SMEs လုပ်ငန်းများအနေဖြင့် တရားဝင်မှတ်ပုံတင် လုပ်ကိုင်ပါက ချေးငွေရရှိမှုကဲ့သို့ အခွင့်အရေးများ ရနိုင်သည့်အတွက် တရားဝင်မှတ်ပုံတင်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

SMEs လုပ်ငန်းများအနေဖြင့် တရားဝင်မှတ်ပုံတင် လုပ်ကိုင်ပါက ချေးငွေရရှိမှုကဲ့သို့ အခွင့်အရေးများ ရနိုင်သည့်အတွက် တရားဝင်မှတ်ပုံတင်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 24 January 2015
နီလာ၊ ပြည့်စုံအောင်

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (SMEs) များအနေဖြင့် တရားဝင်မှတ်ပုံတင် လုပ်ကိုင်ပါက ချေးငွေရရှိမှုကဲ့သို့ အခွင့်အရေးများရနိုင် သည့်အတွက် မှတ်ပုံမတင်ကြသေးသည့် လုပ်ငန်းများ မှတ်ပုံတင်ကြရန် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
ပြည်တွင်း၌ တရားဝင်မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှာ ၄၆ဝဝဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ အချို့မှာ လုပ်ငန်းအဆင်မပြေသဖြင့် ပိတ်သွားသည့်လုပ်ငန်းများ ရှိသော်လည်း လုပ်ငန်းအသစ်များလည်း တိုးတက်လာလျက်ရှိရာ ခန့်မှန်းချက်အနေဖြင့် SMEs များ ၅ဝဝဝဝ ကျော်ရှိ နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“SMEs တွေက ခုချိန်မှာ မှတ်ပုံတင်ထားတာက ၄၆ဝဝဝကျော်ရှိနေပြီ။ တချို့ကလည်း လုပ်ငန်းကအဆင်မပြေလို့ ပိတ်သွားတာတွေရှိတယ်။ ဒါပေမဲ့ လုပ်ငန်းသစ်တွေလည်း တိုးတိုးလာတယ်။ ကျွန်တော့် ခန့်မှန်းချက်ကတော့  ၅ဝဝဝဝ ကျော်လောက်တော့ရှိမယ်လို့ မှန်းပါတယ်။ ဒါတွေကိုလည်း မှတ်ပုံတင်ဖို့ သတင်းစာတွေကနေ လိုက်လံပြီးတော့ ဖိတ်ခေါ်ပေးနေပါတယ်။ မှတ်ပုံတင်ရင် သူတို့ရမယ့် အခွင့်အရေးတွေ ရှိတယ်။ အဓိကကတော့ ချေးငွေတွေပါ။ သူတို့တွေဟာ ကျွန်တော်တို့ SMEs ရုံးတွေ ရဲ့စောင့်ရှောက်မှုတွေ ရရှိမယ်လို့လည်း အသိပေးချင်ပါတယ်” ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
ပြည်တွင်းရှိ SMEs များအတွက် နိုင်ငံတော်မှ ကျပ် ၃ဝ ဘီလျံထုတ်ချေးထားရာ လက်ရှိအချိန်ထိ ရရှိသည့် စာရင်းဇယားများအရ SMEs များအတွက် ၃ ဒသမ ၆ ဘီလျံသာ ချေးပေးရသေးကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းလုပ်ငန်းများအတွက် ချေးငွေရရှိမှုပမာဏမှာ လုံလောက်မှုမရှိသေးသဖြင့် ထပ်မံထုတ်ချေး၍ရပါက ထုတ်ချေးပေးရန် နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားကြောင်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာက  SMEs တွေမှာ ငွေ ကြေးဆိုင်ရာအရင်းအမြစ်(Lack of Financial sources) မရှိပါဘူး။ SMEs တွေမှာ အပေါင်ပစ္စည်း မရှိကြပါဘူး။ ကျွန်တော်တို့ SMEs တွေ အကုန်လုံးက ငွေချေးဖို့ပဲ သိပါ တယ်။ ဘယ်ကနေချေးမှာလဲ။ မိတ်ဆွေအ ပေါင်းအသင်းဆီကနေ ချေးလို့ရတယ်။ ဘဏ်ကလည်း ငွေချေးလို့ရတယ်။ non-bank financial institution တွေကလည်း ချေး လို့ရပါတယ်။ bonds market ကနေပြီး တော့လည်း bonds တွေကို ထုတ်ရောင်းလို့ ရပါတယ်။ နောက် စတော့ဈေးကွက်က လည်း stock တွေထုတ်ရောင်းပြီး ကိုယ်လိုချင်တဲ့ငွေကြေးကို ယူလို့ရတယ်။ အဲလိုငွေရနိုင်တဲ့ ပင်ရင်းတွေက ကျွန်တော်တို့လို နိုင်ငံတွေအတွက်က တော်တော်နည်းပါတယ်။ ကျွန်တော်တို့ဆီမှာ bonds တွေ ထုတ်ရောင်းပြီးတော့ ငွေရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ stock market ဆိုတာလည်း ကျွန်တော်တို့ ဆီမှာ အခုမှပဲစတာပါ။ တကယ်တမ်းမှာ သူလည်း ၂ဝ၁၅ လောက်မှ စဖြစ်မှာပါ။ ဘဏ်မှာငွေချေးမယ် ဆိုပြန်တော့လည်း demand  ကများနေပြီးတော့ supply က မလိုက်နိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာ ငွေရနိုင်တဲ့ပင်ရင်းတွေ အားနည်းပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။   
 

Most Read

Most Recent