ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် ပြင်ဆင်မည့် စီမံကိန်းကို စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွားရမည့် နောက်ဆုံးရက်အထိ နိုင်ငံတကာ ကုမ္ပဏီများ အပါအဝင် မည်သည့်ကုမ္ပဏီမှ လာရောက်တင်သွင်းခြင်း မရှိကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ သိရသည်။ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ် အစရှိသည့် ဒေသတွင်းနိုင်ငံများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ လာရောက်ထုတ်ယူခြင်း ပြည်တွင်းကုမ္ပဏီများမှ လာရောက်ထုတ်ယူခြင်း စုစုပေါင်းစိတ်ဝင်စားမှု အဆိုပြုလွှာ အစောင် ၁၆၀ ထုတ်ပေးခဲ့သော်လည်း မည့်သည့်အဖွဲ့အစည်း၊ ကုမ္ပဏီမှ လာရောက်တင်သွင်းခြင်း မရှိကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းထံမှ သိရသည်။ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက “ဒီကိစ္စတွေက ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းပြီး လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်ကတော့ ဘယ်လိုမှ မလောက်နိုင်ဘူး။ ဒါပေမဲ့ အခုချိန်ထိကို မည့်သည့်ကုမ္ပဏီကမှ လာရောက်တင်သွင်းခြင်း မရှိဘူး” ဟု ဇန်နဝါရီ ၃၀ ရက်က ပြောကြားသည်။ယင်းစီမံကိန်းမှာ ဒေါ်လာဘီလျံနှင့်ချီ ကုန်ကျမည် ဖြစ်သောကြောင့် ပြည်ပလုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းမှ လုပ်ငန်းရှင်များမှလည်း ပါဝင်လုပ်ဆောင်ရန် ချင့်ချိန်နေကြခြင်းလည်း ဖြစ်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွားအဖြစ် ဖောက်လုပ်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမည့်သူများအား ခေါ်ယူမှုကို ဒီဇင်ဘာလအတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။BOT(Build Operate Transfer) စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့် အကောင်အထည် ဖော်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။၃၆၆ မိုင် ၃ ဖာလုံရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာတွင် ကတ္တရာကွန်ကရစ်လမ်း၊ Guard Rail နှင့် CCTV တပ်ဆင်ခြင်း၊ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် ခြံစည်းရိုးအပြည့် ကာရံခြင်း၊ ကျေးရွာခြင်းဆက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။လုပ်ကိုင်မည့် ပြည်တွင်း၊ ပြည်ပနှင့် ဖက်စပ်ကုမ္ပဏီများ အနေဖြင့် ဇန်နဝါရီ ၅ ရက်မှ စတင်ကာ တင်သွင်းလုပ်ကိုင်နိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အမြန်လမ်းမကြီး၏ နယ်နမိတ်အတွင်း နေထိုင်၊ ဈေးရောင်းချသူများကို ဥပဒေအရ ဖယ်ရှားမှုပြုလုပ်ရန် စီစဉ်နေပြီး အမြန်လမ်းမကြီး ရှစ်လမ်းသွားအဖြစ် အကောင်အထည်မဖော်မီ ဖယ်ရှားမှုပြုလုပ်မည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် အမေရိကန်နှင့် ဂျပန်နိုင်ငံများမှ လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ စမ်းသပ်မှုများ မပြီးသေးကြောင်း၊ အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများ ရရှိနိုင်ရန်လည်း ဆွေးနွေးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၁၃၊ ၂၀၁၄ တွင် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် လူရာချီ သေဆုံးမှုများ ရှိခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရှစ်လမ်းသွားပြင်ဆင်မည့် စီမံကိန်းအတွက် တင်ဒါခေါ်ယူထားရာ တင်ဒါနောက်ဆုံးရက်အထိ မည်သည့်ကုမ္ပဏီမှ လာရောက်တင်သွင်းခြင်း မရှိ