ပွင့်လင်းမြင်သာမှုအပေါ် ဝေဖန်မှုများအတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်အားလုံး ဖော်ပြပေးမည့် National Web Portal ကို ၂၀၁၅ ခုနှစ်ကုန် အပြီး လွှင့်တင်မည်

ပွင့်လင်းမြင်သာမှုအပေါ် ဝေဖန်မှုများအတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်အားလုံး ဖော်ပြပေးမည့် National Web Portal ကို ၂၀၁၅ ခုနှစ်ကုန် အပြီး လွှင့်တင်မည်
Published 28 January 2015
နွဲ့ယဉ်အေး

ပွင့်လင်းမြင်သာမှုနှင့် စည်းမျဉ်းများ ရှုပ်ထွေးနေမှုအပေါ် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက ဝေဖန်နေမှုများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အားလုံးကိုဖော်ပြပေးမည့် National Trade Portal ဝက်ဘ်ဆိုက်ကို ၂ဝ၁၅ ခုနှစ် အကုန်တွင် အပြီးလွှင့်တင် ပေးသွားမည်ဟု သိရသည်။
“ဒီဝက်ဘ်ဆိုက်မှာ သွင်းကုန်တွေအတွက်ရော၊ ပို့ကုန်တွေအတွက်ရော ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက် အားလုံးပါဝင်ပါမယ်။ စည်းကြပ်ကောက်ခံတဲ့ အခွန်အခပမာဏတွေလည်း ပါဝင်ပါမယ်။ အခြားဆက်စပ် ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်အတွက် လုပ်ငန်းစတင်နေပြီ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ National Trade Portal ကို အမေရိကန်နိုင်ငံ USAID အဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂ဝ၁၅ ခု နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝက်ဘ်ဆိုက်ပေါ်တွင် အခွန်များ၊ အခွန်ကင်းလွတ်ခွင့်ရမည့် စည်းမျဉ်းများ၊ ကုန်ပစ္စည်းအမျိုးအစားများ အားလုံးကို ဖော်ပြသွားမည့်အပြင် နေ့စဉ်ဖြစ်ပျက်မှု သတင်းများကိုလည်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ National Trade Portal ကို အာဆီယံ Trade Portal နှင့်လည်း ချိတ် ဆက်သွားမည်ဟု ဆိုသည်။
“National Single Window ကို အာဆီယံ Single Window နဲ့ချိတ်ဆက်သွားမှာပါ။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိမှာ လိုအပ်တဲ့အချက်အလက်တွေ အားလုံးကို ကောက်ခံပြီးဖြစ်ပါတယ်” ဟု ၎င်းကဆက်လက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးစည်းမျဉ်းများမှာ ရှင်းလင်းလွယ်ကူမှု မရှိသဖြင့် ပြည်ပလုပ်ငန်းရှင်များသာမက အချို့ပြည်တွင်း လုပ်ငန်းရှင်များကပါ နားမလည်သည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနတွေက ပုဂ္ဂလိက ကဏ္ဍတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပါတယ်။ ဒါကြောင့် Trade Portal လုပ်တာကို ကြိုဆိုပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေတောင် မရှင်းလင်းတဲ့ မသိတဲ့စည်းမျဉ်းတွေ ရှိနေပါတယ်။ နောက်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှာ ယုံကြည်မှုတည်ဆောက်ဖို့ ကိစ္စကလည်း အရေးကြီးပါ တယ်” ဟု ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။
မြန်မာနိုင်ငံသည် နိုင်ငံတော်ကုန်သွယ်ရေး လုပ်ငန်းများအကြောင်း ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း WTO ကို အသိပေးပြောကြားထားခြင်း မရှိသေးသဖြင့် ပွင့်လင်းမြင်သာမှုအတွက် အသိပေးကြေညာရန် တိုက်တွန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများ မြင်သာအောင် ပြုလုပ်ခြင်းနှင့် စီးပွားရေးပတ်ဝန်းကျင် အနေအထားများ တိုးမြှင့်ပေးခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြိုင်ဆိုင်နိုင်စွမ်းမြှင့်တင်ပေးဖို့ အားထုတ်ရန် အဖွဲ့ဝင်နိုင်ငံများက ဆက်လက်တိုက်တွန်းထားသည်။