ဦးတေဇ အပါအဝင် ခရိုနီလုပ်ငန်းရှင်ကြီးများ သတင်းစာရှင်းမယ်ဆိုရင် . . .

ဦးတေဇ အပါအဝင် ခရိုနီလုပ်ငန်းရှင်ကြီးများ သတင်းစာရှင်းမယ်ဆိုရင် . . .
Published 25 January 2015
နေထွန်းနိုင်၊ မာန်သူရှိန်

ဇန်နဝါရီ ၁၉ ရက်မှာ ခရိုနီလုပ်ငန်းရှင်ကြီး ဦးတေဇက သူ့အိမ်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် လုပ်ခဲ့ပါတယ်။ယူရေနီယံ ဓာတ်သတ္တု အများအပြား ပါဝင်တဲ့ ကျောက်တချို့ကို သူတွေ့ထားတယ်လို့ ဦးတေဇက ပြောပါတယ်။ သူ တွေ့ထားတယ် ဆိုတဲ့ ယူရေနီယံတွေ ဟုတ်၊ မဟုတ်  အစိုးရက တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။ ဦးတေဇကတော့ အခိုင်အမာ ပြောပါတယ်။ပိုပြီး ဇာတ်နာစရာ ကောင်းတာက တွေ့ထားတဲ့ ကျောက်တွေကို ယူရေနီယံ ဟုတ်၊ မဟုတ် သူကိုယ်တိုင် စမ်းသပ်ခဲ့တယ်၊ ဒီအတွက် ဓာတ်ရောင်ခြည် သင့်သွားခဲ့တယ်၊  ခန္ဓာကိုယ် သွေးယိုစီးတာ၊ အမြင် အာရုံထိခိုက်တာ၊ ကိုယ်အပူချိန် မြင့်တက်တာတွေ ခံစားနေရတယ်လို့ သူက ဆိုပါတယ်။  ယူရေနီယံ ဓာတ်ရောင်ခြည် သင့်ထားလို့ သူ့ကျန်းမာရေး စိုးရိမ်စရာ ကောင်းနေပြီ။ ကုလို့ရတဲ့ ဆေးတွေ ဝယ် မရသေးတာမို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ဆေးကိုသာ ဝယ်ရခဲ့ရင် သတင်းစာ ရှင်းလင်းပွဲ မလုပ်ဘူးလို့ ဦးတေဇက ဆိုလိုချင်တာပါ။သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုံးကို ခြုံကြည့်ရင်တော့ ယူရေနီယံတွေ့ထားတယ် ဆိုတာကို ပြောချင်တာက တစ်ချက်၊ ဓာတ်ရောင်ခြည် သင့်ထားလို့ သူ့ကျန်းမာရေး စိတ်မချရတော့ဘူးလို့ ပြောချင်တာက တစ်ချက်၊ သူ့အကြောင်း ဇာတ်နာအောင် ပြောချင်တာတွေ များခဲ့ပါတယ်။ သူတွေ့ထားတယ် ဆိုတဲ့ ယူရေနီယံ ဓာတ်သတ္တု မှန်ခြင်း၊ မမှန်ခြင်းကို အစိုးရက ဒီနေ့အထိ ထုတ် မပြောသေးပါဘူး။♦ ဦးတေဇနှင့် ထင်ပေါ်လိုမှု၂ဝ၁၁ ခုနှစ် နောက်ပိုင်း ကာလတွေမှာ ဦးတေဇဟာ မီဒီယာ သမားတွေနဲ့ မကြာခဏ တွေ့လာပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် အနောက် မြောက်ပိုင်းမှာ ရှိတဲ့ ဖုန်ကာရာဇီ ရေခဲတောင်မှာ ရဟတ်ယာဉ် ပျက်ကျပြီး နောက်ပိုင်း ပို ပြောလာပါတယ်။ အဲဒီ နောက်ပိုင်းကတည်းက သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားတယ် ဆိုပြီး ဂုဏ်ယူစွာ ပြောပါတယ်။ သူ့ကို ကယ်ဆယ်ခဲ့ သူတွေကို ကျေးဇူးတင်ကြောင်း တဖွဖွပြောပြီး အစိုးရကိုလည်း အမွှမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။မီဒီယာတွေနဲ့ တွေ့တိုင်း ဦးတေဇ ပြောလေ့ ရှိတာတွေကို ပြန်ကြည့်ရင် သူ့လုပ်ငန်း အရှုံးပေါ်နေတာတွေ၊ အရှုံးပေါ်ပေမဲ့ နိုင်ငံ အတွက် အနစ်နာခံ လုပ်ပေးနေတယ် ဆိုတာတွေက ပိုများပါတယ်။၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဦးတေဇက သတင်းထောက်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူ့ရဲ့ Air Bagan လေကြောင်းလိုင်း အရှုံး ပေါ်နေကြောင်း  ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည် အကျိုး အတွက် လေကြောင်းလိုင်း ဆက်လက် ပျံသန်းထားပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေ အထိ ပျံသန်းနေတယ်လို့ ဆိုပါတယ်။၂ဝ၁၄ ခုနှစ် အတွင်းမှာပဲ ဦးတေဇဟာ သူ့ကိုယ်သူ ပိုပြီး ထင်ပေါ်အောင် လုပ်လာခဲ့တာတွေ ရှိပါတယ်။ လူမှုကွန်ရက် အင်တာနက် စာမျက်နှာ Facebook မှာရှိတဲ့ သူ့ကိုယ်ပိုင် စာမျက်နှာကနေ သူ့ အကြောင်း ပြောတာတွေ များလာပါတယ်။ဒီလို ပြောကြားမှုတွေထဲမှာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လအတွင်းက ဖြစ်ပျက်ခဲ့တဲ့ တောင်တက်သမားနှစ်ဦးပျောက်ဆုံးမှုကိစ္စကလည်း အထင်အရှားဖြစ်ခဲ့ပါတယ်။သဘာဝခေါ်သံ ဖောင်ဒေးရှင်း အစီအစဉ်နဲ့ ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်မှာ တောင်တက် သမားနှစ်ဦး ပျောက်ဆုံး ခဲ့တာပါ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ပျောက်ဆုံး တောင်တက် သမားတွေ ရှာဖွေမှုမှာ ဦးတေဇ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာပဲ ဦးတေဇ ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်မှူး တစ်ဦး ထပ်ပြီး သေဆုံးခဲ့ရပါတယ်။ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦး ပျောက်ဆုံးမှု ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး ဦးတေဇရဲ့သတင်းတွေ ပလူပျံခဲ့ပါတယ်။ ဩဂုတ်လကနေ အောက်တိုဘာလအထိ သူ့ ရဲ့ Facebook စာမျက်နှာမှာ နေရာ ယူခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံ၊ ရှင်းလင်းတာတွေလည်း လုပ်ခဲ့ပါတယ်။ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း ဘယ်လို အနစ်နာခံပြီး သူ လုပ်ခဲ့တယ်။ သူ့ရဲ့စိတ်သဘာထားတွေက ဘယ်လို ဆိုပြီး ပြောဆိုခဲ့တာတွေက လိုတာထက် ပိုတဲ့ ချဲ့ကားမှုတွေ ဖြစ်ခဲ့တယ်လို့ စာဖတ်သူတွေ ဘက်က ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ခါကာဘိုရာဇီ ဖြစ်စဉ် အပြီးမှာ ဦးတေဇ တစ်ကျော့ ပြန်ပေါ်လာပါတယ်။ ယူရေနီယံတွေ ရှာတွေ့ထားပြီဆိုတဲ့ သတင်းနဲ့အတူ ဖြစ်ပါတယ်။ခရိုနီ လုပ်ငန်းရှင်ကြီး ဦးတေဇနဲ့ ပတ်သက်လို့ ရှိရင် ပြည်သူတွေ သိချင်နေတာက အခုချိန်မှာ ဘယ်လို အနစ်နာခံပြီး လုပ်နေတယ်၊ သူ့လုပ်ငန်းတွေ ဘယ်လို အရှုံးပေါ်နေတယ် ဆိုတာတွေ မဟုတ်ပါဘူး။သစ်ပင်တွေ စိုက်ပြ၊ လူ့မှုရေးတွေ လုပ်ပြ၊ ပညာရေးမှာ လှူဒါန်းပြ နေတာတွေ ကိုလည်း ပြည်သူတွေ မသိချင်ပါဘူး။ အရင် စစ်အစိုးရ လက်ထက်မှာ ဦးတေဇ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက သိချင်နေတာပါ။ သူ လုပ်ခဲ့တာတွေ အတွက်၊ အထူးသဖြင့် ခရိုနီ လုပ်ငန်းရှင် တစ်ဦးက သူ့ လုပ်ငန်းတွေ အတွက် အခွန်ငွေ ဘယ်လောက် ဆောင်ထားလဲ ဆိုတာကို ပြည်သူတွေ သိချင် နေပါတယ်။♦ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်ဦးတေဇနဲ့ ပတ်သက်ပြီး သဲသဲကွဲကွဲ မသိရတဲ့ အချက်တွေ အများကြီးရှိပါတယ်။၂ဝ၁၁ ခုနှစ် စက်တင်ဘာလထဲမှာ နာမည်ကျော် Forbes မဂ္ဂဇင်းက ဦးတေဇ အကြောင်း ဆောင်းပါး ရေးခဲ့ပါတယ်။ “Burma's Showy Crony ” ဆိုတဲ့ ဆောင်းပါးပါ။ ဦးတေဇကို ရှားရှားပါးပါး တွေ့ဆုံ မေးမြန်းပြီး ရေးခဲ့တာ ဖြစ်ပါတယ်။၂ဝ၁၄ ခုနှစ် ဇူလိုင်မှာပဲ ဦးတေဇ အကြောင်းကို Forbes မဂ္ဂဇင်း က ထပ်ဖော်ပြပါတယ်။ “ Burmese Tycoon Tay Za Under Scru tiny ” လို့ ခေါင်းစဉ် ပေးခဲ့ပါတယ်။  ၤForbes မဂ္ဂဇင်းက ဖော်ပြထားခဲ့တဲ့ ဆောင်းပါး နှစ်ပုဒ်ရဲ့ အချိန် ကွာခြားချက် သုံးနှစ်နီးပါး ကြာပါတယ်။ ဒါပေမဲ့ ဆောင်းပါး နှစ်ပုဒ်လုံးမှာ ပါတဲ့ ဖော်ပြချက်တွေ အရ ဦးတေဇ အပေါ် မေးခွန်းထုတ်မှုတွေ ပြောင်း မသွားပါဘူး။အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် သူ့ မိသားစုပိုင် စီးပွားရေးတွေကိုသာမက သူ့ ကုမ္ပဏီတွေမှာ ပါရှိတဲ့ ဝန်ထမ်း သုံးသောင်းကိုပါ ထိခိုက်စေတယ်လို့ ဦးတေဇက ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း Air Bagan လေကြောင်းလိုင်း တစ်ခုတည်းက အမေရိကန် ဒေါ်လာ သန်း ၉ဝ ကျော် အရှုံးပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ၂ဝ၁၄ ခုနှစ် ဧပြီလထဲမှာပဲ စင်ကာပူနိုင်ငံ United Oversea Bank (UOB) က ဦးတေဇရဲ့ ပြည်ပ ငွေစာရင်းကိုးခုကို