တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို ကျပ် ၃ သိန်းမှ ၁၀ သိန်းသို့ တိုးမြှင့်ရန် လွှတ်တော် အတည်ပြု

တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို ကျပ် ၃ သိန်းမှ ၁၀ သိန်းသို့ တိုးမြှင့်ရန် လွှတ်တော် အတည်ပြု
Published 23 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊မျိုးမင်းထက်

တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လစာ (ချီးမြှင့်ငွေ) ကို ကျပ်သုံးသိန်းမှ ၁ဝ သိန်းသို့ တိုးမြှင့်ရန် ဇန်နဝါ ရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ကြောင်း သိရသည်။
 
လွှတ်တော်ကိုယ်စားလှယ် လစာ ၁ဝ သိန်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးအဖွဲ့မှ ကြိုတင်ညှိနှိုင်း တွက်ချက်ပြီးမှသာ ထိုက်သင့်သောပမာဏသို့ တိုးမြှင့်ရေးဆောင်ရွက်ကြရန် လွှတ်တော်သို့ အကြောင်းပြန်ခဲ့သော်လည်း ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။
 
ယင်းလွှတ်တော်ကိုယ်စားလှယ်များ လစာတိုးရေးကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်းကလည်း ကန့်ကွက် ဆွေးနွေးခဲ့သည်။
 
သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ၏ ပြန်ကြားချက်သည် အကြောင်းအကျိုးဆီလျော်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အသီးသီးနှင့် ဦးစီးအဖွဲ့ဝင် အရေအတွက်မှာ ၁၃၄၉ ဦးရှိကြောင်း၊ ယင်းပမာဏအတွက် ပိုမိုသုံးစွဲရမည့်ငွေသည် ကျပ်သန်း ကိုးသောင်းတစ်ထောင်လေးဆယ့်ငါးသန်းဖြစ်ကြောင်း၊ ယင်းငွေအား လူ ၁ဝဝဝ ကျော်အတွက် သုံးစွဲခြင်းထက် ဆင်းရဲနေသော ပြည်သူများ၊ အိုးမဲ့အိမ်မဲ့ပြည်သူများ၊ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းများတွင် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
 
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက လွှတ်တော်ကိုယ်စားလှယ်များ ရရှိသည့်လစာသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည့်အတွက် နိုင်ငံခြားသို့ရောက်ရှိချိန်တွင် လွန်စွာအရှက်ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လစာသည် နည်းပါးလွန်းသဖြင့် ပြည်သူများကပင် ပြန်လည်ထောက်ပံ့ပေးရသည်ကို ငြင်းဆန်၍မရနိုင်ဖြစ်နေကြောင်း ဆွေးနွေးခဲ့သည်။
 
ထို့နောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးမြှင့်ပေးရန် ထောက်ခံသူများသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို ကျပ် ၁ဝ သိန်းနှုန်းသတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
 
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယခုဆုံးဖြတ်မှုသည် လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အစ ဧပြီလမှစတင်ကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များခံစားရမည်ဖြစ်ကြောင်း၊ အချိန်ကာလတွက်တဲ့အခါ မှာ ၂ဝ၁၅ ခုနှစ် ဧပြီလကနေပြီးတော့  ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဒီကာလသာဖြစ်ပါတယ်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် အတွက် ကိုးလနှင့် ၂ဝ၁၆ ခုနှစ်အတွက် တစ်လ (ဇန်နဝါရီလ) အား လက်ရှိလွှတ်တော် ကိုယ်စားလှယ်များ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊ ကျန်တဲ့ခံစားခွင့်များကိုမူ နောင်ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ဦးစီးအဖွဲ့ဝင်များသည် နောင်လွှတ်တော်သက်တမ်းတွင် ခံစားရမည်ဟု ပြောကြားခဲ့သည်။
 

Most Read

Most Recent