ကျပ်တစ်သောင်းဖြင့် ရောင်းချခဲ့သည့် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း ကောင်တာတွင် ကျပ်နှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေ

ကျပ်တစ်သောင်းဖြင့် ရောင်းချခဲ့သည့် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း ကောင်တာတွင် ကျပ်နှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေ
Published 20 January 2015
သက်ထား၊ အေးမြတ်မွန်

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ သီလဝါ အစုရှယ်ယာများကို ကျပ်တစ်သောင်းဖြင့် ဘဏ်များမှတစ်ဆင့် ရောင်းချခဲ့ပြီး ယခုအခါတွင် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း ကောင်တာတွင် ကျပ်နှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သီလဝါရှယ်ယာ ဝယ်ယူလိုသူများထံမှ သိရသည်။မြန်မာ-သီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ၂ဝ၁၄ ခုနှစ် မတ်လအတွင်းက စတင်ရောင်းချခဲ့ကာ ရှယ်ယာဝယ်ယူထားသူများ အနေဖြင့် ရှယ်ယာဝယ်၊ ရောင်းပြုလုပ်ရန်အတွက် သီလဝါအစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနကို အောက်တိုဘာလအတွင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။အစုရှယ်ယာများအား ဝယ်၊ ရောင်း ပြုလုပ်လိုသူများ အနေဖြင့် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနတွင် စာရင်းပေးသွင်းရန် လိုအပ်ပြီး မိမိရောင်းလို၊ ဝယ်လိုသည့် ပမာဏကို အဆိုပြုရကာ  အဆိုပါကောင်တာမှ ရောင်းသူ၊ ဝယ်သူကြားကို ချိတ်ဆက်ပေးကြောင်း သိရသည်။“ကျွန်မက ရှယ်ယာဝယ်ချင်လို့ သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနမှာ ပေါက်ဈေးစုံစမ်းကြည့်တော့ ကျပ်နှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သိရတယ်။ နှစ်သောင်းထက် များချင်လည်း များမယ်။ နည်းချင်လည်း နည်းမယ် ပြောတယ်။ ကိုယ်ဝယ်နိုင်တဲ့ ပမာဏကို လျှောက်လွှာပုံစံမှာ အဆိုပြုရတယ်။ ရောင်းမယ့်သူကလည်း သူရောင်းနိုင်တဲ့ ပမာဏကို အဆိုပြုရမှာ။ အဲဒီမှာ ဌာနကနေပြီး ရောင်းသူ၊ ဝယ်သူကြားမှာ ဆက်သွယ်ပေးမယ် ပြောတယ်” ဟု သီလဝါအစုရှယ်ယာ ဝယ်ယူရန် စုံစမ်းခဲ့သည့် ဒေါ်ရင်ရင်ချိုက ဆိုသည်။သီလဝါရှယ်ယာများကို ပြန်လည် အရောင်းအဝယ် ပြုလုပ်နိုင်သည့် သီလဝါအစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှု ဌာနကို အစုရှယ်ယာရှင်များအား ရှယ်ယာရောင်းဝယ်ခြင်းများ လွယ်ကူအဆင်ပြေစေရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဌာန အနေဖြင့် ရှယ်ယာများကို ထပ်မံရောင်းချမည် မဟုတ်ဘဲ အစုရှယ်ယာ ရောင်းချစဉ်က ဝယ်ယူသူထားသူများက ပြန်လည်ရောင်းချမည့် ရှယ်ယာများကိုသာ အရောင်းအဝယ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အစုရှယ်ယာများကို စတင်ရောင်းချကတည်းက ရှယ်ယာရောင်းချရန် လျာထားသည့် အရေအတွက်ထက် ဝယ်ယူရန် အဆိုပြုသူ အရေအတွက်မှာ နှစ်ဆကျော် များပြားခဲ့သောကြောင့် လျာထားချက်ထက် ပိုလျှံနေသည့် အစုပေါင်း ၁ ဒသမ ၈ သန်းကို ဘဏ်များမှတစ်ဆင့် ပြန်လည်အမ်းပေးခဲ့ကြောင်း သိရသည်။ ရှယ်ယာများကို ရောင်းချရာတွင်လည်း ရှယ်ယာအနည်းငယ် ဝယ်ယူသူကို ဦးစားပေးရောင်းချခဲ့ပြီး ကျန်ရှိသည့် ရှယ်ယာများမှာ ရှယ်ယာများများ ဝယ်ယူလိုသူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Prorata စနစ်ဖြင့် အချိုးကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။ထို့အပြင် သီလဝါ အစုရှယ်ယာများကို ပြန်လည်ရောင်းချမည့်သူများ အနေဖြင့် MTSH ရုံးသို့ လျှောက်ထားရမည်ဖြစ်ပြီး ဝယ်ယူသူများကိုလည်း ဝယ်ယူသည့်နေ့မှစ၍ သုံးလအတွင်း အစုရှယ်ယာလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် စတင်အကောင်ထည်ဖော်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်း၌ စတင်ကာ စီးပွားဖြစ် လည်ပတ်နိုင်မည်ဟု ဇုန်တာဝန်ရှိသူများက ခန့်မှန်းထားသည်။သီလဝါကဲ့သို့ အများပိုင်ကုမ္ပဏီများမှ အစုရှယ်ယာများ ရောင်းချနေခြင်းသည် မည်သည့်ဥပဒေအောက်တွင်မှ ရှိမနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

Most Read

Most Recent