တရုတ်နိုင်ငံသို့ မြန်မာ့ဆန် တရားဝင်ဆန်တင်ပို့မှုအား ကနဦးအနေဖြင့် MAPCO အပါအဝင် ကုမ္ပဏီကိုးခုမှ လာမည့် ဧပြီ၊ မေလခန့်တွင် စတင်တင်ပို့နိုင်မည်

တရုတ်နိုင်ငံသို့ မြန်မာ့ဆန် တရားဝင်ဆန်တင်ပို့မှုအား ကနဦးအနေဖြင့် MAPCO အပါအဝင် ကုမ္ပဏီကိုးခုမှ လာမည့် ဧပြီ၊ မေလခန့်တွင် စတင်တင်ပို့နိုင်မည်
Published 17 January 2015
နီလာ

မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရာတွင် ကနဦးအနေဖြင့် MAPCO  အပါအဝင် ကုမ္ပဏီကိုးခုအား ရွေးချယ်ထား ပြီး လာမည့် ဧပြီ၊ မေလခန့်တွင် စတင်တင် ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဇန်နဝါရီ ၁၇ ရက်က မြန် မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ အဆိုပါကုမ္ပဏီ ကိုးခုမှာ MAPCO၊ FRP၊ Myanmar Rice Mill၊ Golden Land East Asia၊ Bayintnaung Business Group၊ MRDC၊ Shan(North)SPRDC၊ Ayeyar Pathein၊ Rakhine Rice and Paddy တို့ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်မှ သိရသည်။
“ကုမ္ပဏီရွေးချယ်ခြင်းဟာ ဒီကုမ္ပဏီ ကိုးခုလောက်ကပဲ လုပ်ငန်းကို ဦးဆောင် လုပ်မှာ မဟုတ်ဘဲ ကျန်တဲ့အသေးစားနဲ့ အ လတ်စားလုပ်ငန်းတွေ supplier တွေအား လုံးပါ ပါတယ်။ ကုမ္ပဏီတွေက ဦးဆောင်ပြီး တော့ အသေးစားစက်ပိုင်တွေပါ ပါဝင်လာ ဖို့ ပထမအဆင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ဆန်တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ် သည်များကို ဆောင်ရွက်လျက်ရှိပြီး တရုတ် နိုင်ငံ၏စစ်ဆေးရေးအဖွဲ့အစည်းဖြစ်သည့် CCIC ရုံးအား ရန်ကုန်တွင် ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရန် ကုန်တွင် အဆိုပါရုံးဖွင့်လှစ်ပြီးနောက် မန္တလေးနှင့် မူဆယ်မြို့များတွင်လည်း ဆက် လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်မှာ ဆန်တင်ပို့မယ့် ကုမ္ပဏီစာရင်းပေးမယ်။ လက်စသတ်ရမယ့် လုပ်ငန်းတွေအပြီး သတ်မယ်ဆိုရင် ဇန်နဝါရီ ကုန်လောက်ဆိုပြီးပြီ။ ဒါပေမဲ့လည်း တရုတ်နှစ်ကူးကလည်း ရှိနေတော့ ဖေဖော်ဝါရီလကုန်လောက်တော့ မှန်းပါတယ်။ ဖေဖော်ဝါရီလကုန်လောက်ဆို စလို့ရပြီ။ ဒါပေမဲ့ တစ်ဖက်ကလည်း တရုတ်ဘက်က ဆန်ဝယ်တဲ့အချိန်၊ သူတို့ဘက်က ဒီအချိန်ဆန်ဝယ်တဲ့ အချိန်မဟုတ်ဘူး။ သူတို့နိုင်ငံကလည်း ဒီဇင်ဘာ၊ ဇန်နဝါရီဆိုတာ စပါးပေါ်တဲ့အချိန် ဖြစ်နေတယ်။          
မြန်မာနိုင်ငံက ဆန်ကိုစိုက်တဲ့အချိန်မှာ ဟက်တာ ရှစ်သန်းလောက်ပဲစိုက်တာ၊ တရုတ်နိုင်ငံက ဟက်တာ သန်း ၅ဝ ကျော် ၆ဝ လောက်စိုက်တာ၊ တချို့နှစ်တွေမှာဆို ၁ဝဝ လောက်ကိုစိုက်တာ၊ ကမ္ဘာပေါ်မှာ ဆန်အများဆုံး စိုက်တဲ့နိုင်ငံ၊ အများဆုံး ထွက်တဲ့နိုင်ငံ၊ တစ်ဖက်ကလည်း တင်ပို့သလို တစ်ဖက်ကလည်း တင်သွင်းနေတယ်။ ဒါကြောင့်မို့ဒီအချိန်မှာ စပါးပေါ်တဲ့ အချိန်ဖြစ်တယ်။ သူတို့ဘက်က ပုံမှန်ဝယ်လေ့ဝယ်ထရှိတဲ့ အချိန်က ဧပြီ၊ မေ၊ ဇွန် လောက်မှပါ။ ဒါကြောင့် အဲဒီအချိန်လောက်မှပဲ ဖြစ်နိုင်မှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဈေးကွက်အတွင်းသို့ နှစ်စဉ်ဆန်တန်ချိန် ငါးသန်းခန့် တင်သွင်းလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့ရာတွင် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်၊ လာအို၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများနှင့် အရည်အသွေးပိုင်းဆိုင်ရာ အဓိကယှဉ်ပြိုင်ကာ တင်သွင်းရဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် လက်ရှိတွင် တန်ချိန် ၁ ဒသမ ၁ သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်းနှင့် ဆန်တန်ချိန် ကိုးသိန်းကျော်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ရှစ်သိန်းနီးပါး တင်ပို့ထားကြောင်း သိရသည်။         
 

Most Read

Most Recent