ရန်ကုန်လိုမြို့ ကြီးများကို ကာကွယ်စောင့်ရှောက်ကြပါစို့

ရန်ကုန်လိုမြို့ ကြီးများကို ကာကွယ်စောင့်ရှောက်ကြပါစို့
Published 29 January 2015
ဒေါက်တာခင်မောင်ညို

“ယာစုခုနိဗိမာန် ဂါရဝပြုမှုကြောင့် တရုတ်-ဂျပန်တင်းမာမှု လောင်မြိုက် ကြီးထွား” ဟူသော ခေါင်းစဉ်ဖြင့် ရေးထားသော ဆောင်းပါးကို ကြည့်ပြီး သားဖြစ်သူက-     
 
“အဖေစဉ်းစားကြည့်လေ။ ယာစုခုနိက တိုကျိုမြို့လယ်မှာရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးမှာတဲ့ ကြံကြံဖန်ဖန်” ဟု ပြောသည်။
 
ယာစုခုနိဗိမာန်သည် စစ်အကြမ်းဖက်ခေါင်းဆောင်များ ကဗ္ပည်းတင်ထားရှိသော ဘုရားကျောင်း ဖြစ်သည်။ ဒါကို ဂျပန်အစိုးရအဖွဲ့ဝင်များ ဂုဏ်ပြုသည့်အတွက် တရုတ်တို့က မကျေနပ်ကြပါ။ တရုတ်အစွန်းရောက်သူများက သူတို့အိမ်သာတွေမှာ ယာစုခုနိဗိမာန်ဟု စာတန်းတွေ ထိုးလာကြသည်။ ဘလော့တွေကလည်း လှုံ့ဆော်သည်။
 
ပဋိပက္ခများကို ကြီးထွားအောင် ဆောင်ရွက်ခြင်းသည် လူ့ဘောင်ကို ဖျက်ဆီးခြင်းဟု သဘောပေါက်ကြသည်။ တစ်ချိန်က မှားသူများကို ကျေနပ်ခွင့်လွှတ်ရမည်ဟုတော့ မဆိုလိုပါ။ အမှားတွေကို ထပ်မံကြီးထွားစေရန် မသင့်ပါ။ 
ငြိမ်းချမ်းနေသည့်လူ့ဘောင်ကို မဖျက်ဆီးဖို့လိုသည်ဟူသော အချက်များကို ကျွန်တော် သဘောကျသည်။ ကျွန်တော်ဖတ်ပြီး ကောက်ချက်နှင့် သားဖတ်၍ တွေ့သွားသော ကောက်ချက်က မတူပါ။
 
“ဘာလို့ သားမမှန်ဘူလို့ထင်တာလဲ”
 
“တိုကျိုမှာ လူဦးရေ ဘယ်လောက်ရှိလဲ”
 
“တိုကျိုဟာ  မဂ္ဂါစစ်တီးလို့ခေါ်တဲ့ လူဦးရေထူထပ်တဲ့ မြို့တော်ပါ သား။ နေ့ဖက် အနီးပတ်ဝန်းကျင်ကလာတဲ့လူတွေပါ ပေါင်းလိုက်ရင် လူဦးရေသန်း ၄ဝ ကျော် ရှိတယ်”
 
“ကျွန်တော်တို့ ၉ဝ ပြည့်နှစ်တွေက မြန်မာပြည်လူဦးရေလောက် ရှိတာပဲ”
 
“ဟုတ်တယ်သား။ ခုဆို ပိုပြီးတိုးလာမှာပေါ့”
 
“တိုကျိုဟာ မြန်မာပြည်လောက်ကြီးလား အဖေ”
 
“ဘယ်ကြီးပါ့မလဲ၊ တိုကျိုဟာမြို့ပဲလေ။  စင်ကာပူထက်တော့ ကြီးတာပေါ့”
 
