အဆမတန် မြင့်မားနေသည့် အိမ်ခြံမြေ ဈေးနှုန်းများ၊ မြို့ပြ လူနေသိပ်သည်းလာမှုနှင့် သွားရေးလာရေး ခက်ခဲကျပ်တည်းမှုများကြောင့် ရန်ကုန်မြို့တွင်းတွင် နေထိုင်လိုသူ လျော့ကျလာပြီး ဆင်ခြေဖုံး ဒေသများတွင် နေထိုင်လိုသူ များပြားလာကြောင်း အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် House.com.mm မှ လေ့လာချက်အရ သိရသည်။အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာရှာဖွေရန် မြန်မာနိုင်ငံ အနှံ့အပြားမှ လူများသည် ရန်ကုန်မြို့ပေါ်သို့ တက်လာကြသဖြင့် လူနေသိပ်သည်းမှုမှာ အဆမတန် တိုးပွားလာခဲ့သလို အိမ်ခြံမြေ လိုအပ်ချက်လည်း မြင့်မားလာခဲ့သည်။ထို့ပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ဈေးကွက်လိုအပ်ချက်နှင့် ဈေးကစားသူများကြောင့် သာမန်လူများ လက်လှမ်းမီနိုင်သည့် ပမာဏထက် များစွာမြင့်တက်သွားခဲ့သည်။ထိုသို့ လူနေသိပ်သည်းမှုနှင့် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်မားမှုတို့အပြင် ကားပိတ်ဆို့မှုများမှာလည်း အချိန်များစွာ ကြာမြင့်သည်အထိ ဆိုးရွားလာမှုကြောင့် သွားလာရ မလွယ်ကူသည့် မြို့အဖြစ်သို့ ရောက်ရှိလာခဲ့သည်။“ဒီဆင်ခြေဖုံး ဒေသတွေကို ပိုပြီး လူကြိုက်များလာတာကတော့ မြို့ထဲက အိမ်ခြံမြေဈေးနှုန်းတွေ အရမ်းကို မြင့်တက်လာတာကြောင့်က အဓိကပါပဲ။ မြို့ထဲမှာ သိန်း ၉ဝဝ ဝန်းကျင်လောက်မှ တိုက်ခန်းတစ်ခန်း ရမယ်ဆိုရင် ဒီဆင်ခြေဖုံး ဒေသတွေမှာ ကိုယ်ပိုင်ခြံနဲ့ဝင်းနဲ့ အိမ်တစ်လုံးကို ဝယ်လို့ရပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ဆင်ခြေဖုံးဒေသတွေကို ရှာဖွေတာ ပိုများလာပါတယ်။ အဓိကကတော့ လှိုင်သာယာမြို့နယ်ဘက်ပါ။ ရာခိုင်နှုန်းအားဖြင့်ဆို ၅ဝ၊ ၆ဝ ရာခိုင်နှုန်းလောက် တိုးလာပါတယ်” ဟု Real Link အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမောင်မောင်တင်က ပြောကြားသည်။အဆိုပါ အချက်များကြောင့် ရန်ကုန်မြို့တွင်း နေထိုင်လိုသူ လျော့ကျလာပြီး House.com.mm ၏ ဝက်ဘ်ဆိုက်တွင် ဆင်ခြေဖုံးဒေသများတွင် အိမ်ခြံမြေ ရှာဖွေမှုများမှာ ၂ဝ၁၄ ခုနှစ် ပထမနှစ်ဝက်ထက် ဒုတိယနှစ်ဝက်တွင် ၄၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ထိုသို့ အိမ်ခြံမြေရှာဖွေမှု များပြားလာသည့် ဆင်ခြေဖုံးမြို့နယ်များတွင် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များဖြစ်ကြောင်း သိရသည်။“ကားတွေပိတ်တဲ့အပြင် လူနေထူထပ်တဲ့ နေရာတွေက လေထုကလည်း ကားမီးခိုးငွေ့တွေ၊ ညှော်နံ့တွေနဲ့ အသက် ဝဝ မရှူရပါဘူး။ ဒါကြောင့် ဒီတစ်ခေါက် အိမ်သက်တမ်းပြည့်ရင် မြောက်ဒဂုံဘက်ကိုပဲ ပြောင်းပြီး ငှားနေတော့မယ်။ ရထားစီးပြီးပဲ ရုံးတက်တော့မယ်” ဟု ရန်ကုန်မြို့တွင်းတွင် အိမ်ငှားရမ်း နေထိုင်သူတစ်ဦးက ပြောကြားသည်။ဆင်ခြေဖုံးဒေသများတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာသော်လည်း ရန်ကုန်မြို့တွင်း မြို့နယ်များထက် နိမ့်ပါးနေသေးသဖြင့် မြို့တွင်းမြို့နယ်များတွင် တိုက်ခန်းများဖြင့် နေထိုင်သူများက ဆင်ခြေဖုံးဒေသများတွင် ဝင်းခြံနှင့်အိမ်များကို ပိုမိုရွေးချယ်လာခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မားလွန်းသည့် ဈေးနှုန်း၊ လူနေထူထပ်မှုနှင့် သွားလာရ ခက်ခဲမှုတို့ကြောင့် ရန်ကုန်မြို့တွင်းထက် ဆင်ခြေဖုံး ဒေသများ၌ နေထိုင်လိုသူ များလာ