အစိုးရ၏ လူ့အခွင့်အရေးကာကွယ်မှု၊ တရားစီရင်မှုနှင့် ဥပဒေရေးဆွဲအသုံးချမှုအားနည်းချက်များကို လက်ရှိအသွင်ကူးပြောင်းရေးစိန်ခေါ်မှုများအဖြစ် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် အရပ်ဘက်အဖွဲ့အစည်းများတင်ပြ

အစိုးရ၏ လူ့အခွင့်အရေးကာကွယ်မှု၊ တရားစီရင်မှုနှင့် ဥပဒေရေးဆွဲအသုံးချမှုအားနည်းချက်များကို လက်ရှိအသွင်ကူးပြောင်းရေးစိန်ခေါ်မှုများအဖြစ် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် အရပ်ဘက်အဖွဲ့အစည်းများတင်ပြ
Published 14 January 2015
ဇာလီမြင့်ဦး

အစိုးရ၏ လူ့အခွင့်အရေးကာကွယ်မှု၊ တရားစီရင်မှုနှင့် ဥပဒေရေးဆွဲအသုံးချမှုအားနည်းချက်များကို လက်ရှိအသွင်ကူးပြောင်းရေးစိန်ခေါ်မှုများအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာလက်ထောက်ဝန်ကြီး Mr.Tom Malinowski နှင့်တွေ့ဆုံစဉ် အရပ်ဘက်အဖွဲ့အစည်းများကတင်ပြခဲ့ကြောင်း သတင်းရရှိသည်။အရပ်ဘက်အဖွဲ့အစည်းများနှင့် အမေရိကန်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ အမေရိကန်သံရုံး၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ထိုသို့တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် Equality Myanmar မှ ဒါရိုက်တာဦးအောင်မျိုးမင်းက "ဒီဟာက သမ္မတအိုဘားမားနဲ့တွေ့တာနဲ့ နည်းနည်းကွဲပါတယ်။ သမ္မတအိုဘားမားကတော့ ကျွန်တော်တို့အပြန်အလှန်တွေ့တယ်။ ဒီနေရာမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ သူတို့ဘာလုပ်မလဲ။ ဘယ်ဟာကို အဓိကစိတ်ဝင်စားသလဲဆိုတာ ပြန်ပြောပါတယ်ဗျ။ ဒါပေမဲ့ မနေ့ကတွေ့တဲ့ဟာကတော့ သူတို့အနေနဲ့ ဒီနေ့နဲ့မနက်ဖြန်မှာ မြန်မာနိုင်ငံအစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ဘာတွေပြောရင်ကောင်းမလဲ။ ဘယ်ဟာတွေက ကျွန်တော်တို့ရဲ့သုံးသပ်မှုတွေ၊ ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေဖြစ်တယ်။ ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြောင်းလဲမှုတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဒါတွေရဲ့အားနည်းချက်တွေကို အဓိကတင်ပြဖြစ်တယ်။ လက်ရှိအသွင်ကူးပြောင်းမှုစိန်ခေါ်မှုတွေအဖြစ်ပေါ့" ဟု ဇန်နဝါရီ ၁၄ ရက်ကပြောကြားသည်။
ပြုပြင်ပြောင်းလဲရေးရပ်တန့်နေခြင်းသည် လူတစ်ဦးချင်းစီ၏အခွင့်အရေးအတွက် အလေးထားဆောင်ရွက်မှုမရှိခြင်း၊ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နေသည်ဟုဆိုသော်လည်း ပြည်သူများ၏အသံအား နားထောင်မှုမရှိခြင်းနှင့် တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်နေခြင်းတို့ကြောင့် . . .

