မန္တလေးမှ ရန်ကုန်သို့ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားစစ်ကြောင်း တောင်သာတောင်ကြားတွင်တားဆီးခံရပြီး အခြေအနေတင်းမာခဲ့သော်လည်း ဆက်လက်ချီတက်ခွင့်ပြု

မန္တလေးမှ ရန်ကုန်သို့ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားစစ်ကြောင်း တောင်သာတောင်ကြားတွင်တားဆီးခံရပြီး အခြေအနေတင်းမာခဲ့သော်လည်း ဆက်လက်ချီတက်ခွင့်ပြု
Published 28 January 2015
ဌေးလှအောင်၊ မိုးဟိန်း

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက်ဆန္ဒထုတ်ဖော်နေကြသည့်ကျောင်းသားများမှာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့အရောက် သပိတ်စစ်ကြောင်းအဖြစ်ချီတက်ခဲ့ရာ မြင်းခြံမြို့မှ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းကထွက်ခွာခဲ့ရာ သက်ဆိုင်ရာမှ လာရောက်တားဆီးခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့ရာ တောင်သာမြို့နှင့် ငါးမိုင်ခန့်အကွာရှိ နန်းမြင့်တောင်ကြား၌ လုံခြုံရေးအပြည့်ဖြင့် အာဏာပိုင်များဘက်က လမ်းများပိတ်ဆို့၍တားဆီးခဲ့ပြီးသော်လည်း နှစ်ဖက်ညှိနှိုင်းအဆင်ပြေမှုကြောင့် တောင်သာမြို့သို့ ဆက်လက်ချီတက်ခဲ့ကြောင်း သိရသည်။

တားဆီးခံထားရသည့် သပိတ်မှောက်ကျောင်းသားစစ်ကြောင်းအား တောင်သာမြို့အဝင် နန်းမြင့်တောင်ကြားတွင်တွေ့ရစဉ်
အမျိုးသားပညာရေးဥပဒေအား မန္တလေးမြို့မှ ရန်ကုန်မြို့သို့အရောက် သပိတ်မှောက်လမ်းလျှောက်ဆန္ဒပြနေကြသောကျောင်းသားများသည် မြင်းခြံမြို့မှ နံနက် ၉ နာရီအချိန်မှစတင်ထွက်ခွာခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တောင်သာမြို့နယ်အတွင်းရှိ နန်းမြင့်တောင်ကြားအရောက်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက လမ်းမပေါ်တွင် အတားအဆီးများဖြင့် ပိတ်ဆို့တားဆီးမှုများပြုလုပ်ခဲ့ရာ ခရီးသွားပြည်သူများ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည့်အပြင် ကျောင်းသားသပိတ်မှာလည်း အချိန်နှစ်နာရီကျော်ခန့် လမ်းမပေါ်တွင်အချိန်ကုန်ခဲ့ရသည်။

