ပအို့ဝ်အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် လိုက်လျောညီထွေသော ပအို့ဝ်အမျိုးသားများ၏လုပ်ငန်းစဉ်များချမှတ်နိုင်ရေးဆွေးနွေးမည်

ပအို့ဝ်အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် လိုက်လျောညီထွေသော ပအို့ဝ်အမျိုးသားများ၏လုပ်ငန်းစဉ်များချမှတ်နိုင်ရေးဆွေးနွေးမည်
Published 28 January 2015

လာမည့်ဖေဖော်ဝါရီလအတွင်းကျင်းပမည့် ပအို့ဝ်အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေသော ပအို့ဝ်အမျိုးသားများ၏လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲ/ ပအို့ဝ်အမျိုးသားညီလာခံကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ မွန်ပြည်နယ် သထုံမြို့၌ လေးရက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အခမ်းအနားကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ခွန်မြင့်ထွန်းက "ကျွန်တော်တို့ကတော့ အခုကျင်းပတဲ့အခါမှာ ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲလို့တပ်ပါတယ်။ ဆိုလိုတာက ပထမဦးဆုံးမှာ ကျွန်တော်တို့ပအို့ဝ်အမျိုးသားတွေရဲ့ညီညွတ်ရေးရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်ဖို့ နောက်တစ်ခါ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွေနဲ့ လိုက်လျောညီထွေတဲ့ ပအို့ဝ်အမျိုးသားလုပ်ငန်းစဉ်တွေချမှတ်နိုင်ဖို့ ပထမဆုံး ကျွန်တော်တို့စတင်ပြုလုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ပအို့ဝ်အမျိုးသားတွေမှာ မိမိသက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ကျင်းပကြတဲ့ ညီလာခံတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုကတော့ ပအို့ဝ်အမျိုးသားအဖွဲ့အစည်းပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံကပေါ့။ အဲဒီလို ပအို့ဝ်အမျိုးသားတွေတက်ရောက်ပြီးတော့ ဆွေးနွေးကြမှာ၊ နှီးနှောဖလှယ်ကြမှာဖြစ်ပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲကနေတစ်ဆင့် ကျွန်တော်တို့အားလုံး ဒီထက်ပို ကိုယ်စားပြုမှုတွေ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ ပအို့ဝ်အမျိုးသားညီလာခံကိုဆက်လက်ကျင်းပနိုင်ဖို့ ရည်စူးထားပါတယ်" ဟုပြောကြားသည်။နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များတွင် ပအို့ဝ်အမျိုးသားများ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးမည့်အပြင် ပအို့ဝ်တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုမြှင့်တင်ရေး၊ လူငယ်များ၊ အမျိုးသမီးများ၏ ကဏ္ဍမြှင့်တင်ရေးကိစ္စများနှင့် ပအို့ဝ်တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်ရေးကို မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည့်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ပအို့ဝ်တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲနှင့် ညီလာခံကို မူလက ဇန်နဝါရီလအတွင်းပြုလုပ်ရန်သတ်မှတ်ထားသော်လည်း ညီလာခံသို့ တက်ရောက်မည့်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဒေသအလိုက်ဆောင်ရွက်နေရသောကြောင့် ယခုဖေဖော်ဝါရီလသို့ ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပအို့ဝ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ၂၀၁၄ ခုနှစ် သြဂုတ် ၂၂ ရက်ကလည်း ရန်ကုန်မြို့၌တွေ့ဆုံ၍ ပအို့ဝ်တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲနှင့် ပအို့ဝ်အမျိုးသားညီလာခံကျင်းပနိုင်ရေးများကိုဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားစာပေသင်ကြားရာတွင် ကျောင်းစာသင်ချိန်အတွင်း သင်ကြားခွင့်ရရှိရန်၊ ပအို့ဝ်တိုင်းရင်းသား စာပေယဉ်ကျေးမှုဓလေ့ထုံးစံများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြန်လည်ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်ရန် စသည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent