နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ငါးခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ကျဆင်းနေ

နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ငါးခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ကျဆင်းနေ
Published 25 January 2015

လွယ်ဂျယ်၊ ကော့သောင်း၊ မြိတ်၊ စစ်တွေနှင့် ရိဒ်နယ် စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ငါးခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ကျဆင်းနေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် လွယ်ဂျယ်နယ်စပ်စခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၂ ဒသမ ၄၈၈ သန်း ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာငါးသန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် ကော့သောင်းနယ်စပ်စခန်းမှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၅ ဒသမ ၈၉၉ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုထက် ဒေါ်လာ ၂၉ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။  မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၁ ဒသမ ၃၈၈ သန်း ရရှိခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာခြောက်သန်းကျော် လျော့နည်းနေကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသည့် စစ်တွေနယ်စပ်စခန်းမှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဒသမ ၂၁၈ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာရှစ်သန်းကျော် လျော့နည်းရရှိခဲ့ကြောင်း သိရသည်။မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် ရိဒ်နယ်စပ်စခန်းမှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၃၁၀ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသုံးသန်းကျော် လျော့နည်းခဲ့ကြောင်း သိရသည်။တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာဘက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၆ ရက်အထိ နယ်စပ်စခန်း အားလုံး၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၀၆၀ ဒသမ ၄၅၄ သန်း ရရှိထားကြောင်း သိရသည်။အိမ်နီးချင်းနိုင်ငံလေးခုနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း ခုနစ်ခုဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း သိရသည်။ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများ၌ ပြုလုပ်နေကြောင်း သိရသည်။ နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများ အားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။

Most Read

Most Recent