သပိတ်မှောက်ကျောင်းသားများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းနေစဉ်
သပိတ်မှောက်ကျောင်းသားစစ်ကြောင်းသည် မွန်းလွဲ ၃ နာရီခန့်တွင် နန်းမြင့်တောင်ကြားနေရာသို့ရောက်ရှိခဲ့ပြီး အဆိုပါနေရာတွင် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းနှင့်အဖွဲ့ရောက်ရှိနေပြီး သပိတ်မှောက်ကျောင်းသားစစ်ကြောင်းမှ ခေါင်းဆောင်များနှင့် နန်းမြင့်တောင်ကြား ပထမဂိတ်အတားအဆီးအနီးတွင် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဖက်အပြန်အလှန်ပြောဆိုမှုများအကြား ပြေလည်မှုမရဘဲ တင်းမာမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် တားဆီးထားသည်ကိုတွေ့ရစဉ်
တောင်သာမြို့နယ်အတွင်းဖြစ်ပွားနေသည်များနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်သည့် လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာသော တောင်သာမြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား မီဒီယာများကမေးမြန်းခဲ့ရာ "ပိတ်ဆို့တားဆီးတာကတော့အဘမသိပါဘူး။ အဲဒါကတော့ အုပ်ချုပ်ရေးဘက်ကတော့မသိဘူးလေ။ အဘတို့ဘက်ကတော့ ဘာမှမလုပ်ပါဘူး။ နောက်ပြီးတော့ အဘတို့ဘက်က မြို့မိမြို့ဖတွေအနေနဲ့ မေတ္တာရပ်ခံလိုက်လို့ လွှတ်တော်ကလည်းလုပ်ပေးမယ်၊ သမ္မတကလည်းလုပ်ပေးမယ်၊ ပညာရေးဌာနကလည်းပြန်ဆွဲနေတယ်သိရတယ်။ ကျောင်းသားတွေရဲ့လိုအပ်ချက်တွေပါပါ့မယ်။ အဲဒါကြောင့် အေးအေးဆေးဆေးလုပ်ပါ။ ပြည်သူတွေကလည်း အခုလိုသွားရင်လန့်တယ်။ ကြောက်တယ်။ စိုးရိမ်နေတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေဆက်မလုပ်ဖို့ မေတ္တာရပ်ခံမယ်။ အကယ်၍သွားမယ်ဆိုလည်း သူတို့ဘာသာသူတို့ဆက်သွားပါ။ တခြားနည်းနဲ့ပိတ်ဆို့တာတော့ အဘတို့နဲ့မဆိုင်ဘူးလေ။ အဘတို့ရဲ့လုပ်ပိုင်ခွင့်လည်းမရှိပါဘူး။ အဘတို့မှာ ဘာအဖွဲ့မှလည်းမရှိဘူး။ ဘာအင်အားမှလည်းမရှိပါဘူး။ မြို့မိမြို့ဖပဲရှိပါတယ်။ အွန်လိုင်းတွေကတော့ အမျိုးမျိုးထင်ကြေးပေးတာတွေရှိတယ်။ စွပ်စွဲတာတွေရှိတယ်။ တောင်သာတပ်မတော်တို့ ဘာတို့ဆိုတာမရှိပါဘူး။ တစ်ယောက်မှလည်းမရှိပါဘူး။ ဒါတွေကစွပ်စွဲတာပါ။ ဟိုတုန်းကတော့ တခြားအဖွဲ့အစည်းတွေဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ပြောတာဖြစ်ပါတယ်။ လုံးဝတစ်ယောက်မှမရှိပါဘူး" ဟုပြေန်လည်ဖြေကြားသည်။

