ကျွန်းသစ်လုံး တန်ချိန် ၇၀၀ ကျော်အပါအဝင် တမလန်း၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသားစုစုပေါင်း သစ်တန်ချိန် ၅၇၀၀ ကျော် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်

ကျွန်းသစ်လုံး တန်ချိန် ၇၀၀ ကျော်အပါအဝင် တမလန်း၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသားစုစုပေါင်း သစ်တန်ချိန် ၅၇၀၀ ကျော် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်
Published 17 January 2015

ကျွန်းသစ်လုံးတန်ချိန် ၇ဝဝ ကျော်အ ပါအဝင် တမလန်းသစ်၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသားစုစုပေါင်း တန်ချိန် ၅၇ဝဝ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သတင်းရရှိသည်။
အဆိုပါ ကျွန်း၊ သစ်မာသစ်လုံးနှင့် ခွဲသားများကို အမေရိကန်ဒေါ်လာဖြင့်သာ မြန်မာ့သစ်လုပ်ငန်း၊ ပြင်ပရောင်း/ စက်ဌာန မှ ယခုလ ၂၃ ရက်တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။
ကျွန်းသစ် လုံး ၇၆၅ တန်၊ ကျွန်းခွဲသား၊ ဓါးရွှေ ၉၃၉ တန်၊ ပျဉ်းကတိုး၊ ကညင်၊ နှော၊ တောင်သရက်သစ်လုံး တန်ချိန် ၃၅ဝဝ ခန့် နှင့် တမလန်း(ဓါးရွှေ) ၅၇၄ တန်၊ စုစု ပေါင်းတန်ချိန် ၅၇၇၈ တန်ကို မြန်မာ့သစ် လုံးငန်းရုံးချုပ် (အင်းစိန်) တွင် အိတ်ဖွင့်တင် ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
“လက်ရှိမှာ ပြည်တွင်းကလုပ်ငန်းရှင် တွေကို တန်ချိန် သုံးသိန်းကျော် လေးသိန်းလောက် ရောင်းပြီးပြီ။ အိတ်ဖွင့်တင်ဒါနဲ့ ရောင်းတော့ ဈေးအမြင့်ဆုံးပေးတဲ့သူက ရတာပေါ့။ ဥပမာ- ပြည်တွင်းမှာ သုံးချင်တဲ့သူကလည်း ပြည်တွင်းမှာ ခွဲစိပ်ပြီးရောင်းတယ်။ ပြည်ပကိုတင်ပို့နိုင်တဲ့ သူကလည်း ခွဲစိပ်ပြီး ပြည်ပကို တင်ပို့တာလည်း ရှိတယ်။ ဒါကတော့ ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်တဲ့အပိုင်းပေါ့။ ဒီဘဏ္ဍာနှစ်မှာ လုပ်ငန်းရှင်တွေအတွက် လျာထားတာက တန်ချိန်ငါးသိန်းလောက်၊ လက်ရှိရောင်းပြီးတာက သုံးသိန်းကျော်လေးသိန်းပါ။ ဒါ့အပြင် ဒီနှစ်ရောင်းချမှုက ကျပ်ငွေဘီလျံ ၉ဝ လျာထားပြီးတော့ လက်ရှိအချိန်ထိ ကျပ်ဘီလျံ ၇ဝ ရထားပါပြီ”ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ်တန်ချိန် ၆ဝဝဝဝ ထုတ်လုပ်ရန် လျာထားသော်လည်း ယခုနှစ်အတွင်း   ကျွန်းထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၆ဝဝဝဝ အောက် လျော့နည်းနိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါအဝင် သစ်တောထွက် ပစ္စည်းများအား အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈ဝ၈ သန်းဖိုးအထိ တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။
ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။
ပြည်ပသို့ အများဆုံးတင်ပို့ခဲ့သည့် သစ်တောထွက်ပစ္စည်းမှာ ကျွန်းသစ်လုံးဖြစ်ပြီး ၆၃၈ ဒသမ ၃၇၇ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ကျွန်းသစ်ခွဲသားများအား တန်ချိန်ပေါင်း ၃၄၃၂၈ တန်အထိ တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent