တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား CNA သတင်းဌာန၏ သီးသန့်အင်တာဗျူးတွင် တပ်မတော်နှင့် ပြည်သူဆက်ဆံရေး၊ Social Media ကိစ္စများကိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြေကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား CNA သတင်းဌာန၏ သီးသန့်အင်တာဗျူးတွင် တပ်မတော်နှင့် ပြည်သူဆက်ဆံရေး၊ Social Media ကိစ္စများကိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြေကြား
Published 23 January 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား Channel News Asia (CNA) သတင်းဌာန၏ သီးသန့်အင်တာဗျူးတွင် တပ်မတော်နှင့် ပြည်သူဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်၍ပါ မေးမြန်းမှုများပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။
 
တပ်မတော်၏ လုပ်ဆောင်မှုများသည် ပြည်သူအတွက် ဘယ်လောက်ပဲအကျိုးရှိရှိ အရင်တုန်းကပြုလုပ်ခဲ့သည့် သမိုင်းမှာထင်ခဲ့သည့်ကိစ္စများကြောင့် ပြည်သူများက လုပ်ဆောင်ချက်များကို အသိအမှတ်မပြုဘူးဟု ထင်ပါသည်ဆိုသည့် CNA သတင်းဌာန၏ မေးမြန်းမှုကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ပြော၍မရကြောင်း၊ တစ်နိုင်ငံလုံးခြုံကြည့်မည်ဆိုပါက တပ်မတော်၏  လုပ်ဆောင်ချက်များကို လက်ခံသည့်နေရာ အများကြီးရှိနေကြောင်း၊ ယခုလိုပြောဆိုမှုများမှာ အနည်းအကျဉ်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
 
“ဒီလိုပြောနေတာ အနည်းအကျဉ်းပဲ ဖြစ်တယ်။ လူပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ အဲဒီအချိန်မှာ သူတို့ရဲ့နစ်နာမှုနဲ့ပတ်သက်ပြီး ခံစားချက်ရှိတဲ့သူတွေကနေပြီး ပြောဆိုချက်တွေမှာ မူတည်ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုလို့ ကျွန်တော်ပြောချင်တယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
 
ထို့ပြင် တပ်မတော်က အကောင်းတွေလုပ်နေတာကို ပြည်သူတွေက အဆိုးပဲမြင်နေတယ်လို့ စိတ်ထဲမှာ ခံစားနေရပါသလား ဟူသည့် CNA သတင်းဌာန၏ မေးမြန်းချက်ကိုမူ “ကျွန်တော်မခံစားရဘူး။ သူတို့နားလည်တဲ့အချိန်ကျရင် သူတို့ လက်ခံလာလိမ့်မယ်။ နားလည်တဲ့သူလည်း နားလည်နေပါပြီ။ နောက် ကျွန်တော်တို့မှာ ခုနကပြောတဲ့အတွေ့အကြုံတွေဆိုတာ နည်းပါးတယ်။ အတွေ့အကြုံနည်းတော့ ဒီလူတွေကို ခုနကပြောတဲ့ ခံစားချက်ရှိတဲ့သူတွေကို ဒါမှမဟုတ်ရင် နိုင်ငံရေးနှင့် ပတ်သက်ပြီးတော့မှ စိတ်ဝင်စားတဲ့သူတွေက ပြောဆိုတာတွေရှိတာပေါ့။ ဒီအပေါ်မှာ သူတို့နားယောင်ပြီးတော့မှ တချို့လည်း ကျွန်တော်တို့အပေါ်မှာ အမြင်မကောင်းသေးတာလည်းရှိပါတယ်။ ကျွန်တော်မရှိဘူးလို့ မပြောပါဘူး”ဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားသည်။
 
အလားတူ CNA သတင်းဌာန၏ တပ်မတော်ရဲ့လက်အောက်မှာရှိတဲ့ တပ်သားတွေအားလုံးက ဘယ်ပြစ်မှုကျူးလွန်ပြီးတော့မှ ပြစ်ဒဏ်မခံရတာ မဖြစ်စေပါဘူးလို့ ကတိပေးပါသလားဟူသည့်မေးမြန်းချက်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မှန်တယ်။ ဥပဒေနဲ့ အညီပဲဖြစ်ရမယ်။ ဒီမှာ ကျွန်တော်တို့က ဥပဒေမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ စည်းကမ်းတွေရှိတယ်။ စည်းကမ်းဆိုတာ တချို့ဟာတွေက တိုက်တွန်းချက်တွေ၊ တချို့ဟာတွေက တားမြစ်ချက်တွေ၊ ဒီလိုတိုက်တွန်းချက်နဲ့ တားမြစ်ချက်စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ဥပဒေအရအရေးယူမယ်”ဟု ပြန်လည်ဖြေကြားသည်။
 
ဆက်လက်၍ အခုအချိန်ဟာ မီဒီယာနဲ့ တွေ့ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောဖို့အချိန်ရောက်ပြီလို့ ထင်ပါတယ်ဟူသည့် CNA ၏ မေးမြန်းချက်ကို “ကျွန်တော်တို့သွားနေတာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသွားနေတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲသွားနေတာပဲ။ ဒီမိုကရေစီလမ်းကြောင်းဆိုတာ ပြည်သူနဲ့ မထိတွေ့လို့မရဘူး။ ပြည်သူနဲ့ ထိကို ထိတွေ့ မှရမှာဖြစ်ပါတယ်”ဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ဖြေကြားသည်။

Most Read

Most Recent