အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒပြ ကျောင်းသားကိုယ်စားလှယ် နှစ်ဦးနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော်၌ ယနေ့ တွေ့ဆုံဆွေးနွေးမည်

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒပြ ကျောင်းသားကိုယ်စားလှယ် နှစ်ဦးနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော်၌ ယနေ့ တွေ့ဆုံဆွေးနွေးမည်
Published 28 January 2015

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက် ဆန္ဒပြနေသည့် ကျောင်းသားထုမှ ကျောင်းသားကိုယ်စားလှယ်နှစ်ဦးနှင့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော်၌ ဇန်နဝါရီ ၂၈ ရက် (ယနေ့) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကျောင်းသားကိုယ်စားလှယ် နှစ်ဦးအဖြစ် သပိတ်ဦးဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ကိုနန္ဒစစ်အောင်နှင့် ကိုအောင်မှိုင်းဆန်းတို့အား ရွေးချယ်ထားကြောင်း ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်က ပြောကြားသည်။
တကယ်တမ်းပြောရရင် ဒါက တွေ့ဆုံဆွေးနွေးရေး မဟုတ်သေးဘူး။ တကယ်တမ်း ကျွန်တော်တို့ တောင်းထားတာက လေးပွင့်ဆိုင်။ အခု သွားမှာက လေးပွင့်ဆိုင် ဖြစ်လာရေးအတွက် ဘယ်လိုပုံစံ တွေ့မလဲ။ ဘယ်သူတွေ ပါမလဲ။ ဘယ်အချက်တွေ ဆွေးနွေးမလဲ။ ဘယ်ချိန် ဆွေးနွေးမလဲ စသဖြင့် ပုံစံလေးတစ်ခု ထွက်လာအောင် သွားဆွေးနွေးမယ့် အကြိုတွေ့ဆုံ ဆွေးနွေးမှု တစ်ခုပဲ ရှိတာ . . . . .

အဆိုပါ တွေ့ဆုံမှုမှာ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးခြင်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ NNER ၊ ကျောင်းသားများ ပါဝင်သည် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးအတွက် အကြိုဆွေးနွေးခြင်းမျိုးသာ ဖြစ်မည်ဖြစ်ကြောင်း ဦးဆောင်ကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။“ဦးအောင်မင်းနဲ့ တွေ့တယ်ဆိုတာ တကယ်တမ်းပြောရရင် ဒါက တွေ့ဆုံဆွေးနွေးရေး မဟုတ်သေးဘူး။ တကယ်တမ်း ကျွန်တော်တို့ တောင်းထားတာက လေးပွင့်ဆိုင်။ အခု သွားမှာက လေးပွင့်ဆိုင် ဖြစ်လာရေးအတွက် ဘယ်လိုပုံစံ တွေ့မလဲ။ ဘယ်သူတွေ ပါမလဲ။ ဘယ်အချက်တွေ ဆွေးနွေးမလဲ။ ဘယ်ချိန် ဆွေးနွေးမလဲ စသဖြင့် ပုံစံလေးတစ်ခု ထွက်လာအောင် သွားဆွေးနွေးမယ့် အကြိုတွေ့ဆုံ ဆွေးနွေးမှု တစ်ခုပဲ ရှိတာ။ အများကြီး မျှော်လင့်ထားတာမရှိဘူး” ဟု ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။ထို့ပြင် နေပြည်တော်၌ ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးရေး သွားရောက်ဆောင်ရွက်ချိန်တွင် တစ်ဖက်၌လည်း သပိတ်မှောက်လမ်းလျှောက် ဆန္ဒပြမှုအား ရပ်တန့်ထားမည် မဟုတ်ဘဲ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီး သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် အမျိုးသားပညာရေး ဥပဒေအား နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးရှိ ကျောင်းသားစုပေါင်း၍ ရန်ကုန်မြို့၌ လေးရက်တိုင် ကန့်ကွက်သပိတ်မှောက်ခဲ့ပြီး အစိုးရအား ရက်ပေါင်း ၆ဝ အတွင်း ဖြေရှင်းဆွေးနွေးပေးရန် ရာဇသံပေးခဲ့သော်လည်း ဆွေးနွေးမှု မရှိခဲ့သဖြင့် ဇန်နဝါရီ ၂ဝ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲရန် မန္တလေးမြို့ အိမ်တော်ရာဘုရားမှ စတင်၍ ရန်ကုန်မြို့သို့ သပိတ်မှောက်လမ်းလျှောက် ဆန္ဒပြနေခြင်းဖြစ်သည်။ 

Most Read

Most Recent