“ဒါဆိုရင် လူဦးရေ ခြောက်သန်းလောက်ရှိတဲ့ ရန်ကုန်မြို့လယ်မှာတောင် ဆိတ်ငြိမ်ရပ်ကွက်မှ မရှိတာပဲ၊ တိုကျိုလို ဒီလောက်လူဦးရေ ထူထပ်တဲ့မြို့ ဘယ်လိုလုပ်ပြီး ဆိတ်ငြိမ်ရပ်ကွက် ရှိမှာလဲ။ အထူးသဖြင့် မြို့လယ်မှာဆိုတော့”
 
“ဒါက မင်းထင်တာကိုး၊ တိုကျိုမြို့လယ်မှာ တောသဘာဝအတိုင်းတောတွေ ရှိသေးတယ်။ အချို့နေရာတွေမှာ ကန်တွေ၊ ပန်းခြံတွေနဲ့ သဘာဝအတိုင်း တည်နေဖို့ထိန်းသိမ်းထားတဲ့နေရာတွေ တကယ့်ကိုရှိတယ်”
 
“မယုံနိုင်စရာပဲ”
 
ထိုစဉ် အိမ်ရှေ့မှာ ဘဲလ်သံကြားရသည်။
 
“သား၊ တံခါးသွားဖွင့်ပါဦး”
 
သားတံခါးဖွင့်တော့ ကျွန်တော့်မိတ်ဆွေ ဆရာမျိုး အခန်းထဲ ဝင်ရောက်လာသည်။
 
“ဟာ ဆရာမျိုးပါလား။ အတော်ပဲ သားကမေးနေတယ်။ တိုကျိုမှာ သဘာဝအတိုင်း ထိန်းထားတဲ့နေရာတွေ ရှိတယ်။ ဆိတ်ငြိမ်ရပ်ကွက်တွေ ရှိတယ်ဆိုတာ သားကမယုံဘူး”
 
“ဒါကတော့ ဒီလိုရှိတယ်လေ။ ကျွန်တော်တို့က ရှိသမျှမြေကွက်တွေကို တိုက်ဆောက်။ ကွန်ကရစ်တွေ ခင်းကြတာကိုး။ တလောက ကျွန် တော် တောင်ကြီးမြို့ကို ရောက်သွားတယ်။ တကယ့်ကို တောင်ပေါ်မြို့ဟာ ကွန်ကရစ်မြို့တော် ဖြစ်နေတယ်”
 
“ဘာ ကွန်ကရစ်မြို့တော် ဟုတ်လား”
 
“ဟုတ်ပါတယ်။ သူတို့ဟာ ကွန်ကရစ်ခင်းပြီး နေရတာကို သဘောကျတယ် ထင်ပါရဲ့။ အဲဒီအရပ်မှာ အပင်တွေ မရှိသလောက် ရှားကုန်ပြီ”
 
“ဒါတွေဟာ ၂ဝ၁၁ ခုနှစ်မှာ အင်းလေးကန် ရေခန်းတာတွေနဲ့ဆိုင်နေမလားပဲ”
 
“ဟုတ်မှာပေါ့။ နိုင်ငံအများကတော့ ဒီလိုပဲ မြို့လည်ကောင်မှာ တောသဘာဝလိုဖြစ်အောင် ထိန်းထားတဲ့နေရာတွေ ရှိတယ်။ ဥပမာကွာ လန်ဒန်မြို့လယ်တို့မှာ တောအုပ်လေးတွေ ထားတယ်။ ကျွန်တော်တို့ရောက်တဲ့ မြို့တော်တော်များများမှာ သဘာဝအတိုင်းထားတဲ့ ဥယျာဉ်တွေ ရှိတယ်။ရွေးချယ်စရာတော့ ရှိတယ်လေ။ ကွန်ကရစ်နဲ့မြက်ခင်း ကြိုက်ရာရွေးပေါ့”
 
“ဒါဆိုရင် ရန်ကုန်ကိုလည်း ဒီလိုထိန်းရင် ရမှာလားပဲ ဦးမျိုး”
 
“ဒါတော့ကွာ သဘာဝကိုမြတ်နိုးပြီး ထိန်းထားရင် ထိန်းလို့ရပါတယ်။ အင်းလျားကန်စောင်းကို ကြည့်ပါလား”
 
