စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သောကုမ္ပဏီများကို Black List အမှန်တကယ်သွင်းရန်နှင့် ဒဏ်ကြေးအဖြစ် ဆတိုးဒဏ်ရိုက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောကြား

စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သောကုမ္ပဏီများကို Black List အမှန်တကယ်သွင်းရန်နှင့် ဒဏ်ကြေးအဖြစ် ဆတိုးဒဏ်ရိုက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောကြား
Published 28 January 2015
စိုးမင်းထိုက်

စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သောကုမ္ပဏီများကို Black List အမှန်တကယ်သွင်းရန်နှင့် ဒဏ်ကြေးအဖြစ် ဆတိုးဒဏ်ရိုက်သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကပြောကြားသည်။ဇန်နဝါရီ ၂၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအပေါ် အစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှုအခြေအနေများအား အစိုးရအဖွဲ့၏ပေးပို့ချက်များကိုဖတ်ကြားသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက "Black List သွင်းရမယ်ဆိုပြီး အစိုးရအဖွဲ့ကအကြံပြုတာတွေရှိတယ်။ ဒါပေမဲ့ တကယ်သွင်းလား မသွင်းလားမသိဘူး။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေကစစ်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကထပ်စစ်တယ်။ သူတို့ကလည်း ဟုတ်တယ်ဆိုတာအကြံပြုတယ်။ တကယ်တမ်းပြောရရင်တော့ Black List သွင်းသင့်တဲ့ကုမ္ပဏီက အများကြီးပဲ။ သူတို့ မဟုတ်တာတွေလုပ်နေတာ ကျွန်တော်တို့မြင်တယ်လေ။ ပြတ်ပြတ်သာသားလုပ်သင့်တယ်။ ပြတ်ပြတ်သားသားမလုပ်ရင်တော့ ဒီလိုတွေထပ်လုပ်နေဦးမှာပဲ။ ကျွန်တော်တို့ဒေသမှာတော့ ပြန်ပြင်ပြီးတော့လုပ်တာတွေရှိတယ်" ဟုဆိုသည်။အစိုးရအဖွဲ့ကသွားရောက်စစ်ဆေးပြီး လုပ်ခိုင်းခဲ့သည်ဖြေထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ထပ်မံစစ်ဆေးသင့်ကြောင်း၊ ယင်းသို့စစ်ဆေးမှသာ လုပ်မလုပ်သိနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် အပင်ပန်းခံပြီးသွားစစ်ရမည်ဖြစ်ကြောင်း၊ ကန်ထရိုက်ကတော့ လစ်ရင်လစ်သလိုလုပ်မည်ဖြစ်ကြောင်း၊ Black List သွင်းပြီးရင်လည်း ထုတ်ပြန်ပေးသင့်ကြောင်း၊ ကုမ္ပဏီကို Black List သွင်းထားပေမယ့်လည်း အခြားနာမည်တစ်ခုနှင့် ပြန်ထောင်မှုများရှိလာနိုင်ကြောင်း၊ ကုမ္ပဏီအမည်ပြောင်းပြီး ထပ်ထောင်မှုများမဖြစ်အောင် ကုမ္ပဏီတည်ထောင်ခွင့်ပြုသည့်ဌာနက လူပုဂ္ဂိုလ်နာမည်ကိုသေချာစစ်ဆေးရန်လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်သည်။"ငွေပြန်သွင်းခွင့်ပေးတယ်ဆိုရင်လည်း ဒဏ်ကြေးကို ဆတိုးပြီးတော့ရိုက်သင့်တယ်။ တချို့ကုမ္ပဏီတွေဆိုတော်တော်ဆိုးတယ်။ အစိုးရအဖွဲ့က အခုဖြေကြားတာဟာမကုန်သေးဘူး။ ကိုယ်စားလှယ်တွေတင်ထားတာတွေကျန်သေးတယ်။ အစိုးရအဖွဲ့က ဆင်းစစ်တုန်းနေမှာပေါ့။ ကျွန်တော်ဆိုရင် တွေ့ရှိချက် ၂၀ လောက်တင်ထားတယ်" ဟု ဦးလှဆွေကပြောကြားသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဇော်က "အစိုးရအဖွဲ့ကဆင်းစစ်တယ်ဆိုရင် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါသင့်တယ်။ Black List သွင်းတာက ကုမ္ပဏီကိုတင်လုပ်လို့မလုံလောက်ဘူး။ လူကိုပါ Black List သွင်းရမှာ။ ဒါမှ အခြားကုမ္ပဏီထောင်ပြီးလုပ်လို့မရမှာ။ အဲဒီလိုလုပ်သင့်တယ်" ဟုပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့် တည်ဆောက်ရေးလုပ်ငန်း ၂၅ ခုကို ဓာတ်ပုံအထောက်အထားများနှင့် တင်ပြချက်အား နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်ဦးဆောင်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအား အမျိုးသားလွှတ်တော်ထံ ပြန်လည်ပေးပို့လာကြောင်းပြောကြားသည်။စံချိန်စံညွှန်းကိုက်ညီမှုမရှိသည့်အတွက် စစ်ဆေးအရေးယူမှုများရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများတွင် ကန်ထရိုက်စနစ်ဖြင့်လုပ်ကိုင်နေသူများအား အရေးယူမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ပဲခူးတိုင်းအတွင်းရှိ နတ္တလင်း-ဒမငယ် -တောင်ညိုလမ်းပိုင်းတွင် အပွန်းခံလွှာခင်းခြင်း၊ နိမ့်ကျပျက်စီးနေသောလမ်းပခုံးများ၊ အမာခံလမ်းပခုံးများပြုလုပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း တွေ့ရှိသည့်အတွက် ရွှေလွင်လွင်ကုမ္ပဏီက သဘောမတူသည့်အတွက် ကုမ္ပဏီအား တရားဥပဒေလမ်းကြောင်းအတိုင်း အရေးယူဆောင်ရွက်ရန်မှာကြားထားကြောင်း သိရသည်။စာသင်ကျောင်းများတည်ဆောက်ရန် ကန်ထရိုက်ရယူထားသည့် ထောင်စုနှစ် အင်ပါယာကုမ္ပဏီသည် လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ ဆပ်ကန်ထရိုက်ချထားခြင်း၊ စစ်ဆေးခံရန်ပျက်ကွက်ခြင်းများကြောင့် လုပ်ငန်းအပ်နှံရန် ယုံကြည်ရသည့်ကုမ္ပဏီမဟုတ်သည့်အတွက် Black List စာရင်းသွင်းသင့်ကြောင်း၊ ရေဖြူမြို့နယ်တွင်လည်း အဆိုပါကုမ္ပဏီသည် ယင်းကဲ့သို့ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတွက် Black List စာရင်းတင်သွင်းသင့်ကြောင်း အစိုးရအဖွဲ့ကအကြံပြုထားသည်။အစိုးရအဖွဲ့မှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံပေးပို့သည့် သဝဏ်လွှာတွင် အဆောက်အအုံများ၊ လမ်းတံတားများ၊ ကျောင်းများဆောက်လုပ်ရာတွင် စံချိန်စံညွှန်း အရည်အသွေးမှန်ကန်စွာဆောင်ရွက်ရန်၊ စံချိန်စံညွှန်းအရည်အသွေးမှန်ကန်မှုမရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။             

Most Read

Most Recent