လူ့ အဓိပ္ပာယ်

လူ့ အဓိပ္ပာယ်
Published 15 January 2015
စိုးခိုင်ညိန်း

သက်ရှိသတ္တဝါအားလုံးတို့တွင် လူသည် ကြင်နာသနားတတ်ပြီး မေတ္တာတရားထားသည့်နေရာတွင် အားအကောင်းဆုံးဖြစ်ပါသည်။ ကျန်သည့်သတ္တဝါတွေမှာ ကြင်နာသနားတတ်တဲ့စိတ် ရှိနိုင်ပေမယ့် လူသားလောက်တော့ များနိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့သော ကြင်နာသနားတတ်သောလူသားများ ရက်စက်ကြမ်းကြုတ်တဲ့စိတ်တွေ ဝင်ရောက်လာပြီဆိုလျှင်တော့ ဘယ်သတ္တဝါမှ လိုက်မမီနိုင်တော့ပေ။ လူမှုအသိုင်းအဝန်းမှာ ဖြစ်ပွားလေ့ရှိသော ဒုစရိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုစတဲ့သတင်းတွေ ဖတ်ရတဲ့အခါ ထိုကဲ့သို့ ကျူးလွန်သူများသည် ထိုအခိုက်အတန့်မှာတော့ လူစိတ်ပျောက်သွားသည်ဟု ဆိုရမည်ထင်ပါသည်။လူသားအချင်းချင်းဖြစ်ပါလျက် လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးသတ်သလို လည်ပင်းကို ဓားနဲ့လှီးဖြတ်သတ်လိုက်တာ၊ အလိုမတူဘဲ သားမယားပြုကျင့်ပြီးတော့ သတ်ပစ်ပြီး အလောင်းကို သစ်ပင်မှာဆွဲချိတ်ထားခဲ့တာ၊ မသေမရှင် ကျင်းတူးမြှုပ်ခဲ့တာ၊ ကိုယ့်အိမ်က အိမ်ဖော်ကလေးကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်တာ စတဲ့လူမဆန်သောလုပ်ရပ်သတင်းများကို ဖတ်ရသောအခါ တော်တော်ကို အံ့ဩတုန်လှုပ်မိပါသည်။ ထိုသူများသည် အဘယ်ကဲ့သို့သောစိတ်များ ဝင်ရောက်ပူးဝင်သွားလေသနည်း။အဘယ်ကြောင့် လူလူချင်းဖြစ်လျက် ကိုယ်ချင်းစာတရားတို့ ပျောက်ဆုံးသွားသနည်း။ လူ့စိတ်သည် သဘာဝအားဖြင့်တော့ မရက်စက်၊ မကြမ်းကြုတ်တတ်ပါ။ လူသည် အချိန်ပြည့်အမြဲတမ်းတော့ ရက်စက်တတ်တဲ့စိတ် မရှိနိုင်ပါ။ မြတ်စွာဘုရားဟောကြားသော တရားတော်အလိုအရတော့ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ဘီလူးသည် ပူးဝင်သွားတဲ့အခိုက်တန့်မှာတော့ လူသည်လူစိတ်ပျောက်ပြီး ရက်စက်ကြမ်းကြုတ်သွားသည်ဟု ဆိုပါသည်။ ရာဂတည်းဟူသော ဘီလူးပူးဝင်တဲ့အခိုက်မှာတော့ မုဒိမ်းမှုကျူးလွန်ဖို့ မခဲယဉ်းတော့၊ ဒေါသဘီလူးပူးဝင်တဲ့အခိုက်မှာတော့ လူတစ်ယောက်ကို လွယ်လွယ်ကူကူသတ်နိုင်ပါလိမ့်မည်။သာမန်ကျန်တဲ့ ငြိမ်းအေးနေတဲ့အချိန်မျိုးမှာတော့ ခြင်လို၊ ပုရွက်ဆိတ်လို သတ္တဝါလေးကိုတောင် သတ်ဖို့ခဲယဉ်းနေတတ်ပါသည်။ လူသည် သနားကြင်နာတတ်တဲ့အမျိုးဖြစ်ပါသည်။ ဆိုးသွမ်းရက်စက်တတ်တဲ့ လူမိုက်မှာတောင် အချိန်ပြည့်ရက်စက်တဲ့စိတ် မရှိနိုင်ပါ။ကမ္ဘာ့လူသားအားလုံးတို့တွင် ထိုကဲ့သို့ရက်စက်တဲ့ စိတ်နှလုံးရှိသူကတော့ လူနည်းစုပဲဖြစ်မည် ထင်ပါသည်။ ထိုလူနည်းစုကလေးကြောင့်ကိုပဲ ကျွန်တော်တို့လူအများစုမှာ မငြိမ်းမချမ်း ထိတ်တလန့်လန့်နေ နေကြရပါသည်။ ကမ္ဘာကိုခြိမ်းခြောက်နေသော ISအဖွဲ့သည် လူသားအချင်းချင်းကို နှိပ်စက်သတ်ဖြတ်နေသည်များကို ကြားသိရသောအခါ သူတို့သည် လူစိတ်ပျောက်၍ လူသားအဖြစ်မှ လျှောကျသွားပြီး ကျန်တဲ့လူသားများကို ရန်သူအဖြစ် ထင်မြင်လာကြတာပဲ ဖြစ်သည်။လူဟူသော ဝေါဟာရကို အဘိဓာန်ကျမ်းတို့တွင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ တွေးခေါ်သိမြင်တတ်သော အသိဉာဏ်ရှိ၍ တီထွင်တတ်၊ စကားပြောတတ်သော ခြေနှစ်ချောင်းရှိသော သတ္တဝါကိုလူဟု အဓိပ္ပါယ်ဖွင့်ပြသည်။ နောက်ဖွင့်ဆိုချက်တစ်ခုက လောဘကနေ လူဖြစ်သည်ဟုဆိုသည်။ လောဘက ပါဠိစကားဖြစ်သည်။ လောဘ-လောဘ ဟုခေါ်လာရာမှ လော-လောဟုအသံ ပြောင်းခေါ်လာပြန်သည်။ ထိုမှတစ်ဆင့်ပြောင်းပြီး လူ လူဟူသော ဝေါဟာရဖြစ်လာသည်တဲ့။ လောဘမှ လော၊ လော မှ လူဟု အဆင့် ဆင့်အသံပြောင်းလာသည်ဆိုခြင်း ဖြစ်သည်။ လောဘသည် လိုချင်တပ်မက်ခြင်း၊ တစ်နည်းမျှော်လင့်တောင်းတခြင်း၊ ထို့ကြောင်း မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြသူများကို လူဟုဆိုသည်။နောက်တစ်ခုက လုံ့လ မှ လူဖြစ်သည်တဲ့။ လူဟူသောဝေါဟာရကို ဆန်းစစ်ကြည့်လျှင် လုံ့လဟူသောစကားမှ လုလ်ဖြစ်လာသည်။ လုလ်မှ တစ်ဖန် ကာလရွေ့လျှော၍ လူ-လူ ဟူသော ဝေါဟာရဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ကြောင့် လူဟူသောဝေါဟာရ၏ တရားကိုယ်မှာ လုံ့လဝီရိယဖြစ်၍ လုပ်အားဝီရိယနှင့် ရှင်သန်သောသူကို လူဟုခေါ်သည်တဲ့။လူသည် သာမန်အားဖြင့် တစ်မျိုးတစ်စားတည်းဖြစ်သော်လည်း ဝိမာနဝတ္ထုတွင် လေးမျိုးလေးစား ခွဲပြထားပါသည်။ ၎င်းတို့မှာ ၁။ မနုဿနေရယိက=လူ့ငရဲသား။ ၂။ မနုဿပေတ=လူ့ပြိတåာ။ ၃။ မနုဿတိရစ္ဆာန = လူ့တိရစ္ဆာန်။ ၄။ ပရမတ္ထမနုဿ-လူစင် စစ်ဟူ၍ လေးမျိုးဖြစ်သည်။၁။ မနုဿနေရယိက - လူငရဲသားဟူသည် လူဇာတ်ဝင် လူသားစင်စစ်ဖြစ်ပါလျက် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ စသော မပြုသင့်သောအမှုတို့ကို ပြုလုပ်သဖြင့် ပြစ်ဒဏ်ပေးရန် ထိုက်တန်သည်နှင့်လျော်စွာ မင်းစသည်တို့က လက်ခြေဖြတ်ခြင်း စသောအပြစ်တို့ဖြင့် အပြစ်ပေးခံရသောကြောင့် ဆင်းရဲဒုက္ခ ကြီးစွာခံစားနေရသူမျိုးကို ခေါ်သည်။၂။ မနုဿပေတ - လူပြိတ္တာဟူသည် လူသားစင်စစ်ပင်ဖြစ်သော်လည်း ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် အစားအစာ အဝတ်အထည်တို့လည်း မရှိ၊ ဆာလောင်ခြင်း ဆင်းရဲခြင်းဖြင့် နှိပ်စက်ခံနေရသည်ဖြစ်၍ ဆင်းရဲကြီးစွာဖြင့် ရပ်တည်မရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေရသူမျိုးကို ခေါ်သည်။၃။ မနုဿတိရစ္ဆာန် - လူ့တိရစ္ဆာန်ဟူသည် လူသားအချင်းချင်း အတူတူဖြစ်သော်လည်း သူတစ်ပါးနှင့်စပ်၍ အသက်မွေးရသဖြင့် သူတစ်ပါးတို့၏ တာဝန်ဝတ္တရားတို့ကို ထမ်းဆောင်လျက် မနားမနေသွားလာရသူမျိုး၊ လူ့လောကစည်းမျဉ်းဥပဒေကို ကျော်နင်းဖျက်ဆီး၍ မလုပ်အပ်သည်တို့ကို လုပ်သဖြင့် အစိုးရမင်းစသော တစ်ပါးသူတို့၏ ခြိမ်းခြောက်မှုတို့ကြောင့် သေဘေးကိုကြောက်၍ တောချုံကို ခိုမှီးဝင်အောင်းကာ အိပ်လိုခြင်း၊ ဆာလောင်ခြင်းဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကြောင်းအကျိုးဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ပြေးလွှားနေရသူမျိုးကို ခေါ်ပါသည်။၄။ ပရမတ္တမနုဿ - လူစင်စစ်ဟူသည် မိမိ၏အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကိုယုံကြည်ကာ မကောင်းမှုမှရှက်ခြင်းကြောက်ခြင်းဟုဆိုအပ်သော ဟီရိဩတ္တပ္ပနှင့်ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားကြင်နာခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်ကမ္မပထတရားတို့ကိုလည်း ရှောင်ကြဉ်ကာ ကုသိုလ်ကမ္မပထတရားတို့ကိုလည်း ကောင်းစွာကျင့်သုံး၍ ပုညကိရိယာဝတ္ထုတို့နှင့် ပြည့်စုံသောသူမျိုး ကိုခေါ်ပါသည်။ယနေ့ကျွန်တော်တို့ လူမှုအသိုင်းအဝန်းတွင် ထိုဆိုခဲ့ပြီးသော လူသားလေးမျိုးလုံးကို မျက်မြင်ကိုယ်တွေ့တွေ့မြင်နိုင်ပါသည်။ တိရစ္ဆာန်တစ်ကောင်ကို လူစိတ်ကင်းမဲ့ကာ သတ်ဖြတ်၊ ခိုးယူညှဉ်းပန်းနှိပ်စက်နေသော လူများကို ကျွန်တော်တို့မြောက်မြားစွာ တွေ့နေမြင်နေရပါသည်။ ပြိတ္တာလို ပေးပါ၊ ကမ်းပါ၊ သနားပါစသည်ဖြင့် အော်ဟစ်တောင်းရမ်းစားသောက်နေသော လူများကိုလည်း နေရာအနှံ့တွေ့မြင်နိုင်ပါသည်။ လူအချင်းချင်းဖြစ်လျက် တစ်ပါးသူ၏ ခိုင်းစေညှဉ်းပန်းနှိပ်စက်မှုများကိုခံယူပြီး ကျွန်တစ်ယောက်လို ဆင်းရဲစွာအသက်ရှင်သန်နေသူတွေလည်း အများအပြားပါပဲ။ထိုလူအမျိုးအစားလေးမျိုးထဲမှ ကိုယ့် ကိုယ်ကိုယ် ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာကတော့ ကိုယ့် ကိုယ်ကိုယ်ပဲ စဉ်းစားသုံးသပ်ရွေးချယ်ရပေလိမ့်မည်။ ကျွန်တော်တို့ လူသားအားလုံးဟာ ပရမတ္ထမနုဿလို့ ခေါ်တဲ့ တကယ့်လူသားစင်စစ်ဖြစ်အောင် ပြုမူနေထိုင်သွားကြပါမည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်လေမလဲ။ ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းအေးချမ်းမှုတို့နှင့်အတူ ပျော်ရွှင်စွာဖြင့်နေကြရပေလိမ့်မည်။ လူသားဖြစ်သည့် ကျွန်တော်တို့သည် တကယ့်လူသားစင်စစ်ဖြစ်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစားသင့်လှပေသည်။