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် လက်ရှိဥပဒေပိုင်းဆိုင်ရာတွင် တိုးတက်မှုများရှိသည်ပြောနိုင်သော်လည်း ဥပဒေများအား ရေးဆွဲ၊ ပြဋ္ဌာန်းအသုံးချရာတွင် ဥပဒေအများစုမှာ ပြည်သူများ၏လွတ်လပ်ခွင့်ကို တစ်နည်းအားဖြင့်ထိန်းချုပ်နေမှုများရှိနေကြောင်း၊ တရားစီရင်မှုသည်လည်း ပြည်သူကာကွယ်ပေးမှုနည်းပါးနေကြောင်းနှင့် ပြည်သူများ၏အခွင့်အရေးကာကွယ်မှုနှင့် အစီရင်ခံနိုင်မှုအပိုင်း အားနည်းချက်များကို မကြာမီကဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင်အရေးတွင် လူသေဆုံးမှုဖြစ်စဉ်အပါအဝင် နိုင်ငံတစ်ဝန်း လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာများနှင့် ဥပမာပေးတင်ပြခဲ့ကြကြောင်း သိရသည်။  "တင်ပြချက်တွေကိုယူပြီးတော့ ကျွန်တော်တို့ကိုယ်စားကိုပြောတဲ့အခါမှာ ထည့်ပြောမယ်ဆိုတဲ့ ကတိကဝတ်တော့ရပါတယ်။ တစ်ခါတလေ အဝေးကသုံးသပ်တာတွေတင်မကဘဲ ပြည်တွင်းကရှိတဲ့လူတွေရဲ့ သတင်းတွေကိုမူတည်ပြီး ပြောနိုင်တာဖြစ်ခြင်းက သတင်းအချက်အလက်တွေ ပိုမိုမှန်ကန်စေမယ်လို့ယူဆပါတယ်။ အဲဒီတော့ ဘယ်လောက်အထိဖြစ်မလဲဆိုတာကတော့ ကျွန်တော်တို့ပေးတဲ့အသံတွေကို သူယူပြီးတော့ပြောတဲ့အထဲမှာ Agenda အဖြစ်ထည့်ပြောပါလိမ့်မယ်။ ဘာတွေထူးခြားလာသလဲဆိုရင်တော့ သူပြန်လာတဲ့နေ့ ကျွန်တော်တို့ အမေရိကန်သံရုံးကနေ ကျွန်တော်တို့ထပ်ဖိတ်ပြီးတော့ ဘယ်လိုမျိုးဖြစ်မလဲဆိုတာတွေ အတွေ့အကြုံရှင်းလင်းတာတွေလုပ်ဆောင်မယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ ရက်အတိအကျတော့မသိသေးပါဘူး။ ကောင်းတဲ့အချက်ကတော့ အစိုးရနဲ့တိုက်ရိုက်တွေ့ပြီးတော့ လူ့အခွင့်အရေးအကြောင်းဆွေးနွေးမယ့် Agenda တွေက ကျွန်တော်တို့ဆီကသွားတာဖြစ်တာ ပိုပြီးတော့အားကောင်းပါတယ်" ဟု ဦးအောင်မျိုးမင်းက ဆက်လက်ပြောကြားသည်။အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Tom Malinowski နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်က နိုင်ငံတွင်း အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာ၊ လယ်ယာမြေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားရေးရာကိစ္စများဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၀ ခန့်အား အကြောင်းအရာတစ်ခုစီအလိုက် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နေပြည်တော်၌ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက် (ယနေ့) တွင်ပြုလုပ်လျက်ရှိသည့် အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည်။လက်ရှိနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးရပ်တန့်နေခြင်းသည် လူတစ်ဦးချင်းစီ၏အခွင့်အရေးအတွက် အလေးထားဆောင်ရွက်မှုမရှိခြင်း၊ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နေသည်ဟုဆိုသော်လည်း ပြည်သူများ၏အသံအား နားထောင်မှုမရှိခြင်းနှင့် တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်နေခြင်းတို့ကြောင့်ဟုလည်း အရပ်ဘက်အဖွဲ့အစည်းများက ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြောကြားလိုက်သည်။