သတင်းကောင်းလား၊ ထောင်ချောက်လား

သတင်းကောင်းလား၊ ထောင်ချောက်လား
Published 29 January 2015
ဒေါက်တာရန်မျိုးသိမ်း

တိုင်းရင်းသားပြည်သူလူထုသည် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို အကောင်းဘက်သို့ ဆောလျင်စွာပြောင်းလဲရောက်ရှိနိုင်ရေး စိတ်အားထက်သန်လျက် ရှိသည်။ အရှေ့တောင်အာရှဒေသ၏ အဆင်းရဲ၊ အမွဲတေဆုံး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် တုံ့ဆိုင်းအုံ့မှိုင်းနေမည်ဆိုလျှင် စီးပွားရေးအပြောင်းအလဲနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလှမ်းဝေးပြီး အပြောင်းအလဲသည် လူထုအတွက် မဖြစ် လူတစ်စုအတွက်သာ ဖြစ်နေမည်။ ပြု ပြင်ပြောင်းလဲရေးနှင့် ဆက်စပ်သော သတင်းကောင်းများသည်သာ လူထုကို ဆင်းရဲမွဲတေမှုနွံမှ ကယ်ထုတ်နိုင်မည်ဖြစ်ပြီး၊ ထောင်ချောက်များသည် လူထု၏ ဆင်းရဲမွဲတေမှုကို ပိုမိုနစ်မွန်းစေမည် ဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ကို ပြင်ဆင်ရန် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၄) နှင့်အညီ မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၅) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏  ရာခိုင်နှုန်း ၂ဝ က တင်ပြလာလျှင် အဆိုပါဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်။ထို့ကြောင့် ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းပြီးသည်နှင့် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရန် အဆင်သင့်ဖြစ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းတွင် ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ရန် ထည့်သွင်းထားသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းတွင် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)တို့ကို ပြင်ဆင်ရန် ထည့်သွင်းခြင်းအပေါ် သတင်းကောင်းဟု ယူဆသူများရှိသည့်နည်းတူ သတိကြီးကြီးထား စောင့်ကြည့်သူများလည်း ရှိနေသည်။ မဲပေးပိုင်ခွင့်ရှိသူ ငါးသန်းခန့်က လက်မှတ်ရေးထိုးလျက် ပြင်ဆင်ရန် အဆိုပြုထားသော ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရွေးချယ် တင်မြှေက်ခံပိုင်ခွင့်နှင့် ဆက်စပ်နေသော ပုဒ်မ ၅၉ (စ) တို့ကို ပြင်ဆင်နိုင်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းခြင်းသည် အပြင်ပန်းအားဖြင့် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ အဆိုပါ ပုဒ်မနှစ်ခု ပြင်ဆင်ရေးကို မြန်မာပြည်သူလူထုသာမက အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ဝင်စားနေသည့်အလျောက် ပုဒ်မနှစ်ခုပြင်ဆင်ရေးကို ဥပဒေကြမ်းတွင် ထည့်သွင်းခဲ့ခြင်းအပေါ် နိုင်ငံတကာ၏ ကောင်းချီးပေးသံများ၊ ကြိုဆိုသံများနှင့် အကောင်းဘက်ဦးတည်သည့် ခြေလှမ်းများအဖြစ် ကောက်ချက်ပြုသံများ ကျယ်လောင်လာနိုင်ခြေရှိသည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့ကို မူလအတိုင်းထားရှိရန် တင်းတင်းကျပ်ကျပ် အဆိုပြုခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင်း အစီရင်ခံစာအပေါ် ဆွေးနွေးမှုများတွင် သာမက၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ကို မူလအတိုင်းထားရှိရန် အကြံပြု၊ဆွေးနွေးခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဠာန်းချက်များအရ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့ကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူထက် ဝက်ကျော်က ထောက်ခံရမည် ဖြစ်သည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ ကနဦးထောက်ခံချက်ကို ရရှိနိုင်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲသည် အဆုံးအဖြတ်ဖြစ်လာသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုကြောင်း တူးတူးခါးခါး ငြင်းဆန်နေသည့်အချိန်တွင် အာဏာရပါတီအနေဖြင့် အဆိုပါပုဒ်မများ ပြင်ဆင်ရေးကို ဥပဒေမူကြမ်း၌ ထည့်သွင်းခြင်းသည် ထူးထူးဆန်းဆန်း ခံစားမှုတစ်ခုကို ရရှိစေသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းနှင့် သံတူကြောင်းကွဲ နိုင်ငံရေးဖြစ်စဉ်တစ်ခုမှာ ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပင် ဖြစ်သည်။ ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်းအချို့၏သဘောထားများအား ရယူလျက် ရေးဆွဲပြီး၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။ ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်းတွင် လူပြောသူပြောများနေသော ကန့်ကွက်ရှုတ်ချမှုများခံနေရသော ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် ပြဠာန်းချက်လည်း ပါဝင်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းအပေါ် ဆွေးနွေးပြီး ဆန္ဒမဲခွဲဆုံး ဖြတ်ခဲ့သောအခါ ပုဒ်မ ၁၈ ပယ်ဖျက်ရေးကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရာတွင် ပုဒ်မ ၁၈ ကို ပယ်ဖျက်မည့်အယောင်ပြပြီး မူလအတိုင်းထားရှိခဲ့သည့် ပုံစံတူ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) တို့ကိုလည်း ကျင့်သုံးနိုင်ခြေ မြင့်မားသည်။ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထဲတွင် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ပြင်ဆင်လိုသော အစုအဖွဲ့များ၊ အစိတ်အပိုင်းများရှိနေကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအတိုက်အခံများထံ သွယ်ဝိုက်သတင်းစကား ပါးလိုရင်းလည်းဖြစ်နိုင်သည်။ပြည်ထောင်စုလွှတ်တော်နာယကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းတွင် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)တို့ကို ထည့်သွင်းခြင်းဖြင့် လူထုခေါင်းဆောင်၊ အတိုက်အခံနိုင်ငံရေးပါတီ၊ နိုင်ငံရေးအတိုက်အခံတို့နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ယုံကြည်မှုနှင့် နားလည်မှုပိုမိုရရှိအောင် ဗျူ ဟာမြောက်လမ်းထွင်ခြင်းလည်း ဖြစ်နိုင်သည်ကို ထည့်သွင်းတွက်ချက်သင့်သည်။ ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့် ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ တို့ကို ဥပဒေကြမ်းတွင် ပါရှိအောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်၏ အပြီးသတ်အဆုံးအဖြတ်ကို ရယူရာတွင် ကိုယ်စားလှယ် လေးပုံသုံးပုံကျော်၏ ထောက်ခံမှုကို မရရှိသဖြင့် ပြင်ဆင်ရန် ဆန္ဒပြင်းပြလင့်ကစား လက်လျှော့လိုက်ရသည့်အသွင် နောက်ဆုံးအချိန်အထိ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်အသွင် ဗျူဟာဆင်လာနိုင်သည်ကိုလည်း မျက်ခြည်မပြတ်သင့်ပါ။သို့ဖြစ်ပါသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းတွင် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)တို့ ပါရှိခြင်းသည် သတင်းကောင်းဖြစ်ဖို့ထက် ထောင်ချောက်ဖြစ်ဖို့ဘက် ပိုများနေသည်ဟု အရှိအတိုင်း သုံးသပ်လိုပါသည်။ အစိုးရအကြီးအကဲများနှင့် လွှတ်တော် ထိပ်တန်းခေါင်းဆောင်များသည် ပြည်ခိုင်ဖြိုးပါတီ၏ ခေါင်းဆောင်ဟောင်းများနှင့် လက်ရှိခေါင်းဆောင်များဖြစ်ပြီး၊ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ကြီးကြီးမားမားရှိနိုင်ခြေ နည်းပါးသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ သတင်းကောင်းလား၊ ထောင်ချောက်လားကို ခွဲခြမ်းစိတ်ဖြာရာတွင် ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းခြင်းအပေါ် တိုးတက်မှုဆီ ဦးတည်သောခြေလှမ်းသတင်းကောင်းစသဖြင့် အကောင်းမြင် သုံးသပ်မစောကြရန် တိုက်တွန်းလိုပါသည်။ နိုင်ငံရေးပရိယာယ်ဆင်ခြင်း၊ နိုင်ငံရေးလှည့်ကွက်ဆင်ခြင်းနှင့်အတူ နိုင်ငံရေးအရ သနပ်ခါးလိမ်း ပန်းပန်ခြင်းလည်းဖြစ်နိုင်သည်မှာ ပကတိအနေအထား ဖြစ်သည်။ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)တို့နှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အကြံပြုသည့် မူလအတိုင်းထားရှိရေးအဆုံးအဖြတ် အကောင်အထည်ပေါ်လာပါက နိုင်ငံရေးအတိုက်အခံများအနေဖြင့် ပုဒ်မ ၄၃၆ ကို လုံးလုံးမပြင်ဆင်နိုင်သည့်အခြေအနေအလွန် အတိုက်အခံနိုင်ငံရေးအခင်းအကျင်းကို စဉ်းစားသုံးသပ် ပြင်ဆင်သင့်ပါကြောင်း တိုက်တွန်းဆော်ဩလိုက်ရပါသည်။

Most Read

Most Recent