ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်ရင်ပြင်တော်စခန်းနှင့် ရသေ့တောင် စခန်းတို့အား ဆက်သွယ်မည့် Cable Car စီမံကိန်းလုပ်ငန်းများ စတင်

ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်ရင်ပြင်တော်စခန်းနှင့် ရသေ့တောင် စခန်းတို့အား ဆက်သွယ်မည့် Cable Car စီမံကိန်းလုပ်ငန်းများ စတင်
Published 16 January 2015
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်ရင်ပြင်တော်စခန်းနှင့် ရသေ့တောင် စခန်းတို့အား ဆက်သွယ်မည့် Cable Car စီမံကိန်းအား ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း စီမံကိန်း လုပ်ဆောင်ခွင့် ရရှိသည့် Sky Asia ကုမ္ပဏီမှ သိရသည်။လက်ရှိတွင် စီမံကိန်းမြေနေရာအား ဝယ်ယူပြီး မိုးမကျမီ လေးလအတွင်း အရေးကြီးသော ဖောင်ဒေးရှင်းချသည့် ကိစ္စများ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် Earth Work လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ လုပ်ငန်းတိုးတက်မှု အခြေအနေကို နှစ်ပတ်တစ်ကြိမ် ပြည်နယ်အစိုးရသို့ တင်ပြသွားရမည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးနေလင်းက ပြောကြားသည်။“Main Station က ရသေ့တောင်စခန်းမှာ ဖြစ်ပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာက Return Station ထားပါမယ်။ ပြီးရင် အဲဒီနှစ်ခုကို ဆက်ပါမယ်။ အကွာအဝေးက ပျမ်းမျှပေ ၂၉၀၀ နဲ့ ပေ ၃၀၀၀ ကြားရှိပါမယ်။ အမြင့်ကတော့ သစ်ပင်တွေနဲ့ လွတ်လောက်မယ့် နေရာတွေမှာ တာဝါတိုင်ခြောက်ခုကို ၁၃ မီတာကနေ အမြင့်ဆုံး ၂၅ မီတာအထိ တည်ဆောက်ပါမယ်။ Return Station နားမှာဆိုရင် ၁၅ မီတာ၊ ၁၄ မီတာ စသည်ဖြင့် ပြန်ဆင်းသွားမှာ ဖြစ်ပါတယ်။ Main Station နဲ့ Return Station တည်ဆောက်ဖို့နဲ့ Cable Car ဆက်စပ်ပစ္စည်းတွေကို ပြင်သစ်နိုင်ငံက မှာယူတည်ဆောက်သွားမှာပါ။ နောက်ပြီး တည်ဆောက်ရေးမှာ ပါဝင်မယ့် စတီးပစ္စည်းတွေနဲ့ နည်းပညာကတော့ ကိုရီးယားက ဖြစ်ပါမယ်။ တည်ဆောက်မှုပြီးစီးပြီး ဖွင့်လှစ်နိုင်မယ့် အချိန်ကိုတော့ ၂၀၁၆ ခုနှစ် မတ်လလောက်ကို မှန်းထားပါတယ်။ တည်ဆောက်မှု အပိုင်းမှာက ကျိုက်ထီးရိုးဒေသမှာ ရာသီဥတုက မိုးများတယ်။ မြူအမြဲတမ်း ကျတယ်။ အဲဒါလေးတွေကို သတိထားပြီး တည်ဆောက်သွားရမှာ ဖြစ်ပါတယ်” ဟု ဦးနေလင်းက ပြောကြားသည်။“Cable Car တစ်စီးမှာ ပျမ်းမျှ လူရှစ်ဦး လိုက်ပါစီးနင်းနိုင်မယ်။ စုစုပေါင်း Cable Car ၄၃ စီးမှာ ၄၂ စီးက ပြေးဆွဲမယ်။ အရန်အနေနဲ့ တစ်စီး ထားရှိသွားမှာ ဖြစ်ပါတယ်။ Cable Car တစ်စီးကို ရှစ်ဦးဆိုပေမယ့် Cable Car က လည်နေမှာ ဖြစ်တဲ့အတွက် တကယ်တမ်း တွက်ချက်တဲ့အခါမှာ ပျမ်းမျှခြောက်ဦးနဲ့ လျာထားပါတယ်။ တစ်ဦးကို စီးနင်းခအနေနဲ့ MIC ကို တင်ပြထားတာက ကျပ် ၃၀၀၀ နှုန်းနဲ့ ဖြစ်ပါတယ်။ နိုင်ငံခြားသားတစ်ဦးကို ငါးဒေါ်လာ သတ်မှတ်ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာသန်း ၂၀ ဖြစ်ပါတယ်။ ကိုရီးယားကုမ္ပဏီက ရာခိုင်နှုန်း ၈၀၊ မြန်မာဘက်က ရာခိုင်နှုန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ကျိုက်ထီးရိုးဒေသသည် ပြည်တွင်းဘုရားဖူးများ နှစ်စဉ်သိန်းနှင့်ချီ၍ လာရောက်သည့်နေရာ ဖြစ်သည့်အပြင် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား စံချိန်တင် လာရောက်ခဲ့သော ရှေးဟောင်းယဉ်ကျေးမှုဇုန် ဖြစ်သည်။

Most Read

Most Recent