ပိတ်ခဲ့ပါတယ်။ ဒီအတွက် ဖြေရှင်းချက် မပေးပါဘူး။ဒါပေမဲ့ ဒီလို ပိတ်ခဲ့ခြင်းက ဦးတေဇနဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေအကြား အဆက်အစပ် ရှိမှုကို ထင်ရှား စေခဲ့ပါတယ်။ ဦးတေဇက သူငွေလွှဲခဲ့တဲ့ မှတ်တမ်း အချက်အလက်တွေကို Forbes မဂ္ဂဇင်းကို ထုတ်ပြခဲ့ပါတယ်။ ဒီအထဲမှာပါတဲ့ ကုမ္ပဏီတစ်ခုက မြောက်ကိုရီးယား က ဟန်ပြ တည်ထောင်ထားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ဦးတေဇ ထုတ်ပြခဲ့တဲ့ ကုမ္ပဏီတွေထဲက Fortune Sun International Trading ကုမ္ပဏီဆိုတာ ဟန်ပြ အနေနဲ့ မြောက်ကိုရီးယားက ဖွင့်ထားတဲ့ ကုမ္ပဏီ ဖြစ်နေပါတယ်။  မြောက်ကိုရီးယားပိုင် Tunchon စီးပွားရေး ဘဏ်က ဖွင့်ထားခဲ့တာပါ။ အဲဒီ ဘဏ်ဟာ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ ခံထားရပါတယ်။ စစ်လက်နက်၊ ဒုံးကျည်နဲ့ အဲဒါတွေကို ထုတ်လုပ်တဲ့အခါ သုံးတဲ့ ကုန်ပစ္စည်း ရောင်းချမှုတွေ အတွက် ငွေကြေးအရ အဓိက တာဝန်ရှိတယ် ဆိုပြီး အရေးယူ ထားတာပါ။      Forbes မဂ္ဂဇင်းမှာတော့ ဦးတေဇက သူဟာ အစိုးရ ကိုယ်စား ငွေပေးချေ ခဲ့ခြင်းပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ငွေပေးချေမှု အများစုဟာ စစ်အစိုးရ လက်ထက်မှာ ဖြစ်ခဲ့တာ မှန်ပေမယ့် ပေးချေမှု တစ်ခုက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။Forbes မဂ္ဂဇင်းမှာပဲ ဦးတေဇက ရုရှား နိုင်ငံလုပ် MI-17 ရဟတ်ယာဉ် တွေကို ရောင်းခဲ့တဲ့ အကြောင်း ဝန်ခံခဲ့ပါတယ်။ သေချာတဲ့ အချက်တစ်ခုကတော့ စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှုတွေမှာ ဦးတေဇက ကြားခံ လုပ်ခဲ့ပြီး အဲဒါတွေ အတွက် အကျိုးအမြတ် ဘယ်လောက် ရသလဲဆိုတာကို မသိရပါဘူး။♦ ဆင်းရဲသော ပြည်သူများနှင့် ဆန့်ကျင်ဘက်တွင် ရှိခဲ့သူ၂ဝ၁၁ ခုနှစ်မှာ ဖော်ပြခဲ့တဲ့ Forbes မဂ္ဂဇင်း ဆောင်းပါးမှာလည်း စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှုတွေမှာ ဦးတေဇ ပါခဲ့တာတွေကို ထောက်ပြခဲ့ပါတယ်။ ဦးတေဇကို လက်နက် ကုန်သည်တစ်ဦး လို့တောင် သုံးနှုန်းခဲ့ပါတယ်။  သန်းပေါင်းများစွာသော မြန်မာပြည်သူတွေက တစ်နေ့ ဝင်ငွေ တစ်ဒေါ်လာအောက်မှာ ရှိနေချိန်မှာ ဦးတေဇက အဖိုးတန် အိမ်၊ ကိုယ်ပိုင် ဂျက်လေယာဉ်၊ ဇိမ်ခံကား များစွာနဲ့ နေထိုင်နေသူ ဖြစ်တယ်။ သူဟာ မြန်မာပြည်သူတွေကို ဆင်းရဲတွင်းထဲ တွန်းပို့ ထားသူတွေနဲ့ အကြောင်းပေါင်း သင့်သူ ဖြစ်တယ်လို့လည်း မဂ္ဂဇင်း ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာ ထူးခြားစွာ ဖော်ပြခဲ့တာက ဦးတေဇရဲ့ဝင်ငွေဖြစ်ပါတယ်။ ဦးတေဇကို  သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အတွက် မေးမြန်းခဲ့တယ်။ ဒါပေမဲ့ ရေရေရာရာ ရှင်းပြတာမျိုး မရှိခဲ့ဘူး။ တခြား အကြောင်းအရာတွေကိုသာ ပြောဖို့ စိတ်အား ထက်သန်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ အီတလီ သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ဦးတေဇရဲ့ နှစ်စဉ်ဝင်ငွေကို Forbes မဂ္ဂဇင်း ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖော်ပြထားချက် အရ ဦးတေဇရဲ့ နှစ်စဉ် ဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ရှိတယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း Wall Street ဂျာနယ်၏ ဖော်ပြချက် အရလည်း အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃ဝ ဦးစာရင်းမှာ ဦးတေဇက အဆင့် ၁၂ နေရာမှာ ရှိခဲ့ပါတယ်။Forbes မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အချက်အလက် အရပဲ ဦးတေဇဟာ  ဘီလျံနာ သူဌေးမဖြစ်မီအချိန်ကတည်းက ထိုင်း-မြန်မာနယ်စပ် အပါအဝင် ဝေးလံတဲ့အရပ်တွေမှာ သစ်ထုတ်လုပ်ခွင့် လေလံ အောင်ခဲ့တယ်။ အဲဒီအချိန်မှာ အမေရိကန် ဒေါ်လာ ၁ဝ ဒေါ်လာတန်တဲ့ ခုတ်လှဲပြီး သစ်တွေကို အမေရိကန် ဒေါ်လာ ၅ဝဝ နဲ့ အမေရိကန်ဒေါ်လာ ၄၉ဝ အမြတ်တင်ပြီး ရောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနည်းက တဆင့် သူဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး သစ်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဖြစ်လာခဲ့တယ်။ ဝီကီလိဂ် ပေါက်ကြားမှုရဲ့ ကြေးနန်းစာ တစ်စောင်မှာလည်း ၂ဝဝ၇ ခုနှစ် အတွင်းမှာတင် ဦးတေဇဟာ သစ်ထုတ်လုပ်ရေးက တစ်ဆင့် အမေရိကန်ဒေါ်လာ ၇၅ သန်း အမြတ်ရခဲ့တယ်လို့ သိရပါတယ်။သစ်လုပ်ငန်း အောင်မြင်မှုက တစ်ဆင့် ဦးတေဇဟာ ဟိုတယ်၊ အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလာရေး ဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်းများ အပါအဝင် အခြား စီမံကိန်းလုပ်ငန်းတွေကိုပါ လုပ်ဆောင်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းဆောင်းပါးက ဆိုပါတယ်။၂ဝ၁၁ ခုနှစ် အတွင်းမှာ ဖော်ပြခဲ့တဲ့ Forbes မဂ္ဂဇင်းဆောင်းပါးမှာ ဦးတေဇရဲ့ အဓိက ပိုင်ဆိုင်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်တွေအရ Air Bagan လေကြောင်းလိုင်းက အမေရိကန် ဒေါ်လာ ၂၅ သန်းမှ ၃၅ သန်းအတွင်း တန်ကြေး ရှိတယ်လို့ ခန့်မှန်းပါတယ်။  AGD ဘဏ်ရဲ့ တန်ကြေးကို ဖော်ပြခြင်း မရှိပေမယ့် သူ ပိုင်ဆိုင်ထားတဲ့ ဟိုတယ်တွေရဲ့တန်ကြေးက အမေရိကန် ဒေါ်လာ သန်း ၁၂ဝ မှ ၁၅ဝ အတွင်းရှိမယ်လို့ ခန့်မှန်းခဲ့ ကြပါတယ်။ နီကယ်၊ ကျောက်စိမ်း၊ ထုံးကျောက်၊ ရွှေတူးဖော်ရေးတွေ အပါအဝင် မိုင်းလုပ်ငန်းများ ပိုင်ဆိုင်ထားမှုကို ဖော်ပြပြီး ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေ လုပ်ငန်းတွေရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ သန်း ၃ဝ နဲ့ ၄ဝ ကြားရှိမယ်ဆိုပြီး Forbes မဂ္ဂဇင်းက ခန့်မှန်းခဲ့ပါတယ်။ သစ်၊ ပဲ နဲ့ ဆန်ကို အဓိက တင်ပို့တဲ့ ပို့ကုန် လုပ်ငန်းတွေကိုလည်း ဦးတေဇရဲ့ပိုင်ဆိုင်မှု အဖြစ် ဖော်ပြခဲ့ပြီး ဒီလုပ်ငန်းတွေက ရတဲ့ ဝင်ငွေကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။Forbes မဂ္ဂဇင်းက ဒီလောက်ပဲ ဖော်ပြထားပေမဲ့ ကျွန်တော်တို့ သိထားတဲ့ အချက် အလက်တွေ ရှိနေပါသေးတယ်။ ဦးတေဇရဲ့ ပိုင်ဆိုင်မှုကို ခန့်မှန်းရ ခက်ပေမယ့် ရရှိတဲ့အချက် အလက်တွေအရ ပျှမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကနေ ၂ ဘီလျံအထိ ရှိနိုင်ပါတယ်။  ♦ သစ်လုပ်ငန်းက ငွေဘယ်လောက် ဝင်ခဲ့သလဲ  ဦးတေဇရဲ့ထူးကုမ္ပဏီဟာ  အရင်တုန်းက ဘယ်လောက်အထိ သစ်ခုတ်ခွင့် ရခဲ့တယ်ဆိုတာ အစိုးရက မထုတ်ပြန်ခဲ့ပေမယ့် အစိုးရသစ် လက်ထက်မှာတော့ သုံးနှစ်ထဲနဲ့ကို ကျွန်းနဲ့ သစ်မာ တန်ချိန် ၂၂၅,ဝဝဝ အထိ ခုတ်ခွင့် ရခဲ့ပါတယ်။ဒါဟာ တရားဝင် ခုတ်ခွင့်ရတဲ့ ပမာဏဖြစ်ပြီး တစ်နှစ်ကို ပျမ်းမျှ တန်ချိန် သိန်းနဲ့ချီပြီး အရင်အစိုးရ လက်ထက် တုန်းကလည်း ခုတ်ခွင့်ရခဲ့တယ်လို့ သစ် လုပ်ငန်းရှင်တွေကြားမှာ သိထားပါတယ်။ ဒါပေမဲ့ ၁ဝ စုနှစ်တစ်စု အတွင်း ဦးတေဇကို သစ်ခုတ်ခွင့် ဘယ်လောက် အထိပေးခဲ့တယ် ဆိုတာကိုတော့ အစိုးရဘက်ကရော ဦးတေဇတို့ ဘက်ကပါ တိတိကျကျ ထုတ်ပြန်ပေးတာမျိုး မကြားခဲ့ရပါဘူး။လုပ်ငန်းရှင်တွေ ကြားသိထားတဲ့ တစ်နှစ် ပျမ်းမျှ သစ်တန်ချိန် တစ်သိန်းကျော်သာ အမှန် ဆိုရင်တော့ ဆယ်စုနှစ်တစ်စု အတွင်း ဦးတေဇ တစ်ဦးတည်း တရားဝင် သစ်ထုတ်ခွင့်ရခဲ့တဲ့ ပမာဏက တန်ချိန်ပေါင်း သန်းနဲ့ချီနေပါပြီ။တစ်တန်ကို အမေရိကန်ဒေါ်လာ ၃ဝဝ၊ ၄ဝဝ၊ ၅ဝဝ မြတ်စွန်းခဲ့တယ် ဆိုရင် ဦးတေဇဟာ သစ်တစ်ခုတည်းက ဒေါ်လာ သန်းရာပေါင်းများစွာ မြတ်စွန်းခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။♦ စားအုန်းဆီ လုပ်ခွင့်ကနေ ဘယ်လောက်ရခဲ့လဲ   ဦးတေဇရဲ့ ထူးကုမ္ပဏီဟာ သစ်ထုတ်တဲ့ လုပ်ငန်းကနေ အမြတ်အစွန်း ကြီးမားစွာ ရပါတယ်။ သစ်လုပ်ငန်းက အမြတ်အစွန်း အတိုင်း နောက်ထပ် ရခဲ့တဲ့ လုပ်ငန်းက စားအုန်းဆီ လုပ်ငန်းပါပဲ။ဦးတေဇရဲ့ ထူး ကုမ္ပဏီဟာ တစ်လကို ပျမ်းမျှ စားအုန်းဆီ တန်ချိန် ၂ဝ,ဝဝဝ၊ တစ်နှစ်ကို တန်ချိန် ၂ဝဝ,ဝဝဝ နဲ့ အထက်အထိကို နှစ်ပေါင်းများစွာ တစ်ဦးတည်း တင်သွင်းခွင့် ရခဲ့ပါတယ်။စားအုန်းဆီ တစ်တန်ရဲ့အပေါ်မှာ အနည်းဆုံး ဒေါ်လာ ၃ဝဝ ကနေ ဒေါ်လာ ၄ဝဝ နဲ့ အထက် အထိ မြတ်စွန်းပါတယ်။ တကယ်လို့များ ဈေးကွက်ထဲ ပစ္စည်း ပြတ်လပ်တဲ့ အခါမျိုးဆိုရင် ဒေါ်လာ ၅ဝဝ လည်း မြတ်တယ်၊ ၆ဝဝ လည်း မြတ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။တစ်နှစ် တန်ချိန် ၂ဝဝ,ဝဝဝ နဲ့ အထက် သွင်းတယ်၊ တချို့နှစ်တွေဆို တန်ချိန် ၃ဝဝ,ဝဝဝ ဝန်းကျင် အထိ သွင်းခဲ့တဲ့ အတွက် တစ်နှစ် ဒေါ်လာ သန်းရာဂဏန်းလောက် ပျမ်းမျှ အမြတ် အစွန်းရသွားမှာပါပဲ။♦ ကျောက်စိမ်းကနေ ဘယ်လောက် ဝင်ခဲ့သလဲ   ဒါက သစ်နဲ့ စားအုန်းဆီ လုပ်ငန်း နှစ်မျိုးပဲ ရှိပါသေးတယ်။ အခြား ကျောက်မျက် လုပ်ငန်းကလည်း ဝင်ငွေများစွာ ရခဲ့ပါသေးတယ်။ ဝေးဝေးကြည့်ဖို့ မလိုပါဘူး။၂ဝ၁၄ ခုနှစ်အတွင်းက လုပ်ခဲ့တဲ့ ကျောက်မျက် ပြပွဲ တစ်ပွဲတည်းမှာပဲ ကျောက်စိမ်းတွေကို လေလံတင် ရောင်းတဲ့အခါ ထူးကျောက်မျက်၊ ထူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ နှစ်ခုက ကျောက်စိမ်းတွေဟာ ကျပ်သန်းပေါင်း ၄ဝဝဝ ကျော် (အမရိကန်ဒေါ်လာ ၄ သန်းကျော်၊ ယူရိုနဲ့ဆို ၃ ဒသမ ၂ သန်းကျော်) တန်ဖိုးနဲ့ လေလံတင် ရောင်းထွက်ခဲ့တာကို ကြည့်ရင်ပဲ ကျောက်မျက်ကလည်း တစ်နှစ်ဝင်ငွေ ဘယ်လောက် ရှိခဲ့သလဲ ခန့်မှန်းနိုင်ကြမှာပါ။ (တိုက်ပွဲဖြစ်၍ မလုပ်နိုင်သည့် ကာလမပါ)ဒါကတစ်ပွဲတည်းပါ။ ပွဲပေါင်း များစွာဆိုရင် ကျောက်မျက်ကနေ ဦးတေဇအနေနဲ့ ဒေါ်လာသန်း ဘယ်လောက် အထိ ရခဲ့သလဲ။♦ ဦးတေဇ တကယ်ရှင်းသင့်တာက   ဦးတေဇအနေနဲ့ သတင်းစာဆရာတွေနဲ့ တွေ့တဲ့အခါ တကယ် ရှင်းရမယ့် ကိစ္စတွေ ရှိနေတယ်။ဥပမာ-ဦးတေဇရဲ့ဝင်ငွေဟာ တစ်နှစ် ဒေါ်လာသန်း ၅ဝဝ ရှိတယ်လို့ ဆိုပါတယ်။ ဒါက တစ်နှစ်အတွက် ဝင်ငွေပါ။ ဝင်ငွေရဲ့ အနည်းဆုံး ၂ဝ ရာခိုင်နှုန်းနဲ့အထက်ဟာ အသားတင် အမြတ်ပါ။ ဒီလိုဆိုရင် ဆယ်စုနှစ် တစ်စုအတွင်း ဦးတေဇရဲ့အမြတ်ဝင်ငွေဟာ ဒေါ်လာ သန်း ၅ဝဝ ကနေ သန်း ၁ဝဝဝ အထိရှိမှာပါ။ ဒါကြောင့်လည်း ဘီလျံနာလို့ သူ့ကို သတ်မှတ်ကြတာပါ။ ဒါဆိုရင် သူ့အနေနဲ့ အမြတ် သီးသန့် ဒေါ်လာသန်း ၁ဝဝဝ အထိ အပေါ်မှာ ကိုက်ညီတဲ့ ဝင်ငွေခွန် ပမာဏဖြစ်တဲ့ ဒေါ်လာသန်း ၁၅ဝ လောက်ကနေ ဒေါ်လာသန်း ၃ဝဝ ကြား အခွန် ပေးဆောင်ခဲ့ရမှာပါ။ပြည်တွင်းအခွန်ကို မေးတော့ ပြည်တွင်းအခွန်က ဥပဒေအရ ပြောလို့မရဘူးလို့ပဲပြောတယ်။ ဦးတေဇကလည်း ထုတ်ပြောခဲ့တာမျိုး မကြားခဲ့ရဘူး။ အဲ့ဒီလောက် ပမာဏ ဆောင်ခဲ့သလား။ပြီးတော့ ဦးတေဇအနေနဲ့ ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီး ဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ ရန်ကုန်က လှော်ကား ဥယျာဉ်၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်နဲ့ ပုပ္ပားတောင် ဥယျာဉ်က အဆင့်မြင့် နားနေဆောင်တွေကို ဘယ်ဈေးနဲ့ ရခဲ့သလဲ။ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို တစ်ရက် ကျပ် ၅၄၈ဝဝ ပဲ နိုင်ငံတော်ကို ငှားခ ပေးရပါတယ်။ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ရဲ့ဝင်ငွေဟာ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ တစ်လကျပ် သိန်း ၁ဝဝဝ ကျော်၊ တစ်ရက်ကို ကျပ် ၃၃ သိန်းအထိ ဝင်ငွေရှိခဲ့ပါတယ်။ဒီလိုပဲ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ကိုလည်း တစ်ရက် ကျပ် ၂၇ဝဝဝ  ကျော်ပဲ နိုင်ငံတော်ကို ငှားခပေးရတဲ့ ဈေးနဲ့ ရခဲ့တယ်။ရန်ကုန် လှော်ကား ဥယျာဉ်ကိုလည်း တစ်ရက် ၅၆၁၆၅ ကျပ်ပဲ နိုင်ငံတော်ကို ငှားခပေးရတဲ့ ဈေးနဲ့ လုပ်ခွင့် ရထားပါသေးတယ်။ပုပ္ပားတောင် ဥယျာဉ်က အဆင့်မြင့် နားနေဆောင် ဆိုရင်လည်း အိပ်ခန်း အနည်းဆုံး ၃၅ ခန်းလောက်ပါပြီး ခရီးသွားရာသီ၊ နိုင်ငံခြားသား ခရီးသည်ဆို တစ်ရက် တစ်ခန်းကို ဒေါ်လာရာနဲ့ချီ ငှားခ ရပါတယ်။ဒါပေမဲ့ အဲ့ဒီ ပုပ္ပားတောင် နားနေဆောင်ကို အိပ်ခန်းနဲ့ တွက်မယ်ဆိုရင် အိပ်ခန်း တစ်ခန်းကို တစ်ရက် ၃၁၅၄ ကျပ်ပဲ နိုင်ငံတော်ကို ငှားခပေးရတဲ့ ဈေးနဲ့ လုပ်ခွင့် ရခဲ့သေးတယ်။ဒါတွေက ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်း အထိ အဲ့ဒီဈေးတွေနဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီက ပြည်သူပိုင် လုပ်ငန်းတွေကို ရယူ လုပ်ကိုင်နေခဲ့တာပါ။ဦးတေဇ အနေနဲ့ လူအများက သူ့ကို လူကောင်းအဖြစ် မြင်စေချင်တယ် ဆိုရင် (၁) အရင်ဆုံး ကိုယ့် ပိုင်ဆိုင်မှု၊ ကိုယ့် ဝင်ငွေနဲ့ ကိုက်ညီတဲ့ အခွန်ဆောင် လိုက်ပါ (၂) တန်ရာ တန်ကြေးနဲ့ မဟုတ်ဘဲ ရထားတဲ့ လုပ်ငန်းတွေကို ပြည်သူ့လက် ပြန်အပ်လိုက်ပါ။ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အပါအဝင် အဲ့ဒီ ဥယျာဉ်တွေကို နိုင်ငံတော် ပြန်အပ်၊ ပြီးရင် လေလံ ပစ်ခိုင်း၊ အဲ့ဒီမှာ သူများနဲ့ အပြိုင် လေလံပြန်ဆွဲပြီး နိုင်ငံတော်က ရသင့်တဲ့ တန်ဖိုး အမှန်နဲ့ ပြန်လုပ်လိုက်ပါ။♦ ဦးတေဇ တစ်ယောက်တည်းလား    ဦးတေဇကို ဦးတည်ပြောလို့ ငါတို့နဲ့ မဆိုင်ဘူး ဆိုပြီး အရင် အစိုးရ လက်ထက်က ခရိုနီကြီးတွေနဲ့ အခု အစိုးရသစ်လက်ထက် လုပ်ပိုင်ခွင့် အဆမတန်ရတဲ့ ခရိုနီကြီးတွေ လက်ပိုက် ကြည့်နေလို့ မရပါဘူး။ ဦးတေဇကို ဥပမာအနေနဲ့ ထားပြောတာပါ။အရင်အစိုးရ လက်ထက်က ခရိုနီကြီးတွေ ဖြစ်တဲ့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးနေအောင် (ဦးအောင်သောင်း သား)၊ ဦးချစ်ခိုင်၊ ဦးဝင်း မြင့် (လက်ရှိ ပြည်ထောင်စုဝန်ကြီး)၊ ဦးဝင်းအောင်(ဒဂုံ)၊ ဦးတင့်ဆန်း (လက်ရှိ ဖြိုးကိုကိုတင့်ဆန်း ဦးစီးနေ)တို့ အပါအဝင် ခရိုနီ အားလုံးလည်း ကိုယ့်ပိုင်ဆိုင်မှုနဲ့ ကိုယ်ဆောင်ထားတဲ့ အခွန် မျှတရဲ့လား၊ ကိုယ် လုပ်ပိုင်ခွင့်တွေ ယူခဲ့ပြီး ချမ်းသာလာတဲ့ ပမာဏနဲ့ ကိုယ်ပြန်ပြီး အခွန်ဆောင်ထားတဲ့ ပမာဏ မျှတရဲ့လား ပြန်စဉ်းစား သုံးသပ်ဖို့ လိုပါတယ်။အရင် အစိုးရ လက်ထက်မှာကော အခု အစိုးရ လက်ထက်မှာပါ အရက် ဘီယာ ထုတ်လုပ်ခွင့်တွေ အများအပြားရပြီး အရက်နဲ့ ဘီလျံနာ ဖြစ်လာတဲ့ IBTC ဦးအောင်မိုးကျော် လိုမျိုး ခရိုနီလုပ်ငန်းရှင် တွေလည်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ကိုယ်ရတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ တူတူတန်တန် ဝင်ငွေခွန် ဆောင်ထားပြီးသွားပြီလား။ မေးဖို့လိုပါတယ်။အရင် အစိုးရ လက်ထက်က အဲ့ဒီ ခရိုနီ ဆိုသူတွေထဲမှာ ဥပမာ- ဦးတေဇနဲ့ ဦးအောင်ကိုဝင်းတို့ဆိုရင် ပိုင်ဆိုင်မှုချင်း သိပ် မကွာပါဘူး။ ဦးအောင်ကိုဝင်းကတော့ ဘဏ် တစ်ခုတည်းအတွက် ကျပ် ၈၄ ဘီ လျံကျော်၊ အခြား