အတားအဆီးများဖယ်ရှားပြီးနောက် ကျောင်းသားစစ်ကြောင်းဆက်လက်ချီတက်လာစဉ်
ကျောင်းသားများက အစိုးရအာဏာပိုင်များတားဆီးထားသည့် အတားအဆီးများအားဖွင့်ပေးရန်အတွက်တောင်းဆိုခဲ့ရာ အာဏာပိုင်များက ဆက်လက်ပိတ်ဆို့ထားသည့်အတွက် ကျောင်းသားများမှ တားဆီးထားသည့်အတားအဆီးများအထိ တဖြေးဖြေးတိုးလာခဲ့ရာ ပထမစည်းအားဖယ်ရှား၍ကျော်ဖြတ်လာခဲ့ပြီးနောက် အာဏာပိုင်များနှင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီး တားဆီးထားသောအတားအဆီးများအားလုံးကို ဖယ်ရှားပေးခဲ့ကြသည်။ ယင်းနောက် ဒေသခံပြည်သူအင်အား ၁၀၀၀ ကျော်ခန့်ဖြင့် တောင်သာမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။အာဏာပိုင်များ လမ်းပိတ်ဆို့တားဆီးထားရာနေရာသို့ ကျောင်းသားသပိတ်ရောက်ရှိလာခဲ့ရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့်မှ လက်ချင်းချိတ်ဆက်၍ ကျောင်းသားများအားဝန်းရံပေးခဲ့ကြသည်။ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားခေါင်းဆောင်များသည် လမ်းမပေါ်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး ညနေငါးနာရီကျော်အချိန်ခန့်တွင် အာဏာပိုင်များမှပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ၏လမ်းပိတ်ဆို့ထားမှုကြောင့် လမ်းမအားအသုံးပြုနေကြသည့်ဒေသခံများနှင့် အစိုးရအာဏာပိုင်တို့အကြား နှစ်ဖက်အချင်းများမှုများ၊ မီဒီယာများနှင့် အငြင်းပွားမှုများလည်းဖြစ်ပွားခဲ့သည်။တောင်သာမြို့သို့ မထွက်ခွာခင်အချိန်ဖြစ်သည့် ဇန်နဝါရီ ၂၆ ရက် ညပိုင်းအချိန်တွင် အွန်လိုင်းစာမျက်နှာများပေါ်တွင် ကျောင်းသားများတည်းခိုရာနေရာသို့ သက်ဆိုင်ရာမှ အကြမ်းဖက်ဝင်ရောက်ဖြိုခွင်းမည်၊ ဖြိုခွင်းတော့မည်ဟူသော ကောလဟာလများ ဆက်တိုက်ပျံ့နှံ့နေခဲ့သော်လည်း ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိပေ။ သို့သော် တောင်သာမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် တောင်သာမြို့သို့ရောက်ရှိရန် ၅ မိုင်ခန့်အလိုတွင် အာဏာပိုင်များက တားဆီးမှုများပြုလုပ်ခဲ့ကြသည်။ အာဏာပိုင်များ၏တားဆီးမှုအား အချိန်အတော်ကြာနှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်ခဲ့ရပြီးနောက် ညှိနှိုင်းမှုအဆင်ပြေခဲ့ရာ ညနေ ၅ နာရီကျော်အချိန်တွင် အာဏာပိုင်များက ပိတ်ဆို့ထားသည့်အတားအဆီးများအား ဖယ်ရှားပေးခဲ့သည်။ ယင်းနောက် ကျောင်းသားများ၏သပိတ်စစ်ကြောင်းမှာ ဆက်လက်ထွက်ခွာလာခဲ့ပြီး လမ်းတစ်လျှောက်ရှိဒေသခံများမှလည်း ထွက်၍ကြိုဆိုခဲ့ကြသည်။ ကျောင်းသားများ၏သပိတ်မှောက်စစ်ကြောင်းသည် တောင်သာမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ကျောက်ပန်းတောင်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ကျောင်းသားများနှင့် အာဏာပိုင်များအကြား တားဆီးထားမှုကို လာရောက်ညှိနှိုင်းပေးခဲ့သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံပညာရေးသုတေသနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာခိုင်မြဲက "ဒီနေ့လာခဲ့ရာတာက ကျောင်းသားတွေနဲ့ဆွေးနွေးညှိနှိုင်းပေးဖို့လာခဲ့တာပါ။ တစ်ဖက်မှာလည်း လမ်းပိတ်တားဆီးထားတာကို သက်ဆိုင်ရာနဲ့ညှိနှိုင်းနေပါတယ်။ ကျောင်းသားတွေအတွက်လာခဲ့တာပါ။ ဆွေးနွေးညှိနှိုင်းတာကလည်း ကလေးတွေရဲ့အနေအထားကိုလည်းသိထားတယ်။ ကလေးတွေကိုလည်းပြောခဲ့တာက ကျွန်တော်တို့က ဆုံးဖြတ်ပေးနိုင်သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့်ကလေးတွေအတွက် ညွှန်ပြပေးလို့ရတာပေါ့။ ဒါပေမယ့် ကလေးတွေနဲ့ပတ်သက်ပြီး သူတို့ကို ဘာမှမထိခိုက်စေချင်ပါဘူး။ ဖြစ်သွားခဲ့မယ်ဆိုရင် ကျောင်းသားတွေအတွက်လည်းမကောင်းဘူး။ ပြည်သူတွေအတွက်လည်းမကောင်းဘူး။ နိုင်ငံအတွက်လည်းမကောင်းဘူးပေ့ါ။ အဲဒီအတွက်လာခဲ့ရတာပါ" ဟုပြောကြားသည်။သပိတ်မှောက်စစ်ကြောင်းသည် တောင်သာမြို့အတွင်းဝင်ရောက်သွားခဲ့ပြီး မုံပင်ဘုန်းတော်ကြီးကျောင်းတွင် တစ်ညတာတည်းခိုကာ နောက်တစ်နေ့တွင် တောင်သာမြို့မှ ဆက်လက်ခရီးထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ပြင် ဇန်နဝါရီ ၂၈ ရက်၌ အစိုးရ၏ကမ်းလှမ်းချက်အရ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးရန် ကျောင်းသားကိုယ်စားလှယ်နှစ်ဦးရွေးချယ်ထားကြောင်းနှင့် ကိုနန္ဒာစစ်အောင်နှင့် ကိုအောင်မှိုင်းဆန်းတို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသောကျောင်းသားများမှာမူ ပုံမှန်အစီအစဉ်အတိုင်း ရန်ကုန်မြို့သို့ ဆက်လက်ချီတက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent