တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများပါဝင်သောဆွေးနွေးပွဲ ဖေဖော်ဝါရီတွင်ထပ်မံပြုလုပ်ရန် UNA စီစဉ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများပါဝင်သောဆွေးနွေးပွဲ ဖေဖော်ဝါရီတွင်ထပ်မံပြုလုပ်ရန် UNA စီစဉ်
Published 14 January 2015

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကကြီးမှူး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လာမည့်ဖေဖော်ဝါရီအတွင်း ထပ်မံပြုလုပ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။  UNA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို ကမကထပြုကာ ၂၀၁၄ ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည်။အဆိုပါဆွေးနွေးပွဲအပြီးတွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှ ကမကထပြု၍ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့်ကဏ္ဍများအတွက် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် သဘောတူလုပ်ပိုင်ခွင့်ပေးကြောင်း UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများက ပူးပေါင်းထုတ်ပြန်ခဲ့သည်။"ဒီဇင်ဘာတုန်းကလုပ်ခဲ့တဲ့ညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲပြီးကတည်းက နောက်ထပ်ဆွေးနွေးပွဲတစ်ခုထပ်လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာရှိတယ်။ အဲဒါက ဖေဖော်ဝါရီအတွင်းမှာလုပ်ဖို့ပေါ့။ လက်ရှိတော့ အဲဒါအတွက်စီစဉ်နေတယ်" ဟု UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကပြောကြားသည်။  ထို့ပြင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြင့် ဖြေရှင်းရန်၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လည်း ထုတ်ပြန်ခဲ့သည်။ဒီဇင်ဘာအတွင်းတွေ့ဆုံစဉ်က UNA အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့သည်။ယခုပြုလုပ်ရန်စီစဉ်နေသည့်ဆွေးနွေးပွဲတွင်မူ ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ်ကမပါဝင်ခဲ့သည့် နိုင်ငံရေးအင်အားစုများကိုပါ ဖိတ်ခေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကို ၂၀၀၂ ခုနှစ်မှစတင်ကာ ၁၉၉၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအဖွဲ့တွင် တိုင်းရင်းသားပါတီ ကိုးပါတီပါဝင်ကာ ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။