ရန်ကုန်မြို့ရှိ ကန်တော်မင်္ဂလာ ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ရန် လွှတ်တော်ဆုံးဖြတ်

ရန်ကုန်မြို့ရှိ ကန်တော်မင်္ဂလာ ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ရန် လွှတ်တော်ဆုံးဖြတ်
Published 23 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာ ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အဆိုအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် “ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာပန်းခြံအား ဦးဥတ္တမပန်းခြံဟု ပြောင်းလဲသတ်မှတ် ပေးစေလိုကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။“ရန်ကုန်မြို့တော်ရှိ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗိုလ်ချုပ်လမ်း၊ ဦးဝိစာရကျောက်တိုင်၊ ဦးဝိစာရလမ်း၊ ဦးဥတ္တမပန်းခြံဟု လွတ်လပ်ရေးနဲ့အတူ မော်ကွန်းတင်ခဲ့ပြီး သမိုင်းဝင်မှတ်တမ်းများ တင်ခဲ့ကြပါတယ်။ ရှင်ဥတ္တမဟာ စောစောစီးစီးကပင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီမော်ကွန်းတွေကို မျိုးဆက်သစ် လူငယ်များနဲ့ သမိုင်းကို ဖုံးကွယ်ခြင်း ခံရမည်စိုး၍ ပထမအကြိမ် အဋ္ဌမပုံမှန် အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ အဖြေကို ကျေနပ်မှု မရှိပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက “စက်တင်ဘာလ ၉ ရက် ဦးဥတ္တမနေ့တွင် ဦးဥတ္တမနေ့ ကျင်းပနိုင်ခြင်း မရှိပါ။ ဦးဥတ္တမအား ကြည်ညိုသူ မြန်မာတိုင်းရင်းသားများနဲ့ ရခိုင်တိုင်းရင်းသားများမှာ ပန်းခြံထဲကို ဝင်ခွင့်မရဘဲ ဦးဥတ္တမနေ့ ကျင်းပခွင့် မရခဲ့ပါ။ သို့ဖြစ်ပါ၍ ယခု ကန်တော်မင်္ဂလာခေါ်သော ပန်းခြံကို တစ်ခုတည်းသော ဦးဥတ္တမ ပန်းခြံအဖြစ် နိုင်ငံတော်က တရားဝင် မော်ကွန်းတင်ပေးပါရန်” အဆိုတင်သွင်းသည်။သမ္မတရုံး ဝန်ကြီးဌာန (၄) မှ ဒုတိယဝန်ကြီး ဦးအောင်သိန်းက “လက်ရှိ ကန်တော်မင်္ဂလာ ပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံ (ခေါ်) ဦးဥတ္တမ ပန်းခြံအဖြစ် ပူးတွဲခေါ်ဆို သတ်မှတ်ခြင်း၊ ကန်တော်မင်္ဂလာ ပန်းခြံခေါ် ဦးဥတ္တမပန်းခြံ၏ အမည်အား သတ်မှတ်ခေါ်ဆိုခြင်းမှ လွဲပြီးတော့ ပန်းခြံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်ထာဝရ တည်တံ့ထိန်းသိမ်းရေး ပြုလုပ်နိုင်ရေး အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု ပြန်လည်ရှင်းလင်း ဖြေကြားသည်။“ဒီနေရာမှာ အဆိုနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက အဆိုအတည်ပြုပေးဖို့ သို့မဟုတ် မည်သို့ဆောင်ရွက်ပေးဖို့ဆိုတာ တစ်ခါတည်း ရှင်းလင်းတင်ပြဖို့ လိုပါမယ်။ အဆိုအပေါ် မည်သို့ သဘောထားတယ် ဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက သိအောင်ဖြေပေးဖို့ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ကန်တော်မင်္ဂလာပန်းခြံ(ခေါ်) ဦးဥတ္တမပန်းခြံဟု ခေါ်ခြင်းကို သဘောမတူကြောင်း၊ ဦးဥတ္တမပန်းခြံအဖြစ်သာ ပြတ်ပြတ်သားသား ခေါ်သင့်ကြောင်း သဘောတူထားသည်။“ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာပန်းခြံအား ဦးဥတ္တမပန်းခြံဟု ပြောင်းလဲသတ်မှတ် ပေးစေလိုကြောင်း” အဆိုနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူများသဖြင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

Most Read

Most Recent