အခွန်ဆောင်မှုနဲ့ဆို ကျပ်ဘီလျံ ၁ဝဝ ကျော်အထိ ဆောင်ထားတယ်လို့ ပြောပါတယ်။ ဒါဆို သိပ်မကွာတဲ့ ဦးတေဇရော ဘယ်လောက် ဆောင်ထားသလဲ။ဦးအောင်ကိုဝင်း အနေနဲ့ ကျပ် ဘီလျံ ၁ဝဝ ကျော် ဆောင်ထားပြီး ထိပ်တန်း အခွန်ထမ်း ဖြစ်နေတယ် ဆိုတာတောင်မှ သူ့ အနေနဲ့ဆို ဒီထပ်မက ဆောင်နိုင်သေးတယ်လို့ ပြောရဦးမှာပါ။ ကျန်တဲ့သူတွေရော ဘယ်လောက်အထိ ဆောင်ထားသလဲ။အခု အစိုးရလက်ထက်မှာ ခရိုနီ လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာတဲ့ ရွှေသံလွင် ဦးကျော်ဝင်း၊ ဒိုင်းမွန်းစတား ဒေါက်တာ ကိုကိုကြီး၊ စီဘီဘဏ် ဦးခင်မောင်အေး၊ ရွှေတောင် ဦးအောင်ဇော်နိုင်အပါအဝင် လုပ်ငန်းရှင်ကြီး အချို့ဟာ သူများထက် လုပ်ပိုင်ခွင့်တွေ အများအပြား ရခဲ့သူတွေပါ။အစိုးရ သစ်လက်ထက် ခရိုနီတွေရော မိမိတို့ပိုင်ဆိုင်မှုနဲ့ တူတူတန်တန် အခွန် ဆောင်ထားပြီးပြီလား။ခရိုနီ အဟောင်းအသစ်တွေ အနေနဲ့ များများ ဆောင်စရာ မလိုပါဘူး။ မိမိတို့ လက်ရှိ ပိုင်ဆိုင်မှု အဝဝရဲ့ ကာလပေါက်ဈေး စုစုပေါင်းရဲ့ ၁ဝ ရာခိုင်နှုန်းပဲ ဆောင်ပါ။ မျှတတယ်လို့ အားလုံး ယူဆကြပါလိမ့်မယ်။ ကိုယ့်ပိုင်ဆိုင်မှု ကိုယ်သိကြပါတယ်။ခရိုနီအဟောင်းအသစ်တွေ ချည်းပဲ ပြောတာ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး အုပ်ချုပ်သူ အဆက်ဆက်က လူတွေလည်း မသိချင်ယောင်ဆောင်နေလို့ မရပါဘူး။ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းကအစ လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေ အဆုံး မိမိတို့ သားသမီးတွေ ဆွေမျိုးတွေလည်း ကိုယ်ပိုင်တဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ၊ ကိုယ်ပိုင်ဆိုင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးတွေနဲ့ ထိုက်တန်တဲ့ အခွန် ဆောင်ပြီးပြီလား။ခရိုနီတွေရော၊ ခရိုနီ မွေးထုတ်ခဲ့တဲ့ အုပ်ချုပ်သူတွေရော ကိုယ့်ပိုင်ဆိုင်မှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ တင်ပြီး ဘယ်လောက် မြှုပ်နှံပါတယ်၊ ဘယ်လောက် အထိ မြှုပ်နှံပြီးပြီ ဆိုတဲ့ ကိုယ့် အရင်းအနှီး ငွေပမာဏတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း(အိမ်ခြံမြေ)တွေ ဘယ်လောက်အထိ ပိုင်ဆိုင်နေကြပြီ ဆိုတာ ကိုယ့် ကိုယ်ကိုယ် သိကြပါတယ်။အနည်းဆုံး ခရိုနီအဟောင်း အသစ်တွေအနေနဲ့ တစ်ဦးကို ကျပ် ဘီလျံ ၁ဝဝ ကနေ ၃ဝဝ ကြား အခွန်ပေးဆောင်ရမယ့် ပမာဏအထိ ပိုင်ဆိုင်မှုတွေ များပြား ကြပါတယ်။ အဲလောက် ဆောင်ထားပြီးကြပြီလား။ ကိုယ့် ကိုယ်ကိုယ်သိကြပါ။အရင် အစိုးရလက်ထက် ခရိုနီ လုပ်ငန်းရှင်ကြီးတွေ၊ အခု အစိုးရလက်ထက်မှာ ခရိုနီ လုပ်ငန်းရှင်တွေ အပြင် အခွန်ကို ပေးဆောင် သင့်သလောက် မဆောင်တဲ့ ဒုတိယတန်း လုပ်ငန်းတွေကိုလည်း ထပ်ပြီး ထောက်ပြပါဦးမယ်။ဥပမာ-ကမ္ဘာကျော် အမှတ်တံဆိပ် အီလက် ထရွန်နစ် ဆိုနီအစရှိသော ပစ္စည်းများကို ရောင်းချနေပြီး ကျပ်သိန်းတစ်ထောင်အောက်ပဲ အခွန်ဆောင်တဲ့ TMW ၊ အခွန်ငွေ ကျပ်သိန်း ၁ဝဝဝ အောက်ပဲ အခွန်ဆောင်တဲ့ စူပါကော်ဖီမစ်၊ အခွန်ဆောင်သူ ၁ဝဝဝ စာရင်းမှာတောင် မပါတဲ့ SSC ဆေးရုံ၊ နာမည်ကျော် Alpine သောက်ရေသန့် လုပ်ငန်း ပိုင်ဆိုင်ထားပြီး အခွန်ငွေ ကျပ်သိန်း ၂ဝဝဝ ပဲဆောင်တဲ့ ဒေါက်တာ စိုင်းဆမ်ထွန်းတို့လို လုပ်ငန်းရှင်တွေ ရှိပါသေးတယ်။ သူတို့ အနေနဲ့ သူတို့ပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ရင် အခွန် ပေးဆောင်မှုက အလွန် နည်းနေပါတယ်။ သူတို့ကိုလည်း ဖော်ထုတ်ရပါဦးမယ်။ကျွန်တော်တို့ ပြောနေတာတွေ အားလုံးက ဝင်ငွေခွန် တစ်မျိုးတည်းကိုပဲ ပြောနေတာပါ။ ကုန်သွယ် လုပ်ငန်းခွန် ဆောင်တာနဲ့ မဆိုင်ပါဘူး။♦ လူဆိုး မဖြစ်ချင်ဘူးဆိုရင် . . .   