ချင်းညီလာခံ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ရွေးကောက်ပွဲမတိုင်မီ စတင်ရန် အပါအဝင် အချက်ငါးချက် ထုတ်ပြန်တိုက်တွန်း

ချင်းညီလာခံ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ရွေးကောက်ပွဲမတိုင်မီ စတင်ရန် အပါအဝင် အချက်ငါးချက် ထုတ်ပြန်တိုက်တွန်း
Published 20 January 2015

ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျင်းပရန်နှင့် ဘာသာကူးပြောင်းမှု (ဥပဒေ) မူကြမ်းကို လွှတ်တော်မှ ပြဋ္ဌာန်းခြင်းမပြုရန် အပါအဝင် အချက်ငါးချက်ကို ကြေညာချက် ထုတ်ပြန်တိုက်တွန်းသည်။ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်ခဲ့ကာ ဆွေးနွေးပွဲအပြီးတွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ကြေညာချက်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး၍ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို စတင်ကျင်းပရန် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။ ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်ရေးအတွက် ကြိုးပမ်းရန် ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းထားသည်။ဘာသာကူးပြောင်းမှု ဥပဒေ (မူကြမ်း) သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ တို့နှင့် ဆန့်ကျင်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခွင့်အရေးများကို ထိပါးကြောင်းနှင့် လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသော် လည်းကောင်း၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ကိုသော် လည်းကောင်း ထိခိုက်စေနိုင်သည့်အတွက် အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော်မှ ပြဋ္ဌာန်းခြင်း မပြုရန် တိုက်တွန်းထားသည်။“ကျွန်တော်တို့ အဓိက တိုက်တွန်းချက် အနေနဲ့လည်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို ကျွန်တော်တို့ အစကပြောရင် ကတိပြုထားခဲ့တဲ့အတိုင်း လူဦးရေနဲ့ အိမ်အကြောင်းအရာ နောက်ဆက်တွဲလုပ်ငန်းစဉ် အနေနဲ့ တိုင်းရင်းသားလူမျိုးများနဲ့ ညှိနှိုင်းမှု အစီအစဉ်ကို စတင်ဆောင်ရွက်ဖို့ တိုက်တွန်းတယ်” ဟု ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီမှ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲကို ကော်မတီ၏ ၂၀၁၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ရန်နှင့် လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု အခင်းအကျင်းတွင် ချင်းတိုင်းရင်းသားများပါဝင်မှု အခန်းကဏ္ဍကို သုံးသပ်ရန် ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ချင်းလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့သည်။  ယခု ထုတ်ပြန်တိုက်တွန်းချက်များအား ပြည်ထောင်စုအစိုးရအဖွဲ့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ ပေးပို့သွားမည်ဖြစ်သည်။၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ချင်းပြည်နယ်၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံမှ အချက်ပေါင်း ၁၅၁ ချက်ပါဝင်သော ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော်ရန် ချင်းအဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြုသော အဖွဲ့ဝင် ၄၅ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။