ကနဦး ဖမ်းဆီးရမိထားသည့် သစ်လုံးရေ ၄၅၀၀ ကျော်နှင့်အတူ ဝိုင်းမော်တွင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ

ကနဦး ဖမ်းဆီးရမိထားသည့် သစ်လုံးရေ ၄၅၀၀ ကျော်နှင့်အတူ ဝိုင်းမော်တွင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ
Published 23 January 2015
အောင်ရဲကို

ဝိုင်းမော်တွင် တရားမဝင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိပြီး ကနဦး ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်လုံးရေ ၄၅၂၉ လုံးအား စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ ဖမ်းဆီးရမိမှုတွေ တိုးလာတယ်။ တရုတ်ရှစ်ဦးနဲ့ သစ်လုံးရေက ၄၅၂၉ လုံး ရှိတယ်။ ယာဉ်မျိုးစုံ ၁၁ စီးလည်း ထပ်ဖမ်းဆီး ရမိထားတယ်” ဟု ပြောကြားသည်။“သစ်အမျိုးအစားတွေကို ခွဲဖို့နဲ့ တန်ချိန်တိုင်းတာဖို့ မြစ်ကြီးနား သစ်တောစစ်ဆေးရေး ဌာနကို ပို့နေပါပြီ။ ရှာဖွေမှုတွေကို ဆက်လက်ပြုလုပ်နေပါတယ်။ သစ်အရေအတွက်ကလည်း ဇန်နဝါရီ ၂၂ ရက်အထိ ရရှိထားတဲ့စာရင်း ဖြစ်ပါတယ်။ ရှာဖွေမှုတွေကိုတော့ ဆက်လက်ပြုလုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။တပ်မတော်စစ်ကြောင်းဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ဝိုင်းမော်မြို့အတွင်း တရုတ်နိုင်ငံသား ၁၃၂ ဦးကို ဇန်နဝါရီ ၂ ရက်မှ ၆ ရက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၁၉ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ရှာဖွေဖမ်းဆီးမှုများကို တပ်မတော်၊ ရဲနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆက်လက်ပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံသား ရှစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဖမ်းဆီးရမိခဲ့သော တရုတ်နိုင်ငံသားကို ကချင်ပြည်နယ် အကျဉ်းထောင်များတွင် တရားမဝင် သစ်ခုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။ယင်းအပြင် အဆိုပါ တရုတ်နိုင်ငံသားများကို ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သည့် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁)ဖြင့် အရေးယူမှုကိုလည်း စတင်ခဲ့ပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူမှ ပြောကြားသည်။ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများမှာ ကချင်ပြည်နယ်အတွင်း နှစ်စဉ်စီမံကိန်းကြီး တစ်ခုသဖွယ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးချက်အဖြေ ထွက်ရှိထားသည်။ယခုလ ၂ ရက်မှ ၅ ရက်အထိ တပ်မတော်လေကြောင်းဖြင့် ကင်းထောက်လှမ်းရာတွင် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီခူး၊ မန်ဒေါင်၊ လောခွန်ယံဆဒုံးစသည့် ဒေသအနှံ့မှ တရုတ်နိုင်ငံသား ၁၃၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ဆက်လက်ဖမ်းဆီးရမိမှုအရ မြေတူးစက်တစ်စီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ ကရိန်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျရိုး လေးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ ဆိုင်ကယ် ကိုးစီးတို့ ပါဝင်ပြီး သစ်ထုတ်လုပ်သည့် စီမံကိန်းကြီး တစ်ခုသဖွယ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံ အတွင်းသို့ ၂၀၁၂ ခုနှစ်မှ စတင်ကာ သစ်အပါအဝင် သယံဇာတများကို ခိုးထုတ်နေခဲ့သည်ဟု သစ်တောဦးစီးဌာန၏ တာဝန်ရှိသူများက ပြောကြားထားမှုများ ရှိထားသည်။ 

Most Read

Most Recent