၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းများလစာတိုးပေးရန် လစာစရိတ်စုစုပေါင်း ငွေကျပ်ဘီလျံ ၂၉၀၀ ကျော် လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းများလစာတိုးပေးရန် လစာစရိတ်စုစုပေါင်း ငွေကျပ်ဘီလျံ ၂၉၀၀ ကျော် လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား
Published 27 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းများ လစာတိုးပေးရန် လစာစရိတ် စုစုပေါင်းငွေကျပ် ဘီလျံ ၂၉ဝဝ ကျော်ကို လျာထားကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဇန်နဝါ ရီ ၂၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည်။
 
“၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်အတွက် စုစုပေါင်း ကျပ် ၂,၉ဝ၁ ဒသမ ၇၆၃ ဘီလျံ လျာထားပါတယ်။ လစာတိုးပေးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့်ကြုံတွေ့လာရနိုင်သည့် အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းအဖြေရှာ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
 
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ အခမဲ့ဆေးကုသပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်တွင် ကျပ် ၃၇ ဒသမ ၄၉၂ ဘီလျံ ထည့်သွင်းလျာထားကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်ပေးနိုင်ရန် အနေအထားအမျိုးမျိုးဖြင့် တွက်ချက်ခဲ့ပြီး ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများက တင်ပြလာသော ရငွေသုံးငွေအခြေအနေများ၊ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရန် ဦးစားပေးရမည့်အသုံးစရိတ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုက ဖြည့်ဆည်းထောက်ပံ့ရမည့် အသုံးစရိတ်များကိုပါ ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော လစာတိုးမြှင့်မှုကို ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဝင်းရှိန်က ဆိုသည်။
 
ပြည်ထောင်စုအစိုးရလက်ထက် နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့်မှုများအနေဖြင့် ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေ တိုးမြှင့်ပေးခြင်း၊ ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် အပိုထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ စီခွင့်ပြုခြင်း၊ ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်နှင့် ၂ဝ၁၄ ခုနှစ် ဧပြီ  ၁ ရက်တို့တွင် လစာနှုန်းကျပ် ၂ဝဝဝဝ စီ တိုးမြှင့်၍ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။
 
လက်ရှိတွင် နေ့စားဝန်ထမ်းသည် တစ်နေ့ ကျပ် ၃ဝဝဝ (စနေ၊ တနင်္ဂနွေမပါ)၊ ရုံးအကူအဆင့်သည် တစ်လ ကျပ် ၇၅ဝဝဝ နှင့် စရိတ်ချီးမြှင့်ငွေကျပ် ၃ဝဝဝဝ ရရှိလျက်ရှိကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၈ဝဝဝဝ ဖြစ်ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent