ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်နဝါရီ ၂၃ ရက်နောက်ဆုံးထားတင်ပြကြရန် လွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌညွှန်ကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်နဝါရီ ၂၃ ရက်နောက်ဆုံးထားတင်ပြကြရန် လွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌညွှန်ကြား
Published 21 January 2015
စိုးမင်းထိုက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးစေလိုသည့်အချက်များကို ဇန်နဝါရီ ၂၃ ရက်နောက်ဆုံးထားပြီးတင်ပြကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ညွှန်ကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့လာပါတယ်။ အဲဒီသဝဏ်လွှာအရ ပြည်ထောင်စုလွှတ်တော်နာယက,က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ သဝဏ်လွှာထပ်မံပေးပို့လာပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက,က ယင်းကိစ္စနဲ့ပတ်သက်ပြီး သဘောထားနဲ့ တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်လိုသည်ကို အလျင်အမြန်ပြန်ကြားပေးဖို့ သဝဏ်လွှာပို့လာပါတယ်" ဟုပြောကြားသည်။"မိမိအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေနဲ့တက်ရောက်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အကြံပြုတင်ပြလိုသောအကြောင်းအရာ အချက်အလက်များကို မိမိထံသို့ ဇန်နဝါရီ ၂၃ ရက်အရောက် စာဖြင့်ရေးသားပေးပို့ရန်ညွှန်ကြားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ ရရှိလာတဲ့အကြံပြုချက်တွေကို လိုအပ်သလိုဆောင်ရွက်ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်" ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကပြောကြားသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုတင်သွင်းခဲ့သူ ဦးမြင့်ထွန်းက "ပြည်သူလူထုရဲ့လိုလားတောင့်တချက်၊ နိုင်ငံရေးအင်အားစုတွေရဲ့ လိုလားတောင့်တချက်တွေကိုပြုစုခိုင်းတယ်။ လူထုလူတန်းစားဆိုတာ အလုပ်သမား၊ လယ်သမားတွေပါပါတယ်။ လွှတ်တော်နှစ်ခုပြန်ပေါင်းပြီးဆွေးနွေးရမယ်။ ဘာတွေကိုဆွေးနွေးမယ်ဆိုတာတွေကို ဆွေးနွေးတိုင်းမှာ လူထုရဲ့လိုလားချက်၊ တောင့်တချက်တွေပါရမယ်။ အကြံပြုချက်တော့ပေးမှာပါ။ ဒါပေမဲ့ စဉ်းစားရဦးမယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တာဆိုတော့လေ။ လွှတ်တော်မှာ တရားဝင်ပြောရမှာပြောဆိုတော့ အကြံဉာဏ်တွေယူရဦးမယ်" ဟုသုံးသပ်သည်။"အခုလို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ဖွင့်ပြောလာပြီဆိုတော့ တွေ့ဖို့သေချာသလောက်ရှိသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူထုလိုလားချက်တွေကိုပြန်ကြည့်လိုက်ရင် တွေ့စေချင်တယ်ဆိုတာ သိသာတယ်လေ။ ပြည်ထောင်စုလွှတ်တော်ကချမှတ်ထားတဲ့အဆိုဖြစ်တယ်။ နိုင်ငံရဲ့ အမြင့်ဆုံးလွှတ်တော်ကချမှတ်ထားတာကို အောက်ကလွှတ်တော်တွေက ၁၂ ပွင့်တွေဘာတွေ လျှောက်လုပ်နေတဲ့အခါကျတော့ ဆရာလုပ်ချင်တဲ့သဘောလေးတွေတွေ့ရတယ်။ ဒီခြောက်ယောက်က အမြဲတမ်းတွေ့နေရမယ်။ အမြဲထိတွေ့နေရမယ်။ ဒီလိုတွေ့နေမှပဲ အခက်အခဲတွေကိုဖြေရှင်းနိုင်မယ်လေ" ဟု ဦးမြင့်ထွန်းကပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက "အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခြောက်ပွင့်ဆိုင်ကိုလက်ခံတယ်။ တက်ရောက်မယ်လို့ အဖြေထွက်သွားပြီ။ ဘယ်အချိန်ကျင်းပမယ်ဆိုတာတော့မသိဘူး။ ကျွန်တော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သီးခြားအကြံပေးဖို့တော့မရှိပါဘူး။ သမ္မတရဲ့သဝဏ်လွှာမှာလည်း ခြောက်ပွင့်ဆိုင်လုပ်သင့်တယ်။ ဘယ်နေ့ ဘယ်ရက်တွေ့မယ်ဆိုတာမပါဘူး။ တိတိကျကျမပြောထားဘူး။ လွှတ်တော်ကတော့ပြတ်ပြတ်သားသားပဲ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာကို ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့သဘောကိုပြလိုက်တာပဲ" ဟုပြောကြားသည်။ပြည်ထောင်စုလွှတ်တော်တွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံဆွေးနွေးရန် အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့သည်။       

Most Read

Most Recent