ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ရေနံပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရေနံတင်သင်္ဘောများ၏ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေး၍ . . . . .

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ရေနံပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရေနံတင်သင်္ဘောများ၏ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေး၍ . . . . .
Published 21 January 2015
ဖြိုးဝေ

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ရေနံပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရေနံတင်သင်္ဘောများ၏ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေး၍ ရေနံဖိတ်စဉ်ပါက အရေးယူရန် စီစဉ်ထားကာ ဒေသခံများကမူ ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေ
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘောများ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိ လာတော့မည်ဖြစ်ပြီး ရေနံတင်သင်္ဘောများမှ ရေနံဖိတ်စဉ်မှု ရှိမရှိကို စွမ်းအင်ဝန်ကြီးဌာနက Drone ဖြင့် လိုက်လံစစ်ဆေးမည်ဖြစ်ကာ ရေနံဖိတ်စဉ်မှု တွေ့ရှိပါက အရေးယူရန် စီစဉ်ထားပြီး မဒေးကျွန်း ဒေသခံများကမူ ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ဇန်နဝါရီ ၂ဝ ရက်က သတင်းရရှိသည်။အဆိုပါ ရေနံတင်ဆိပ်ကမ်း ဖွင့်လှစ်ပွဲနှင့် ရေနံတင်သင်္ဘောများ ဆိုက်ရောက်မှု ဖွင့်လှစ်ပွဲကို ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂၈ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းတွင်မူ ဇန်နဝါရီ ၃ဝ ရက်၌ ရေနံတင်ဆိပ်ကမ်း ဖွင့်လှစ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဇန်နဝါရီ ၂ဝ ရက်တွင် ပြောကြားသည်။“အခုပဲ ကျွန်တော် စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်ကို ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော်တို့ဘက်က သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ဖို့အတွက်၊ ပင်လယ်ဆိပ်ကမ်းတွေမှာ ရေနံမဖိတ်ကျဖို့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းတွေမှီတဲ့ ဥပဒေတွေ နည်းဥပဒေတွေ လုပ်ပြီးပြီလားမေးတော့ ဦးဇေယျာအောင်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေဆိုတာတော့ ရှိတယ်။ ပြီးတော့ ရေနံတင်သင်္ဘောတွေကို Drone နဲ့ လိုက်ပြီး ကြည့်မယ်၊ ရေနံကျရင်ကျသလို အရေးယူမယ်လို့ ပြောတယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။စင်ကာပူကဲ့သို့ နိုင်ငံများတွင် ရေနံတစ်ကွက် ဖိတ်စင်ရုံနှင့် ကန်ဒေါ်လာ သန်းနှင့်ချီကာ လျော်ကြေးငွေတောင်းခံကြောင်း ဦးဇော်အေးမောင်က ဆိုသည်။“မြန်မာနိုင်ငံရဲ့ ပြစ်ဒဏ်တွေက အရမ်းနည်းတော့ ရေနံဖိတ်ချင်ဖိတ်ကွာ ဆိုပြီးတော့ ဒေါ်လာငါးထောင်လောက် ဒဏ်ကြေးဆောင်လိုက်မယ်ဆိုပြီး လုပ်ရင် ကျောက်ဖြူရဲ့ ပတ်ဝန်းကျင် ပျက်စီးသွားလိမ့်မယ်ဆိုပြီး ကျွန်တော် ဝန်ကြီးကို ပြောလိုက်တယ်” ဟု ဦးဇော်အေးမောင်က ဆိုသည်။ထိုသို့ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ အားကောင်းမှု မရှိခြင်းနှင့် ပြစ်ဒဏ်များ နည်းပါးနေခြင်းကြောင့် ရေနံတင်သွင်းသည့် CNPC က ဂရုတစိုက် လုပ်ဆောင်မှု မရှိပါက မဒေးကျွန်းနှင့် ကျောက်ဖြူမြို့၏ ပတ်ဝန်းကျင်မှာ ပျက်စီးသွားနိုင်သည်ဆိုသည့် ဦးဇော်အေးမောင်၏ ထောက်ပြချက်အပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က တဖြည်းဖြည်း လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။လက်ရှိအချိန်တွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံသို့ CNPC က ရွှေသဘာဝဓာတ်ငွေ့ ရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မည့် ရေနံတင်သင်္ဘောမှာ ဇန်နဝါရီ ၂၄ ရက်တွင် ကျောက်ဖြူရေပိုင်နက် မိုင် ၂ဝ အကွာသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါ ရေနံတင်သင်္ဘောမှာ တန်ချိန် ၁၅ဝဝဝဝ ပါဝင်လာမည်ဖြစ်ကြောင်းနှင့် အဆိုပါရေနံများမှာ CNPC က ယခင်ပြောကြားမှုများဖြစ်သည့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ရေနံကို တင်သွင်းလာခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံရှိ ရေနံတန်ချိန် ၁၅ဝ,ဝဝဝ ကို တင်ဆောင်လာကာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ရေနံပိုက်လိုင်းတွင် စမ်းသပ်ထည့်သွင်းပို့လွှတ်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း သတင်းများ ဖြစ်ပေါ်နေပြီး ဒေသခံများကလည်း ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းနိုင်က ဇန်နဝါရီ ၂ဝ ရက်က ဆိုသည်။စွမ်းအင်ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ အနေနှင့် ရေနံတင် သင်္ဘောများကြောင့် ထိခိုက်လာနိုင်သည့် အခြေအနေများကို ဒေသခံများသို့ ရှင်းလင်းစွာ အသိပေး ပြောကြားမှု မရှိသေးကြောင်း ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ဒေသခံခေါင်းဆောင် ဦးထွန်းကြည်က ဆိုသည်။ဒေသခံများ ဆန္ဒပြတောင်းဆိုမည့် အကြောင်းအရာများမှာ မဒေးကျွန်းရှိ လမ်းများအား ကတ္တရာလမ်းအဖြစ် လုပ်ဆောင်ပေးရန် တောင်းဆိုမှု လက်ရှိအချိန်အထိ ဖြစ်မလာသေးခြင်း၊ ရေနံတင်သင်္ဘော ဝင်လာပါက ဒေသခံများ၏ ငါးဖမ်းလုပ်ငန်းများ ဖမ်းဆီးခွင့် မရရှိခြင်းနှင့် ဒေသခံ လယ်သမားအချို့ပိုင် လယ်မြေများအား ပြန်လည်တောင်းဆိုရာတွင် လုပ်ကိုင်ခွင့်မပြုခြင်း စသည့်အချက်များကြောင့်ဖြစ်ပြီး ဒေသခံများအနေနှင့် ခိုင်မာသည့် အာမခံချက် ရရှိလိုကြောင်း ဦးထွန်းကြည်က ဆိုသည်။အထက်ပါ ပြောဆိုမှုများနှင့် ပတ်သက်၍ CNPC မှ တာဝန်ရှိသူ မခင်စန္ဒီထံသို့ မေးမြန်းရာ အထက်လူကြီးသို့ ပြန်လည် မေးမြန်းရမည် ဖြစ်သဖြင့် အီးမေးလ်မှသာ မေးမြန်းစေလိုကြောင်း တုန့်ပြန်ပြောကြားသည်။      

Most Read

Most Recent