၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ခရီးသည် တစ်သန်းကျော် စံချိန်တင် ဝင်ရောက်

၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ခရီးသည် တစ်သန်းကျော် စံချိန်တင် ဝင်ရောက်
Published 18 January 2015
ရွှန်းလဲ့ဝင်း

၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ခရီးသည် တစ်သန်းကျော်အထိ စံချိန်တင် ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု တစ်သန်းကျော် ရှိခဲ့ပြီး ယခင်နှစ် တစ်နှစ်လုံး၏ ပြည်ပခရီးသွား ဝင်ရောက်မှုထက် ကျော်လွန်ခဲ့ပြီဖြစ်သည်။၂၀၁၄ ခုနှစ်အတွင်း ဇန်နဝါရီမှ ဒီဇင်ဘာလကုန်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၁၀၂၇၇၇၀ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှု ခုနစ်သိန်းကျော်သာ ရှိခဲ့ကြောင်း သိရသည်။“နိုင်ငံခြားသား ခရီးသည်တွေ မြန်မာနိုင်ငံကို ရန်ကုန်လေဆိပ်က ဝင်ရောက်မှုက ၂၀၁၄ ခုနှစ်မှာ တစ်သန်းကျော်အထိ ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှု ခုနစ်သိန်းကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုက ရန်ကုန်လေဆိပ် တစ်ခုတည်းတင် မကဘဲ နယ်စပ်ဂိတ်တွေက ဝင်ရောက်မှုကလည်း မြင့်တက်ခဲ့ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အဆိုပါ နိုင်ငံခြားသား ခရီးသည်များတွင် ထိုင်းနိုင်ငံမှ ခရီးသွားဦးရေ ၁၆၅၆၆၀ ဦးဖြင့် အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုတွင် ထိုင်းနိုင်ငံမှ ခရီးသွားဦးရေမှာ နှစ်စဉ်အများဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ်၌ ထိုင်းခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၃ ခုနှစ်ထက် ပိုမိုများပြားခဲ့ကြောင်းလည်း သိရသည်။၂၀၁၄ ခုနှစ်၌ ရန်ကုန်လေဆိပ်သို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ၁၀၂၇၇၇၀ ဦးရှိပြီး ထိုင်းနိုင်ငံမှ ခရီးသွား ၁၆၅၆၆၀ ဦးအထိ ရှိခဲ့ခြင်းဖြစ်သည်။၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်မှ ထိုင်းနိုင်ငံမှ ခရီးသွား ၁၁၆၁၂၈ ဦး ရှိခဲ့သည်။“၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် ၁၀၂၇၇၇၀ ဦး ဝင်ရောက်ခဲ့ရာမှာ ထိုင်းနိုင်ငံက ခရီးသည် ၁၆၅၆၆၀ ဦးနဲ့ အများဆုံး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယက ဂျပန်နိုင်ငံကဖြစ်ပြီး တရုတ်နိုင်ငံက တတိယ ခရီးသည်အများဆုံး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ နိုင်ငံခြားသားခရီးသွား သုံးသိန်းကျော်သည် ဗီဇာပုံစံ အမျိုးမျိုးဖြင့် လာရောက်ခဲ့သည့် ခရီးသွားများဖြစ်ကြောင်း သိရသည်။      

Most Read

Most Recent