ရွေးကောက်ပွဲ ကော်မရှင်များကို စောင့်ကြည့်ကြ

ရွေးကောက်ပွဲ ကော်မရှင်များကို စောင့်ကြည့်ကြ
Published 16 January 2015
ဒေါက်တာရန်မျိုးသိမ်း

ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်သည် လွတ်လပ်ကြားနေပြီး ဘက်လိုက်မှု ကင်းရှင်းမှသာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတမည် ဖြစ်သည်။ ရွေးကောက်ပွဲများ၏ လွတ်လပ်၊ တရားမျှတမှုသည် အစိုးရနှင့် လွှတ်တော်များတွင် ပြည်သူလူထု ကိုယ်စားပြုမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနိုင်ရန် လိုအပ်မည်ဖြစ်သည်။   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ ၁၄ ခု၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲ ၇၃ ခု၊  မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ၃၃၀ နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မရှင် အဖွဲ့ခွဲ ၁၅၇၈၀ ခုတို့ကို ဖွဲ့စည်းထားသည်။ ကော်မရှင် အဖွဲ့ခွဲပေါင်း ၁၆၁၉၇ ခု၏ စီမံကြီးကြပ်မှုနှင့်အတူ ကျင်းပမည်ဖြစ်သဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု ဆန္ဒစော ကောက်ချက်မပြုမိရန် အရေးကြီးသည်။ ရွေးကောက်ပွဲကော်မရှင်များကို ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထု ကိုယ်စားပြုမှု မည်၍မည်မျှရှိရှိ ဖွဲ့စည်းခဲ့သည်ကို ဦးစွာဆန်းစစ်သင့်သည်။တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၁၄ ခုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြီးလျှင် တာဝန်အရှိဆုံး အဖွဲ့ခွဲများဖြစ်သည်။ ကော်မရှင်များ၏ ဖွဲ့စည်းမှုပုံစံသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အစီအစဉ်များနှင့် အံဝင်ခွင်ကျ ဖြစ်ရမည်။ အစိုးရ၊ အာဏာရပါတီတို့နှင့် လုံးလုံးကင်းရှင်းပြီး မဲဆန္ဒရှင် အများစု၏ ယုံကြည်လေးစားသူ စစ်စစ်များနှင့် ဖွဲ့စည်းသော ကော်မရှင်များဖြစ်ရန် ပဓာနကျသည်။ သို့မှသာ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲနှင့် အစပ်အဟပ်တည့်မည် ဖြစ်သည်။တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၁၄ ခုအနက်၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လွဲ၍၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၁၃ ခုကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကိုမူ အဖွဲ့ဝင် ၃၄ ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ ဥက္ကဋ္ဌများသည် အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များဟု ဆိုသော်လည်း၊ အတွင်းရေးမှူးများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ ဖြစ်နေသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် ပါဝင်ပြီး ပြည်ထဲရေး ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများကို ကော်မရှင် အတွင်းရေးမှူးများအဖြစ် တာဝန်ပေးခြင်းသည် ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတမှုကို ထိခိုက်စေနိုင်သည်။
ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးသည်လည်း ပဓာနကျသည်။ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များသည် ပုဂ္ဂိုလ်စစ်၊ ပုဂ္ဂိုလ်မှန်များဖြစ်ရန် လိုအပ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အဆိုပါ ပုဂ္ဂိုလ်များအပေါ် အများယုံကြည်လေးစားမှုကို မည်သို့ဆန်းစစ်သည် . . . . .

အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၏ ပါဝင်မှုကိုကြည့်လျှင် အားရကျေနပ်ဖွယ် မရှိပေ။ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၁၃ ခုတွင် အဖွဲ့ဝင် ၁၅ ဦးအနက်၊ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်မှာ ခြောက်ဦးသာ ပါဝင်သည်။ ထို့ကြောင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ကိုသာ ကိုယ်စားပြုသည်။ ကျန်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ကိုးဦးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရအရာရှိကြီးများ ဖြစ်သည်။ ရှမ်းပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွင် အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ် ၁၅ ဦးနှင့် ပြည်နယ်အဆင့် အစိုးရအရာရှိကြီး ၁၉ ဦး ပါဝင်သည်။ အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်အများဆုံး ပါဝင်သည့် ရှမ်းပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်အများစုသည် အစိုးရအရာရှိကြီးများ ဖြစ်သည့်အလျောက် ကော်မရှင်များအပေါ် အစိုးရ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သြဇာသက်ရောက်နိုင်ခြေ မြင့်မားမည်ဟု သုံးသပ်နိုင်သည်။တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများကို အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များနှင့်သာ ဖွဲ့စည်းနိုင်မည်ဆိုလျှင် အလျော်ကန်ဆုံး ဖြစ်သည်။ အစိုးရ အရာရှိကြီးများသည် ကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ခြင်းထက် ကော်မရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးခြင်းက ပိုမိုသင့်တော်မည် ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် ကော်မရှင်အဖွဲ့ခွဲ အားလုံးကို အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ရှေးရှုသင့်သည်။ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များအနေဖြင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အဆင့်ဆင့်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာရှိများ အပါအဝင် အစိုးရအရာရှိများ ကင်းကင်းစင်စင် ပြင်ဆင်ဖွဲ့စည်းနိုင်ရေး တိုက်တွန်းဆော်သြသင့်သည်။ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးသည်လည်း ပဓာနကျသည်။ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များသည် ပုဂ္ဂိုလ်စစ်၊ ပုဂ္ဂိုလ်မှန်များဖြစ်ရန် လိုအပ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အဆိုပါ ပုဂ္ဂိုလ်များအပေါ် အများယုံကြည်လေးစားမှုကို မည်သို့ဆန်းစစ်သည်နှင့် မည်သို့မည်ပုံ ရွေးချယ်တာ ဝန်ပေးသည်တို့အား အများပြည်သူ သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်သည်။ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများသည် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များကို စနစ်တကျ စုဆောင်းရမည်။ လိုအပ်ချက်များ၊ လွဲချော်မှုများ၊ မသင့်တော်မှုများ တွေ့ရှိပါက နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားရန် လိုအပ်သည့်နည်းတူ အများပြည်သူ သိရှိနိုင်အောင်လည်း သတင်းမီဒီယာများမှတစ်ဆင့် အထုပ်ဖြေပြသင့်သည်။ သို့ဖြစ်၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအကြို ကာလတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များသည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်သင့်သည်။အချုပ်အားဖြင့်ဆိုသော် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင် အဖွဲ့ဝင်များသည် အကဲဖြတ် ဒိုင်လူကြီးကောင်းများဖြစ်ရန် အရေးကြီးသည်။ ကော်မရှင်များတွင် အစိုးရအရာရှိများကို ဖယ်ရှားလျက် ကော်မရှင်အပေါ် အစိုးရ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သြဇာဖြန့်ကြက်မှုကို တားဆီးရမည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများ၏ အရာရှိများသည် ကော်မရှင်များတွင် ပါဝင်မှုမရှိလျှင် ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတနိုင်ခြေကို မြင့်မားစေမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို မပျက်မကွက် နိုးနိုးကြားကြား စောင့်ကြည့်လျက် ပြည်သူလူထုအား စဉ်ဆက်မပြတ် အသိပေးသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent