အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တင်ပြမည်

အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တင်ပြမည်
Published 25 January 2015

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က အနည်းဆုံး အခကြေးငွေကို တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။CTUM အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းဇော်က “ကျွန်တော်တို့ ဇန်နဝါ ရီ ၂၈ ရက် နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ ဆွေးနွေးလို့ရရှိတဲ့ အချက်တွေကို ဝန်ကြီးဌာနကို တင်ပြသွားပါမယ်။ တစ်နေ့အလုပ်ချိန် ရှစ်နာရီအပေါ် မူတည်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီဈေးနှုန်း သတ်မှတ်ပေးဖို့ရယ်။ တစ်နိုင်ငံလုံး တစ်ပြေးညီဈေးနှုန်း သတ်မှတ်တဲ့နေရာမှာ ဝန်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူချက်အပေါ် မူတည်ပြီးတော့ ဒေသအလိုက် မဟုတ်ဘဲနဲ့ ဖွံ့ဖြိုးမှုအဆင့် (၁)၊ အဆင့်(၂)၊ အဆင့် (၃)ဆိုပြီး သတ်မှတ်ပေးဖို့ပေါ့” ဟု ပြောကြားသည်။ဝန်ကြီးဌာနမှ ချထားပေးသည့် နိုင်ငံတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် လုပ်ငန်းကဏ္ဍအဆင့် သတ်မှတ်သင့်၊ မသင့်၊ အနည်းဆုံး အခကြေးငွေ၏ အဓိပ္ပာယ်နှင့် အနည်းဆုံး အခကြေးငွေဟူသော ခေါင်းစဉ်အောက်တွင် အခြားသော ရှားပါးစရိတ်၊ ထောက်ပံ့စရိတ်နှင့် အချိန်ပို စရိတ်တို့ ပါဝင်သင့်၊ မပါဝင်သင့်ဟူသော ခေါင်းစဉ်သုံးခု အပေါ်တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အခြားသော ထောက်ပံ့ကြေး၊ အချိန်ပိုကြေး၊ ဆုကြေးငွေ၊ အချိန်ပိုကြေး စသည်တို့ မပါဝင်ဘဲ တစ်ရက်အလုပ်ချိန် ရှစ်နာရီ အပေါ်တွင်သာ တွက်ချက်ပေးရန် သဘောထားရှိကြောင်း သိရသည်။“အနည်းဆုံး အခကြေးငွေ လုပ်အားခကို သတ်မှတ်လို့ရှိရင် ကျွန်တော်တို့က ဈေးမသတ်မှတ်ဘူး။ အလုပ်သမားတစ်ယောက် လုပ်လို့ရှိရင် သူ့ရဲ့မိသားစုသုံးဦး စားသောက်မှု ဖူလုံစေတဲ့ဈေးနှုန်း ဖြစ်ရမယ်။ မိသားစု တစ်စုဆိုရင် မိသားစု တစ်စုမှာ သုံးယောက်ရှိရင် တစ်နေ့တာမှာ အဲဒီမိသားစု စားသုံးလိုက်တဲ့ ကုန်ကျစရိတ်က ၅၀၀၀ ကျတယ်ဆိုရင် အဲဒီငါးထောင်ကို ဖူလုံမိတဲ့ဈေးနှုန်း ဖြစ်ရမယ်လို့ ဖြည့်စွက်တင်ပြရမယ်” ဟု ဦးဝင်းဇော်က ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း ရက်၂၀ ကြာ နိုင်ငံတစ်ဝန်းမြို့နယ် ၁၀၈ မြို့နယ်တွင် စစ်တမ်းကောက်ယူသွားမည်ဖြစ်သည်။အဆိုပါ စစ်တမ်းမှ ရရှိသည့် အချက်များကို အခြေခံ၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနှင့် ပညာရှင်များ ဆွေးနွေးကာ ၂၀၁၅ နှစ်လယ်ပိုင်းတွင် သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား စတင်ညှိနှိုင်းနိုင်မည်ဟုလည်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ပြောကြားသည်။