပန်ယန်း ငါးဘီလျံ၊ အမေရိကန်ဒေါ်လာ အနေနဲ့တွက်ရင် ဒေါ်လာ သန်း ၄ဝ ချေးပေးမှာဖြစ်ပါတယ်။ ဒါကတော့ ငွေကြေးအပိုင်း ကဏ္ဍကနေ ကူညီတာဖြစ်ပြီး Human Resource နဲ့ပတ်သက်ပြီးလည်း သင်တန်းပေးနေတာတွေ ရှိပါတယ်” ဟု JICA Myanmar Office   မှတာဝန်ရှိသူ တစ်ဦးဖြစ်သည့် Mr.Hisao Ando က ပြောကြားသည်။
ယင်းသို့ချေးငွေထုတ်ချေးခြင်းကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) ဘဏ်မှတစ်ဆင့်လည်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စင်ကာပူနိုင်ငံ Private Financial Institution မှ အမေရိကန်ဒေါ်လာသန်း ၂ဝ၊ ဗီယက်နမ်နိုင်ငံ Bank for Investment and Development of Vietnam (BIDV) မှ အမေရိကန်ဒေါ်လာသန်း ၃ဝ တို့ကို တိုက်ရိုက်ချေးငွေ (Direct Loan) အနေဖြင့် ချေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
SMEs ချေးငွေများကိုမူ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ချေးပေးမည်ဖြစ်ကာ Commercial loan အတွက်ကိုမူ အတိုးနှုန်း ၁၂ ကျပ်ဖြင့် ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချေးယူမည့် အသေးစားအလတ်စား လုပ်ငန်းရှင်များအနေဖြင့် မရွှေ့မပြောင်းနိုင်သည့် အပေါင်ပစ္စည်းတင်ပြရန် လိုအပ်ကာ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရ၏ ထောက်ခံချက် လိုအပ်ကြောင်းလည်း သိရသည်။
၂ဝ၁၃ ခုနှစ်တွင် SMIDB ဘဏ်က အစိုးရမှချထားပေးသည့် ငွေကျပ်ဘီလျံ ၁ဝ ကို အသေးစား အလတ်စား လုပ်ငန်းရှင် ၆၂ ဦးကို ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ကျပ် ငွေ ၂ဝ ဘီလျံအထိ တိုးချဲ့ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၁၂ဝဝဝဝ ကျော်ရှိနေပြီး မြန်မာ့စီးပွားရေး လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။   
 
 

Most Read

Most Recent