ကချင်ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း UNA ထုတ်ပြန်

ကချင်ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း UNA ထုတ်ပြန်
Published 27 January 2015
ကျော်ဇင်ဝင်း

ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။အဆိုပါ ထုတ်ပြန်ချက်၌ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) ဒေသကောင်းခါးကျေးရွာ၊ ဘုရားကျောင်းဝင်း အတွင်းရှိ နေအိမ်တွင် ကချင်နှစ်ခြင်းအသင်းတော်မှ စေတနာ့ဝန်ထမ်း ဆရာမများ ဖြစ်ကြသော မခေါန်နန်စင်နှင့် မရမ်လုရာတို့ နှစ်ဦးသည် လူတစ်စု၏ အဓမ္မပြုကျင့်ပြီး လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည့်အတွက် UNA အဖွဲ့အနေဖြင့် များစွာဝမ်းနည်း ကြေကွဲခြင်းဖြစ်ရကြောင်း ဖော်ပြထားသည်။ထို့ပြင် ဝေးလံသောဒေသတွင် စေတနာအပြည့်အဖြစ် အနစ်နာခံ ဆောင်ရွက်နေကြသည့် ဆရာမများ ဖြစ်ကြသောကြောင့် ယခုဖြစ်ရပ်သည် သာမန်မျှသာ မဟုတ်တော့ဘဲ အဆိုပါ ဆရာမများ၏ မေတ္တာတရားများ၊ စေတနာတရားများ၊ ချစ်ခြင်းမေတ္တာများကိုပါ စော်ကားထိခိုက် နစ်နာစေခြင်းဟု ရှုမြင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။မြန်မာနိုင်ငံ၏ ယနေ့ကာလသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အပစ်ရပ်ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသော ကာလဖြစ်သည့် အားလျော်စွာ ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သောကြောင့် များစွာအလေးဂရုပြုရမည်ဖြစ်ကြောင်း၊ အထိခိုက်မခံသော ယခုလို ကာလတွင် အလေးအနက်ထား ဂုဏ်ပြုရမည့် မေတ္တာရှင်များကို စော်ကားသတ်ဖြတ်ကြသည့် လူတစ်စု၏ လုပ်ရပ်သည် မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်သော လုပ်ရပ်ဖြစ်သည့်အပြင် လူသားမဆန်သော လုပ်ရပ်ဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြပါရှိသည်။

Most Read

Most Recent