“ဟုတ်တယ်၊ အပင်တွေ အတော်ကျန်နေပါသေးတယ်”
 
“အင်းယားကန်နံဘေးက ရန်ကုန်တက္ကသိုလ်ကြီးကိုကြည့် အပင်တွေ အများကြီးရှိတယ်။ ဒီဘက်ကိုလာလိုက်ရင် သထုံလမ်း၊ ပညာရေးတက္ကသိုလ် အထက်တန်းပညာဦးစီးဌာန အဲဒီနေရာတွေ ကြည့်လိုက်။ ပြည်လမ်း နဲ့ အင်းလျားလမ်းကြားမှာ တောလိုထူထပ်နေတဲ့ အပင်တွေ ရှိနေသေးတယ်။ ဦးမျိုးက အသံလွှင့်ရုံဝင်းထဲ အမြဲရောက်တယ်”
 
“အဲဒီမှာ ကွန်ကရစ်တွေပဲလား ဦးမျိုး”
 
“မဟုတ်ဘူးသား။ အဲဒီမှာလည်း တောအုပ်လေးလို ရှိနေတာပဲ၊ ရှဉ့်လေးတွေတောင် ရှိတယ်။ ခုလိုအချိန်မှာ ဗျိုင်းလို ငှက်တွေလည်း ဆင်းတယ်”
 
“ကျွန်တော်တို့ အဲဒီဘက်သွားတဲ့အခါ ချိုးကူသံတို့ ဥဩငှက်တွန်သံတို့ကို ကြားရပါတယ်”
 
“ရေရှိတယ်။ အပင်တွေရှိတယ်။ မြက်ခင်းတွေရှိတယ်ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး အင်မတန်လှပါတယ်။ ဒါပေမဲ့ ခုအခါ တိုက်အမြင့်တွေ ပေါ်လာတယ်” ဦးမျိုးနှင့်သားတို့ ဆွေးနွေးနေသည်မှာ အတော်လေး ကြာသွားပါသည်။
 
“ကဲ လက်ဖက်ရည်လေး သောက်လိုက်ဦး” ကျွန်တော့်ဇနီး လာချပေးသော လက်ဖက်ရည်ကို ဦးမျိုးအား လှမ်းပေးပြီး ကျွန်တော်ကပဲ ဦးမျိုးကို ပြောလိုက်ပါသည်။
 
“ဒါကတော့ သဘာဝပါပဲ ကိုမျိုး။ ရန်ကုန်ကို ထိန်းသိမ်းချင်ရင် ပြည်သူအားလုံး ပါဝင်ရမယ်”
 
“ဟုတ်ပါတယ်။ ရန်ကုန်ဆိုတာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၆ဝဝ က တည်ထားတဲ့ မြို့လို့ ဆိုတယ်”
 
“ဒါအမှန်ပဲလား”သားက ဝင်ထောက်သည်။
 
“ရွှေတိဂုံဘုရားသမိုင်းမှာ ပါတာပဲ။ ခုလို မြို့ပြဖြစ်လာတာကတော့ နှစ်ပေါင်း ၂ဝဝ လောက်တော့ ရှိပါပြီ။ လွန်ခဲ့တဲ့နှစ်(၁ဝဝ) လောက်က ရန်ကုန်မှာ တောတွေတောင်တွေလိုနေရာတွေ ရှိတယ်။ ရွှေတိဂုံဘုရားကိုတောင် ကျားတက်တာပဲတဲ့”
 
“ဟုတ်ပါတယ်။ ကျွန်တော်တို့ သီချင်းထဲမှာ ကြားဖူးတယ်။ ရွှေတိဂုံဘုရားကိုလ ကျားတက်တာ ငါးရက်ကြာ၊ ဂေါယာတွေဝိုင်း သေနတ်နဲ့ပစ်၊ ကျားလဲလို့ သေသဗျ ဆိုတာ ငယ်ငယ်က ဆိုကြတယ်”
 
