ဝင်ငွေနည်း အခြေခံလူတန်းစားများ ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိ

ဝင်ငွေနည်း အခြေခံလူတန်းစားများ ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိ
Published 27 January 2015

ဝင်ငွေနည်း အခြေခံလူတန်းစားများ ဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လစဉ် အရစ်ကျ ပေးသွင်းနိုင်ရေးအတွက် နှစ်ရှည် အရစ်ကျ ပေးသွင်းသည့် စနစ်ဖြင့် ဝယ်ယူနိုင်အောင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အသေးစိတ်တွက်ချက်၍ စီစဉ်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။ ဒုတိယဝန်ကြီး ဦးစိုးတင့်က နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက “နိုင်ငံတော်အတွင်း လယ်ယာမြေဆုံးရှုံးမှု ကိစ္စများနှင့် အခြေခံလူတန်းစားများအတွက် အရစ်ကျပေးချေသည့် တိုက်ခန်းကိစ္စများ မည်သို့ စီစဉ်ထားသည်” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။“လစာဝင်ငွေ ပုံမှန်ရှိသော အလုပ်အကိုင်ရှိသူတိုင်း အကျုံးဝင်မည့် တစ်ဦးချင်း ဝင်ငွေစုဆောင်းမှုစနစ် (Myanmar Provident Fund) ကို ထူထောင်ရန်နှင့် ဝင်ငွေနည်း အခြေခံလူတန်းစားပြည်သူများ ဝယ်ယူနိုင်စွမ်းရှိစေမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လစဉ်အရစ်ကျ ပေးသွင်းနိုင်ရေးအတွက် နှစ်ရှည်အရစ်ကျ ပေးသွင်းသည့်စနစ်ဖြင့် ဝယ်ယူနိုင်အောင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အသေးစိတ်တွက်ချက်၍ စီစဉ်ပေးမည်” ဟု ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆိုသည်။လက်ရှိတွင် တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာများအား အခြေခံလူတန်းစားမှာ အမှန်တကယ် လက်တွေ့ကျကျ ဝယ်ယူနိုင်ခြင်းမရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။အနေကြာ ကျူးကျော်တဲအိမ်များစာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိပြီး နေထိုင်ရန် မြေပိုင်ဆိုင်မှု မရှိသူများအတွက် အငှားချ ပြည်သူ့အိမ်ရာစနစ်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

Most Read

Most Recent