(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို သံဃာတော်အပါး ၈၀၀ ကျော်ဖြင့် စတင်ကျင်းပ

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို သံဃာတော်အပါး ၈၀၀ ကျော်ဖြင့် စတင်ကျင်းပ
Published 27 January 2015
အောင်ဇော်ထွန်း

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး ပထမနေ့ကို ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်ပမှ လာရောက်သည့် သံဃာတော် ၃၂ ပါး အပါအဝင် သံဃာတော် ၈၀၄ ပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးရာများကို လျှောက်ထားခဲ့ကြောင်းနှင့် အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သံဃာ့အစည်းအဝေး၏ သဘာပတိ နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိ ဒုဒ္ဒသမရွှေကျင် သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဃိမဟာထေရ်၏ သြဝါဒကထာ အဖွင့်မိန့်ခွန်းလွှာကို သီတဂူဆရာတော် အရှင်ဉာဏိဿရက ဖတ်ကြားခဲ့ရာ “ရွှေကျင်ဂိုဏ်း အစည်းအဝေးကြီးများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ‘ရဟန်းတို့ ရဟန်းတို့သည် အမြဲမပြတ် တိုင်ပင်ညှိနှိုင်းဆွေးနွေး၍ သာသနာ့ကိစ္စများကို လုပ်ဆောင်နေသမျှ ကာလပတ်လုံး ရဟန်းများသည် ကြီးပွားတိုးတက်နေကြလိမ့်မည်၊ မည်သည့်အခါမျှ ဆုတ်ယုတ်လျော့ပါးခြင်း မဖြစ်နိုင်’ ဟူသော မြတ်ဗုဒ္ဓ၏ မိန့်ခွန်းတော်နှင့်အညီ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွား တိုးတက်ရေးအတွက် ဖြစ်ပါသည်ဘုရား” ဟု မိန့်ကြားသည်။မြတ်ဗုဒ္ဓ၏ မိန့်မှာချက်နှင့်အညီ ဆောင်ရွက်သည့် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးက ပြဋ္ဌာန်းသတ်မှတ်ထားသည့် လုပ်ငန်းကိစ္စများနှင့် မိမိတို့ ဒေသဆိုင်ရာ သံဃာ့အစည်းအဝေးများ၏ ပြဋ္ဌာန်းသတ်မှတ်ချက်တို့ကိုလည်း ညီညီညွတ်ညွတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဟုလည်း  ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်တွင် ပါဝင်သည်။ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးများ ဖြစ်ပေါ်လာရခြင်းမှာ ၁၉၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်က မော်လမြိုင်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ် ဝိုင်အမ်ဘီအေ အသင်းကြီး၏ ဆုံးဖြတ်ချက်ဖြစ်သော “အထက်မြန်မာပြည် သာသနာပိုင် ဆရာတော်ဘုရား၏ အာဏာစက်သည် အောက်မြန်မာပြည်သို့လည်း ပျံ့နှံ့လွှမ်းမိုးစေရန် ပြည်ပိုင်အစိုးရတို့သို့လည်း လျှောက်ထားတောင်းဆိုသင့်ကြောင်း” ဟူသည့် တောင်းဆိုချက်အရ အထက်မြန်မာနိုင်ငံ သုဓမ္မာသာသနာပိုင်၏ သြဇာကို အောက်မြန်မာနိုင်ငံသို့ ပျံ့နှံ့ရန် အလိုရှိမရှိ ပြည်ပိုင်အစိုးရက စုံစမ်းနေသဖြင့် အောက်မြန်မာနိုင်ငံရှိ ရွှေကျင်ဂိုဏ်းဝင် ရဟန်းတော်တို့ အဖြေကျပ်လျက် ရှိခဲ့ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် ရွှေကျင်ဂိုဏ်း ဗဟိုဌာနရှိ ဆရာတော်များနှင့် ဂိုဏ်းဝင်သံဃာထု၏ ကိုယ်စားပြု အစည်းအဝေးကြီးများကသာ စဉ်းစားဆုံးဖြတ်ဆောင်ရွက်ရန် ၁၉၂၀ ဇွန် ၂၃ ရက်တွင် မန္တလေးမြို့ ရွှေကျင်ဂိုဏ်း ဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည်ကျောင်းတွင် ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီးကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ရွှေကျင်ဂိုဏ်း ပထမဆုံး အစည်းအဝေးကြီးကို ၁၉၂၁ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်) တွင် မန္တလေးမြို့၌ စတင်ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ စစ်ကိုင်းတောင်ရိုး၊ ပဲခူး၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်းတောင်ရိုး၊ ရန်ကုန်၊ ညောင်ရွှေ၊ မန္တလေးတို့တွင် ကျင်းပခဲ့ပြီး (၁၈) ကြိမ်မြောက် ရွှေကျင်ဂိုဏ်း အစည်းအဝေးကို ၂၀၁၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၃) ခုနှစ်က မှော်ဘီမြို့ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကို သုံးနှစ်လျှင် တစ်ကြိမ် ကျင်းပရန် စီစဉ်ထားပြီး အကြိမ် (၂၀) မြောက် အစည်းအဝေးကို မည်သည့်မြို့တွင် ကျင်းပမည် ဆိုသည်ကို ယခု မှော်ဘီမြို့၌ ကျင်းပနေသည့် (၁၉) ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။အစည်းအဝေး ပထမနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အပါအဝင် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

Most Read

Most Recent