တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်နဝါရီ ၁၅ ရက်က ဖားကန့်ဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်အနီးမှ ဒေသခံ ၂၀၀၀ ခန့် ပိတ်မိနေ

တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်နဝါရီ ၁၅ ရက်က ဖားကန့်ဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်အနီးမှ ဒေသခံ ၂၀၀၀ ခန့် ပိတ်မိနေ
Published 16 January 2015

တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့အကြား ဇန်နဝါရီ ၁၅ ရက်တွင် ဖားကန့်ဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်အနီးများမှ ဒေသခံ ၂ဝဝဝ နီးပါးခန့် ပိတ်မိနေကြောင်း သိရသည်။ဇန်နဝါရီ ၁၄ ရက်က ကေအိုင်အေတပ် မဟာ (၁) လက်အောက် တပ်ရင်း (၆) တည်ရှိရာ ဖားကန့်လမ်းကြောင်းတွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား ကေအိုင်အေတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး အဆိုပါဝန်ကြီး၏ လုံခြုံရေးလိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း (၆)တည်ရှိရာ ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ တန်းဂေါင်(အောင်ဘာလေ) ရွာအနီးတွင် နှစ်ဖက်အကြား ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖားကန့်ဒေသ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကေအိုင်အေတပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန်းက “မနက် ၆ နာရီလောက်ကစပြီး တောက်လျှောက်ဖြစ်တာ။ အခုလည်း ဖြစ်နေဆဲပါပဲ။ တိုက်ပွဲက မနက်ကတည်းက သူတို့ လက်နက်ကြီးနဲ့ စပစ်တာဗျ။ လက်နက်ကြီးက အခု အလုံးတစ်ရာကျော်သွားပြီ ပစ်တာ။ အခုလောလောဆယ်က မြေပြင်ထိတွေ့မှုအနီးကပ်ဖြစ်နေတာ။ စစ်ရဲ့သဘောသဘာဝအရ အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ ဖြစ်စဉ်ပြေလည်မှုရဖို့ ကျွန်တော်တို့က ဌာနချုပ်ကို တင်ပြတယ်။ ဌာနချုပ်ကနေ သက်ဆိုင်ရာနယ်စပ်ရေးရာဝန်ကြီးတို့နဲ့ တိုက်ရိုက်လူကြီးချင်းစကားပြောနေတယ်လို့ ကြားပါတယ်”ဟု ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ပြောကြားသည်။တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ မေးမြန်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဖုန်းနံပါတ် ဝ၃၃-၄ဝဝ၁၇ သို့အကြိမ်ကြိမ် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ချေ။တပ်မတော်နှင့်ကေအိုင်အေတို့၏ တိုက်ပွဲဖြစ်စဉ်အနီးရှိ တန်းဂေါင် (အောင်ဘာလေ) ရွာ ကမ်ဆီးဟောရွာအပါအဝင် ကျေးရွာသုံးရွာ၌ ဒေသခံ ၂ဝဝဝ ခန့်ရှိကြောင်း၊ ယခု တိုက်ပွဲဖြစ်ပွားနေသည့် တန်းဂေါင်ရွာတွင် ယခင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ရှောင်နေသည့် ကလေးငယ် ၂ဝဝ ကျော်အား စာသင်ကြားပေးနေသည့် ဒုက္ခသည်ကျောင်းတစ်ခုရှိကြောင်း သိရသည်။ကချင်လူမှုဖွံ့ဖြိုးကွန်ရက်အဖွဲ့မှ ဦးစာဂျီက “တန်းဂေါင်ကျေးရွာဘက်မှာ မနက်ကတည်းက အခုအချိန်ထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရတယ်။ အဲဒီနားမှာက ရွာသုံးရွာလောက်ရှိတယ်။ အခုက တန်းဂေါင် ကျေးရွာမှာဖြစ်နေတာ။ တန်းဂေါင်မှာက အိမ်ခြေလေးရာကျော်လောက်ရှိပြီးတော့ ရွာသူရွာသားက တစ်ထောင်လောက်ရှိတယ်။ နောက်ပြီးတော့ အပြင်က ကျောက်စိမ်းလာလုပ်ကြတဲ့ လက်လုပ်လက်စားတွေလည်း ရှိတယ်။ IDP ကျောင်းသားတွေလည်း ရှိတယ်” ဟု ပြောကြားသည်။   တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကေအိုင်အိုဗဟို၊ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့ ဖြစ်သည့် Myanmar Peace Center နှင့် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG)တို့အကြား ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။တိုက်ပွဲသည် မွန်းလွဲပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေဆဲပင်ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ရွာသူရွာသားများအား ထိခိုက်မည်စိုး၍ ကေအိုင်အေရှေ့တန်းတပ်များကို နောက်သို့ ဆုတ်ခွာပေးလိုက်ရသည်ဟု ကေအိုင်အေတပ်ရင်း (၆)မှ ဗိုလ်မှူးတန်ဆန်းက ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြောကြားသည်။ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ ရှေ့တန်းကင်းက အဲဒီရွာရဲ့ရှေ့မှာဆိုတော့ ဟိုကပစ်လာရင် ရွာမှာပဲ ထိထိလာတဲ့အခါကျတော့ ရွာရဲ့ ရပ်မိရပ်ဖတွေ၊ ဂေါပကလူကြီးတွေက ကျွန်တော်တို့ကို မေတ္တာရပ်ခံလာတာနဲ့ ကျွန်တော်တို့က နည်းနည်းဆုတ်ပေးလိုက်တာ။ ရွာလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ကွက်ပြီး နောက်ဆုတ်ပေးလိုက်တာ။ အထိအခိုက်နည်းနည်းပါးပါးတော့ ရှိမှာပါ။ အပြည့်အစုံတော့ သတင်းတက် မလာသေးဘူး”ဟု ပြောကြားသည်။PCG မှဦးလမိုင်ဂွန်ဂျာက “ ဖြစ်တာက မနေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖွဲ့တွေက ဖားကန့်ဘက်ကို လမ်းတံတားသွားကြည့်ရင်းနဲ့ သူတို့သွားတဲ့အချိန်မှာ သူတို့ရဲ့လုံခြုံရေးအနေနဲ့ ရဲတပ်ဖွဲ့ သုံးယောက်ပါတာပေါ့လေ။ အဲဒီမှာ ကေအိုင်အေတပ်တွေ လမ်းကနေ ဖြတ်ကူးလာတဲ့အချိန်မှာ သွားတွေ့တဲ့အချိန်မှာ အစိုးရအဖွဲ့မှန်း ဘာမှန်းမသိဘူးလေ။ အစိုးရအဖွဲ့ဆိုတော့ အဲဒီမှာ လက်နက်တွေပါတဲ့အခါကျတော့ အစိုးရအဖွဲ့ကို ပြန်လွှတ်ပေးပြီးတော့ ရဲသုံးယောက်ကို သူတို့ဖမ်းသွားတာပေါ့။ အဲဒီဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကလည်း ကျွန်တော်တို့ PCG ကို ပြောတော့ ကျွန်တော်တို့လည်း ကေအိုင်အို ဗဟိုကိုတင်ပြပြီးပြီ။ အောက်ခြေမှာဖြစ်တဲ့ကိစ္စ ဗဟိုကနေ အမိန့်နဲ့လုပ်ခိုင်းတဲ့ ကိစ္စမဟုတ်ဘူးဆိုတော့ အောက်ခြေကို သူတို့လှမ်းအကြောင်းကြားပြီး ဒီနေ့ပြန်လွှတ်ဖို့  စီစဉ်နေတာ။ စီစဉ်နေတဲ့အထဲမှာ ဒီမနက် ၅ နာရီ ၄ဝ လောက် ဖားကန့်ကေအိုင်အိုတပ်ရင်း (၆) ဘက် မှာ တိုက်ပွဲဖြစ်နေတာ”ဟု ပြောကြားသည်။Myanmar Peace Center မှ ဦးလှမောင်ရွှေကလည်း “ ဒီနေ့ ၁ဝ နာရီနဲ့ မိနစ် ၄ဝ မှာ ကေအိုင်အို နည်းပညာအထောက်အကူပြုရုံးက ကျွန်တော်တို့ MPC ကို သူတို့ ဆက်သွယ်ထားတာ ရှိတယ်။ အဲဒါက သူတို့လွှတ်ဖို့ ပြင်ဆင်နေပါတယ်လို့ ပြောတာရှိတယ်”ဟု ပြောကြားသည်။ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက “ကျွန်တော်မေးကြည့်တယ်ဗျ။ ကချင်ပြည်နယ်ဘက်လည်း မေးကြည့်တော့ မနေ့က မနက်ဆယ်နာရီခွဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ သူတို့လည်း ဝန်ကြီးမှန်းသိလျက်သားနဲ့ ငုတ်တုတ်ထိုင်ခိုင်းတာတို့။ ထိုင်ခိုင်းတဲ့ ဘေးကိုလည်း သေနတ်နဲ့ခြိမ်းခြောက်ပစ်တာမျိုးတွေလည်း လုပ်တယ်ပေါ့။ ဒါဟာ သူတို့အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာ ပုံမှန်သွားပြီးတော့ လုပ်ငန်းလုပ်တာဖြစ်တဲ့အတွက် ဒါဟာ မဖြစ်သင့်ဘူး ပြန်လွှတ်ပေး။ ပဋိပက္ခတွေ မကြီးထွားခင်မှာ ပြန်လွှတ်ပေးဖို့ ကချင်ပြည်နယ်ဘက်က ပြောတယ်တဲ့။ အကြောင်းကြောင်းကြောင့် မလွှတ်ဖြစ်ဘူးပေါ့ဗျာ။ ကျွန်တာ့်အမြင်နဲ့ပြောဆိုရင်တော့ တပ်မတော်ဘက်က သူတို့ကို လာရန်မစဘူးဆိုရင်တော့ မလုပ်ဘူးလို့ပဲ ယူဆရမှာပဲ။ ဒါနဲ့စောစောကလို ရန်စတာမျိုးတွေရှိရင်တော့လည်း အဲဒီရန်စတဲ့နေရာတွေကို ရှင်းလင်းရင်းနဲ့ ပဋိပက္ခတွေကလည်း ကြီးထွားသွားတာလည်း ကျွန်တော်တို့က မဖြစ်စေချင်ဘူး”ဟု ပြောကြားသည်။အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လ ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး တိုက်ပွဲများကြောင့် ကချင်ဒေသ၌ လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည်ပြည်သူ တစ်သိန်းကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။တပ်မတော်နှင့်ကေအိုင်အေတို့၏ ဖားကန့်ဒေသ တန်းဂေါင်ရွာအနီးတိုက်ပွဲမှာ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် တိုက်ပွဲရှိန်လျော့ကျခဲ့သော်လည်း ပစ်ခတ်မှုများရှိနေဆဲပင်ဖြစ်သည်ဟု ကေအိုင်အေအရာရှိ ဗိုလ်မှူးဒေါင်စန်းက ပြောကြားသည်။

Most Read

Most Recent