ဒီဇင်ဘာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတစ်ခုတည်းတွင် ဒေါ်လာတစ်ဘီလျံကျော်ဖြင့် အများဆုံးမြှုပ်နှံ

ဒီဇင်ဘာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတစ်ခုတည်းတွင် ဒေါ်လာတစ်ဘီလျံကျော်ဖြင့် အများဆုံးမြှုပ်နှံ
Published 14 January 2015
မင်းသီဟဇော်

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာနှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတစ်ခုတည်းတွင် ဒေါ်လာတစ်ဘီလျံကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ၅ဝ၆ဝ၈ ဒသမ ၂၁၉ သန်းရှိပြီး ဒီဇင်ဘာလ ကုန်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ ဒေါ်လာ ၅၂၈၄၁ ဒသမ  ၃၉၄ သန်းရှိ သဖြင့် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၂၃၃ ဒသမ ၁၇၅ သန်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း ရေနှံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တု ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံဝင်ရောက်မှုအများဆုံး ကဏ္ဍမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈၁၅ ဒသမ ၂၆ သန်းဝင်ဖြင့် အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အစိုးရဌာနပိုင်မြေများကို ငှားရမ်းဆောင်ရွက်ခြင်းအပြင် ယခုအစိုးရလက်ထက်တွင် ပုဂ္ဂလိကပိုင်မြေများကိုပါ ငှားရမ်းဆောင်ရွက်ခွင့်ပြုခြင်း၊ ယခင်ကနိုင်ငံခြားသား နောက်ခံဖြင့် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် တရားဝင်ပြောင်းလဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာနိုင်ငံခြားငွေ လွှဲပြောင်းခြင်း ကိစ္စများတွင်လည်း ဖြေလျှော့မှုများ ပေးခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှုတိုးတက် လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ယူကေ၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ရုရှား၊ ဩစတြီးယား၊ ပနားမား၊ ယူအေအီး၊ ကနေဒါ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဘရူနိုင်း၊  ဆိုက် ပရပ်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာစသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။               
 

Most Read

Most Recent