ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်
Published 28 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဓနအင်အား ဖွံ့ဖြိုးရေးတွင် အရေးပါလှသော နိုင်ငံခြား အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာန စသည်တို့တွင် ထုတ်ယူသုံးစွဲမှု၊ ရောင်းချမှုနှင့် လုပ်ငန်းဆောင်ရွက်မှုလုပ်ဆောင်ရန် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်စာတမ်းများ (Product Sharing Contract)ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ဒေါ်တင်နွယ်ဦးက အဆိုတင်သွင်းရာတွင် “ကျွန်မတို့ မြန်မာနိုင်ငံမှာ ဓနအင်အား ဖွံဖြိုးရေးတွင် အရေးပါလှသော နိုင်ငံခြားအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန စသည်တို့တွင် ထုတ်ယူသုံးစွဲမှု၊ ရောင်းချမှုနှင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ဆောင်ရန် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်စာတမ်းများ (Product Sharing Contract) ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ အမြဲတမ်း ပေါ်ပေါက်လျက် ရှိပါတယ်။ အဲဒီလို အငြင်းပွားဖွယ်ရာ ပေါ်ပေါက်တဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။ထို့နောက် ၎င်းက ရှင်းလင်းပြောကြားရာတွင် ထုတ်လုပ်ခွဲဝေရေး စာချုပ် (Product Sharing Contract) များတွင် ရရှိလာသည့် ဝင်ငွေများကို အခြေပြု၍ နိုင်ငံတော်အတွက် ပေးချေရမည့် ခိုင်ကြေး (Royalty) နှင့် ကုန်ကျစရိတ်များကို နုတ်ပယ်ပြီး ကျန်ရှိသည့် အကျိုးအမြတ်များကို နိုင်ငံတော်နှင့် ကုမ္ပဏီများက ခွဲဝေယူရပါကြောင်း၊ စာချုပ်ပါ အားနည်းချက်များ စည်းကမ်းချက်များ၏ အားနည်းချို့ယွင်းမှု၊ ရည်ညွန်းစံနှုန်းများ၏ မှားယွင်းဖော်ပြမှုများကြောင့် ထုတ်လုပ်သူ၊ ဆောင်ရွက်ပေးသူနှင့် ဝယ်ယူသူ၊ ဆောင်ရွက်ရယူသူများ အကြားတွင် အငြင်းပွားဖွယ်ရာ ပေါ်ပေါက်ကာ ဝင်ငွေများ ဆုံးရှုံးနစ်နာနိုင်ကြောင်း၊ ယင်းကဲ့သို့ ဝင်ငွေများ လျော့နည်းသည့် အကျိုးဆက်အဖြစ် နိုင်ငံတော်အား ပေးချေရမည့် ခိုင်ကြေးများကို လျော့နည်းပေးချေခြင်းနှင့် ရရှိလာသည့် အမြတ်အစွန်းအပေါ် ထိခိုက်ခြင်းကြောင့် နိုင်ငံတော်မှ ရသင့်သည့် အကျိုးအမြတ်ကို မရရှိခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားသည်။“ထုတ်လုပ်မှုခွဲဝေရေး စာချုပ်များဟာ အများပြည်သူများရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည့် အားလျော်စွာ ထုတ်လုပ်မှုခွဲဝေရေး စာချုပ်များတွင် အငြင်းပွားမှုများ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအတွက် ဝန်ကြီးဌာန တစ်ခုချင်းအလိုက် ညိနှိုင်းဆောင်ရွက်မည့်အစား နိုင်ငံတော်အဆင့် ကြီးကြပ်သည့် ကော်မတီတစ်ရပ်အား ထားရှိသင့်ကြောင်း အဆိုပြု တင်ပြအပ်ပါတယ်” ဟု ဒေါ်တင်နွယ်ဦးက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ယင်းအဆိုအရ ဝန်ကြီးဌာနများ၏ ပစ္စည်းဝယ်ယူဆိုင်ရာ ကိစ္စများကိုပါ ကြီးကြပ်သည့်ကော်မတီမှ ကြပ်မတ်နိုင်ခွင့် ရှိ၊ မရှိကို သတင်းထောက်များက ဒေါ်တင်နွယ်ဦးအား မေးမြန်းခဲ့ရာ “အဲဒါတွေက Agreement နဲ့ ဝယ်တာ။ Agreement ဆိုတာထဲမှာ Contract ဆိုတာ ပါပြီးဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေရဲ့ ပစ္စည်းဝယ်ယူမှုတွေနဲ့လည်း ဆိုင်တယ်။ ပစ္စည်းဝယ်ယူရာမှာ သက်တမ်း ဘယ်လောက် အာမခံရမယ်။ အရည်အသွေး ဘယ်လောက် အာမခံရမယ်ဆိုတာတွေ ရှိတယ်။ အဲဒါတွေပါ ဒီကော်မတီ စောင့်ကြည့်ရမယ့် အထဲမှာ ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ယင်းအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက လွှတ်တော်၌ မှတ်တမ်းတင်ထားရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့သည်။ 

Most Read

Most Recent