(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေး ဒုတိယနေ့တွင် ရွှေကျင်နိကာယ ရတ္တညူမဟာနာယကဆရာတော်များနှင့် ဂိုဏ်းလုံးဝန်ဆောင်နာယကဆရာတော်များတင်မြှောက်ခြင်းပြုလုပ်

(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေး ဒုတိယနေ့တွင် ရွှေကျင်နိကာယ ရတ္တညူမဟာနာယကဆရာတော်များနှင့် ဂိုဏ်းလုံးဝန်ဆောင်နာယကဆရာတော်များတင်မြှောက်ခြင်းပြုလုပ်
Published 28 January 2015
အောင်ဇော်ထွန်း

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ဆက်လက်ကျင်းပခဲ့ရာ ရွှေကျင်နိကာယ ရတ္တညူမဟာနာယကဆရာတော်များ ခန့်အပ်တင်မြှောက်ခြင်းနှင့် ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယကဆရာတော်များ ခန့်အပ်တင်မြှောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အစည်းအဝေးနံနက်ပိုင်းအစီအစဉ်တွင် အစည်းအဝေးကအသစ်တင်မြှောက်အပ်သော ရွှေကျင်နိကာယ ရတ္တညူမဟာနာယကဆရာတော်များစာရင်းကို ဖတ်ကြားကြေညာခဲ့ပြီး အစည်းအဝေးနေ့လယ်ပိုင်းတွင် အစည်းအဝေးကြီးကတင်မြှောက်အပ်သော ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယကဆရာတော်များစာရင်းကို ကြေညာခဲ့သည်။(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးက သိက္ခာတော် ၅၀ နှင့်အထက်ရှိသော ရတ္တညူမဟာနာယက ဆရာတော် ၇၈ ပါး အသစ်တင်မြှောက်ခဲ့ရာ ကရင်ပြည်နယ်မှငါးပါး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၇ ပါး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၂ ပါး၊ မကွေးတိုင်းဒေသကြီးမှသုံးပါး၊ မန္တလေးတိုင်းဒေသကြီးမှသုံးပါး၊ မွန်ပြည်နယ်မှငါးပါး၊ ရခိုင်ပြည်နယ်မှတစ်ပါး၊ ရန်ကုန်တိုင်းဒေသကြီးမှကိုးပါး၊ ရှမ်းပြည်နယ်မှခြောက်ပါး၊ ဧရာဝတီတိုင်းဒေသကြီးမှခုနစ်ပါးပါဝင်ခဲ့ကြောင်း သိရသည်။အစည်းအဝေးဒုတိယနေ့တွင် ရွှေကျင်နိကာယဆိုင်ရာ စာတမ်းများဖတ်ကြားခြင်းပြုလုပ်ခဲ့ရာ "ရွှေကျင်ဆရာတော်ကြီးများ၏ သြဝါဒဓမ္မရတနာများစာတမ်း"၊ "ဥရောပသာသနာရေးအခြေအနေနှင့် ဗုဒ္ဓဘာသာအနေအထား" စာတမ်း၊ "ကျေးဇူးတော်ရှင်ဝိသုဒ္ဓါရုံစည်ရှင်ဆရာတော်၏ ပရိယတ္တိဂုဏ်ရည်စာတမ်း"၊ "မြန်မာပြည်အောက်ပိုင်း ရွှေကျင်နိကာယကျမ်းပြုဆရာတော်များနှင့် ကျမ်းစာများစာတမ်း" မြောင်းမြမြို့နယ်နှင့် "ရွှေကျင်ဂိုဏ်းသာသနာစာတမ်း" တို့ကိုဖတ်ကြားခဲ့ကြောင်း သိရသည်။အစည်းအဝေးဒုတိယနေ့တွင် နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ရွှေဟင်္သာတိုက်သစ်ဆရာတော်ဘုရားကြီး ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုစိတ္တာဘိဝံသ မဟာထေရ်၏သြဝါဒကထာကို အရှင်ဝဏ္ဏိတာလင်္ကာရာဘိဝံသကဖတ်ကြားရာ "စည်းဝေးညီညာကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်အရှင်မြတ်များဘုရား အရှင်မြတ်တို့သည် မေတ္တာကရုဏာတရားပွားများတော်မူကြလျက် မဖြစ်သေးသောအဓိကရုဏ်းမှုများမဖြစ်ပွားစေရန်နှင့် ဖြစ်ပေါ်လာသောအဓိကရုဏ်းမှုများ လျင်မြန်စွာငြိမ်းအေးသွားအောင် ဆောင်ရွက်တော်မူကြပါရန် အနူးအညွတ်တောင်းပန်တိုက်တွန်းပါသည် ရွှေကျင်ဂိုဏ်းဝင် သံဃာတော်အရှင်မြတ်တို့ဘုရား" ဟု မိန့် ကြားခဲ့ကြောင်းသိရသည်။နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိသော ရွှေကျင်ဂိုဏ်းဝင်သံဃာတော်များ၏ ဂိုဏ်းလုံးကျွတ် ပထမဆုံးအစည်းအဝေးကြီးကို မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် (၁၉၂၁ ခုနှစ်) တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၉၄ နှစ်အတွင်း၌ ယခုအစည်းအဝေးအပါအဝင် အစည်းအဝေးပေါင်း ၁၉ ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်ကစတင်ကျင်းပခဲ့ရာ ပြည်ပမှလာရောက်သည့် သံဃာတော် ၃၂ ပါးအပါအဝင် သံဃာတော် ၈၀၀ ကျော်တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။