“ကျားကူးကျောင်းဆိုတာလည်း ရှိသေးတယ်”
 
“ခုတော့ ကျားတွေ ဆင်တွေအတွက် နေရာမရှိတော့ဘူး”
 
“လူတွေက သူတို့နေရာတွေကို ယူကုန်ကြတာကိုး”
 
“တကယ်တော့ လူတွေဟာ သဘာဝပတ်ဝန်းကျင်ကို မလိုအပ်ဘဲနဲ့ ဖျက်ဆီးနေတာတွေ အများကြီးပါပဲ။ စည်းစနစ်နဲ့ လုပ်ကိုင်ရင် ရလျက်သားနဲ့ ပျက်ကာမှ နောင်တရတဲ့သူတွေ များတယ်။ ထင်းအတွက် ဒီရေတောတွေ ပြုန်းတီးရသလို အသုံးအဆောင်တွေ အဆောက်အဦတွေအတွက် သစ်ပင်ကြီးတွေ ဆုံးရှုံးရတယ်။ တကယ်တန်း ရေရှည်ကို မျှော်ကိုးပြီး လုပ်နိုင်တာကို မလုပ်ကြဘူး”
 
“ဘယ်လိုမျိုးလဲ”
 
“မြန်မာပြည်ဆိုတာ စိုက်ရပျိုးရ အင်မတန်လွယ်တဲ့အရပ်ပဲ။ သစ်စေ့တွေ ချလိုက်တာနဲ့ အပင်ပေါက်တယ်။ အဲဒီလို အပင်တွေစိုက်လို့ရတဲ့နိုင်ငံမှာ သစ်တောတွေ ဥယျာဉ်တွေ ထိန်းရတာ မခက်လှပါဘူး။ ဥပမာ စစ်တွေဖြစ်ပြီး တစ်မြို့လုံး ဆုံးရှုံးပျက်စီးခဲ့တဲ့ ဗီယက်နမ်က ဟိုချီမင်းမြို့တော်ဆိုရင် သစ်ပင်တွေအများကြီးနဲ့ ဥယျာဉ်မြို့တော် (Garden City) ဖြစ်အောင် လုပ်လို့ရတယ်။ တို့နိုင်ငံမှာ သစ်တောဧရိယာ ရာခိုင်နှုန်း ၆ဝ ကျော် ရှိခဲ့တာပဲ၊အဲဒီ သစ်တောတွေနဲ့လူတွေ ပူးတွဲနေထိုင်တဲ့စနစ်တွေကို ထူထောင်ဖို့လိုတယ်”
 
“ဒါဆို သစ်တောဌာနနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပူးတွဲတာ မှန်တာပေါ့”
 
“ရည်ရွယ်ချက်က ကောင်းပါတယ်။ သစ်တောဌာနဆိုတာ သစ်ထုတ်ရောင်းဖို့ သက်သက်မဟုတ်ပဲ သစ်ပင်စိုက်ဖို့လည်း ပါတယ်။
 
ဒါပေမဲ့ သူတို့လည်း မလွန်ဆန်နိုင်တဲ့ အထက်ကအမိန့်တွေကြောင့် သစ်အလွန်အကျွံထုတ်တာကို ထိုင်ကြည့်ခဲ့ရတယ်။ နောက်တော့ ကိုယ်ကျိုးစီးပွားတွေပါ ပါဝင်လာတော့တာပေါ့”
 
“ဘယ်လိုမျိုးလဲ ဦးမျိုး”
 
