တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်ဒေသများ၌ ဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အဆိုပါ အဖွဲ့များနှင့် ဆွေးနွေးလုပ်ဆောင်ရန် သဘောတူထား

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်ဒေသများ၌ ဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အဆိုပါ အဖွဲ့များနှင့် ဆွေးနွေးလုပ်ဆောင်ရန် သဘောတူထား
Published 27 January 2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် ဒေသများတွင် ဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားကြောင်း သမ္မတရုံးဝန်ကြီးဌာန (၄) မှ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစိုးသက်က ငြိမ်းချမ်းရေးဖော်ဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းတို့နှင့် ဆက်စပ်နေသော တိုင်းရင်းသားများက ယင်းတို့နယ်မြေအတွင်း နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်အတွက် လာရောက်ကြသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို တားဆီးခြင်းအပေါ် မည်သို့ညှိနှိုင်းပေးမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ထိုသို့ ဖြေကြားခဲ့သည်။ဒုတိယဝန်ကြီးက လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့နှစ်ခုအနက် ကေအိုင်အိုအဖွဲ့နှင့် ပဋိပက္ခများလျှော့ချရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သဘောတူညီမှု ၃၈ ခုကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ဆိုသည်။နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူလူထုအပေါ်သို့ မလိုလားအပ်သည့် ဘေးအန္တရာယ်များ ကျရောက်ခြင်း၊ မတရားနိုင်ထက်စီးနင်း ပြုလုပ်ခံရခြင်းတို့မှ အကာအကွယ်ပေးရန်ဖြစ်ကြောင်း၊ အဆိုပါတာဝန်များကို အစိုးရအနေဖြင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ပြည်သူလူထုအပေါ် တရားဥပဒေမဲ့ လုပ်ဆောင်သည့် မည်သည့်ပြုလုပ်ချက်ကိုမှ ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို တရားဥပဒေအရ လိုအပ်သလို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူညီမှုရှိရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။လက်ရှိအချိန်တွင် သဘောတူညီမှုရရှိရန် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်နယ်မြေများတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ထိရောက်စွာ လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

Most Read

Most Recent