ဇန်နဝါရီ ၂၅ ရက်ထုတ်တဲ့ The Messenger သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ဦးတေဇ ပြောခဲ့တာ ရှိပါတယ်။“... ကျွန်တော့်ကို လူဆိုး ဖြစ်စေချင်လို့ ကျွန်တော် နေပေးတယ်လေ။ အကောင်းဆုံး လုပ်ပေး ချင်တယ်။ ရတာ ဘာရလဲ ဆိုတော့ အဆိုးတကာ့ အဆိုးဆုံး ရတယ်။ ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုနေမလဲဗျာ” လို့ ဦးတေဇ ပြောခဲ့ပါတယ်။ဦးတေဇ အပါအဝင် ခရိုနီ လုပ်ငန်းရှင်ကြီးတွေကို ပြည်သူတွေက လူဆိုးလို့ သတ်မှတ် ထားပါတယ်။ လူဆိုး မဖြစ်ချင်ရင် လွယ်ပါတယ်။ အဓိက အချက်နှစ်ချက် ဖြစ်တဲ့ (၁) ကိုယ့်ပိုင်ဆိုင်မှု၊ ဝင်ငွေနဲ့ လျော်ညီတဲ့ အခွန်ငွေကို ပေးဆောင်ပါ (၂) မတရားသဖြင့် ယူထားတာ တွေကို ပြည်သူတွေဆီကို ပြန်ပေးလိုက်ပါ။ဒီနှစ်ချက်ကို မလုပ်ဘဲ ပြည်သူတွေ အတွက် ဘယ်လို လုပ်ပေးနေပါတယ်၊ ဘယ်လို လှူဒါန်းမှုတွေ လုပ်နေပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ဇာတ်နာအောင် ပြောပြီး မီဒီယာနဲ့ တည့်အောင်ပေါင်း၊ Facebook ပေါ်မှာ ဟန်ရေး ပြနေရုံနဲ့ ပြည်သူတွေက ပြောထားတဲ့ ‘လူဆိုး’ သတ်မှတ်ချက်က ‘လူကောင်း’ ဖြစ်လာမှာ မဟုတ်ပါဘူး။ကျွန်တော်တို့ အနေနဲ့လည်း ဦးတေဇ အပါအဝင် ခရိုနီ လုပ်ငန်းရှင်ကြီးတွေကို ဒီနှစ်ချက်ပဲ တောင်းဆို ချင်ပါတယ်။ မီဒီယာ ဆိုတာက ပြည်သူကို ပြန်လည် တင်ပြကြသူတွေပါ။ မီဒီယာကို စကားပြောခြင်းဟာ ပြည်သူကို စကားပြောခြင်းပါပဲ။ သတင်းစာဆရာကို စကားပြောခြင်းသည် ပြည်သူကို စကားပြောခြင်းပဲ ဖြစ်ပါတယ်။တိတိကျကျ အခွန်ဆောင်ပါ။ မတရားသဖြင့် ပိုင်ဆိုင်ထားတာတွေကို ပြန်ပေးပါ။ဒီနှစ်ချက်ကို လုပ်ဖို့ အတွက် သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း ပြောပါတယ်။ အကယ်၍ သမ္မတ ဦးသိန်းစိန် အစိုးရ အလွန် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လက်ထက် ရောက်လာခဲ့ရင်လည်း ပြောနေမှာပါ။ ဘယ်အစိုးရ တက်တက် ပြောမှာပါ။သမ္မတ ဦးသိန်းစိန်ဆီက နိုင်ငံ စွမ်းဆောင်ရည်ဆုတွေ ဘယ်လောက် ရရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံတွေ ဘယ်လို တွဲ ရိုက်ရိုက်၊ ဟို နိုင်ငံရေးသမားနဲ့ သိတယ်၊ ဒီနို င်ငံရေးသမားနဲ့ ရင်းနှီးတယ် ဆိုတာတွေ လာမလုပ်ပါနဲ့။အဲဒီ လုပ်ရပ်တွေ လုပ်ပြရုံနဲ့ ဦးတေဇ အပါအဝင် ခရိုနီ လုပ်ငန်းရှင်ကြီးတွေ အပေါ် ပြည်သူတွေက ထားတဲ့ သဘောထား ပြောင်းမှာ မဟုတ်ဘူး။ပြည်သူတွေ ပိုင်ဆိုင်တဲ့ အရာတွေကို မတန်တဆ ယူထားတယ် ဆိုရင် ပြည်သူတွေကို ပြန်ပေးရတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ လိုချင်တယ်ဆိုရင် တန်ရာတန်ကြေး ပေးပြီးမှ ပြန်ယူပါ။ ဒါဟာ နောက်ကြောင်းပြန် အရေးယူ ဖို့အတွက် ပြောနေတာ မဟုတ်ပါဘူး။ အခု လုပ်လည်း အချိန်မီပါသေးတယ်။ ကိုယ်ပိုင် ဆိုင်ထားတာတွေ ကိုယ်သိပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတာတွေ အတွက် ဘယ်လောက် အခွန် ဆောင်ရမယ်၊ ဘာတွေကို ပြန်ပေးရမလဲ ဆိုတာလဲ သိပါတယ်။တိတိကျကျ အခွန်ဆောင်မယ်။ မတရားသဖြင့် ယူထားတာတွေကို ပြန်ပေးမယ်။ ဒီလိုဆိုရင် ပြည်သူလူထုက ခွင့်လွှတ်ဖို့ စဉ်းစားပါလိမ့်မယ်။ ဒါ့အပြင် ဒီလူတွေကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ထားမယ် ဆိုရင်တောင် ဖြေလျှော့ဖို့ ပြည်သူလူထုက ပြောပေးပါလိမ့်မယ်။     အခွန်ဆောင်ပြီး အခွင့်အရေးကို မတရားနည်းနဲ့ မယူတဲ့ မြန်မာ ဘီလျံနာတွေ အများကြီး ပေါ်လာတာမျိုးကို ပြည်သူတွေက ကြည်ဖြူကြပါလိမ့်မယ်။

Most Read