“တစ်ပြည်လုံးမှာ ဖြစ်နေကြတာပါပဲ၊ မုန်လာဥနဲ့ တုတ် (Carrot and Stick) ဆိုတဲ့ Theory ရှိတယ်။ ယုန်တွေကို ခိုင်းတဲ့ပုံပြင်ကနေ ပေါ်လာတဲ့စကားပါ။ ခိုင်းတာကိုလုပ်ရင် မုံလာဥကျွေးတယ်။ ဆန့်ကျင်ရင် တုတ်နဲ့ ရိုက်တယ်။ မြန်မာကတော့ တုတ်နဲ့ မုန့်ဆိုပြီး ခိုင်းတာလုပ်ပြီး မုန့်ယူမှာလား။ ဒါမှမဟုတ် အမှန်အတိုင်းလုပ်ပြီး တုတ်ယူမှာလားဆိုတဲ့ သီအိုရီဖြစ်လာတယ်” သားက မျက်လုံးလေး ကလည်ကလည်နှင့် ငေးကြည့်နေသည်။ ကျွန်တော်က ဝင်ထောက်ပေးသည်။
 
“ဥပဒေက မည်သို့ပင်ဆိုစေကာမူ အထက်ကခိုင်းတဲ့အတိုင်း လုပ်ပေးရတယ်ပေါ့ ဟုတ်လား ကိုမျိုး”
 
“ပထမတော့ ဒီလိုပဲပေါ့။ ဒါပေမဲ့ သူတို့လည်း ပုထုစဉ်ပဲ သူတို့က မမှန်တာကို လုပ်နေရတဲ့အချိန်မှာ ကိုယ်ကျိုးစီးပွားအတွက်လည်း ဥပဒေမျက်နှာကို မထောက်ပဲ လုပ်လာကြတယ်”
 
 “ဒီလို မမှန်တာလုပ်တာကို သူတို့အကာအကွယ်ရနေတယ်။ အာဏာလည်း ပိုပြီးရလာတယ်။ တကယ်တော့ ဥပဒေမျက်နှာကို ကြည့်ရမယ်။ ပြည်သူ့မျက်နှာကို ကြည့်ရမှာပေါ့။ ဒီလိုနဲ့ အကျင့်ပျက်ခြစားမှုတွေ များလာတော့တာပေါ့”
 
“ဒါတွေပျောက်ဖို့ ဘယ်လောက်ထိ စောင့်ရမှာလဲ” သားက ဝင်မေးပြန်သည်။
 
“အင်း။ ပြည်သူတွေ သဘောပေါက်လာတဲ့အချိန် ထိရောက်အောင် စောင့်ရတော့မှာပါပဲ”
 
“တို့တစ်တွေ ဆင်းရဲနေကြတာတွေ၊ နိုင်ငံတကာထက် နိမ့်ကျနေတာတွေ၊ တိုးတက်တဲ့နိုင်ငံတွေလို မနေနိုင်မစားနိုင်တာတွေဟာ ဒါကြောင့်ပဲဆိုတာ သိဖို့လိုတယ်”
 
“ခု စစ်ရုံးလိုနေရာတွေမှာ ကွန်ကရစ်တိုက်ကြီးတွေ ဖြစ်လာတော့မယ်။ ကြံတောသင်္ချိဲင်းလိုနေရာမှာလည်း ကွန်ကရစ်တိုက်တွေ ပေါ်လာနေတယ်”
 
“ဆိုးပါတယ်”
 
“ဒါကတော့ မျှော်လင့်ထားရမှာပဲ။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တဲ့ ပုံစံတွေပါဝင်တဲ့ ဆောက်လုပ်ရေးတွေလုပ်ဖို့တော့ လိုတယ်။ သစ်ပင်တွေ စိုက်ရမယ်။ကွက်လပ်တွေ ထားရှိရမယ်။ ဥယျာဉ်တွေနဲ့ သာယာလှပတဲ့ အနေအထားကို ရအောင်ကြိုးစားဖို့ လိုတာပါပဲ”
 
“ဒါဆိုရင် ခုအချိန်ကစပြီးတော့ ပြည်သူများကို နှိုးဆော်ချင်တယ်”
 
“ဟုတ်ပါတယ်။ နောက်တက်လာမယ့် မြို့တော်ဝန်များကိုလည်း မေတ္တာရပ်ခံချင်တယ်။ ရန်ကုန်အပါအဝင် ရန်ကုန်လို မြို့ကြီးများကို ကာကွယ်စောင့်ရှောက်ကြဖို့ပါပဲ”