သတိပြုဖွယ်ရာ ညစ်ညမ်းစေမှုများ

သတိပြုဖွယ်ရာ ညစ်ညမ်းစေမှုများ
Published 14 January 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

အခုရေးသားမယ့်ဆောင်းပါးက စာရေးသူသတိပြုမိတဲ့ ညစ်ညမ်းစေမှုတွေ ဖြစ်ပါတယ်။ တစ်ဦးချင်ဖြစ်စေ၊ မိသားစုတစ်စုချင်းဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်း တစ်ခုချင်းဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်းဖြစ်စေ၊ နိုင်ငံတွေ စုစည်းထားတဲ့ ကမ္ဘာကြီးတစ်ခုလုံးမှာဖြစ်စေ ဒီကနေ့ အလိုအပ်ဆုံးအရာတွေက ညစ်ညမ်းစေမှုတွေကို သတိပြုကြပြီး အဲဒီ့ညစ်ညမ်းမှုတွေ ကင်းစင်သွားအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။
(၁) လေထုညစ်ညမ်းမှု
ဒီကနေ့မှာ လူသားတွေ ပတ်ဝန်းကျင်မှာရှိနေတဲ့ လေထုက ညစ်ညမ်းလာနေတယ်။ လေထုညစ်ညမ်းစေမှု ဘာကြောင့်ဖြစ်လာရသလဲဆိုတာ ဆန်းစစ်ကြည့်ရင် အဓိကကတော့ လူတွေကြောင့်ပဲ ဖြစ်ပါတယ်။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လေထုအတွင်းမှာ နေ့စဉ်နဲ့အမျှ မောင်းနှင်သွားလာနေကြတဲ့ မော်တော်ကားတွေ၊ စက်ရုံတွေကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ထုတ်လွှတ်နေတယ်။ လေထုအတွင်းမှာ ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို သစ်ပင်တွေကနေ စုပ်ယူပြီး လူသားတွေ သက်ရှိတွေ ရှူရှိုက်နေကြတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးတာဖြစ်တယ်။ သို့ပေမဲ့ ဒါတွေကို အနာဂတ်အမြင် မရှိသူတွေက သစ်ပင်တွေကို ခုတ်လှဲတာတွေကို အတိုင်းထက်အလွန် ပြုလုပ်စေခဲ့တာကြောင့် သစ်တောတွေ ပြုန်းတီးပြီး လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ များလာတယ်။
နောက်တစ်ခု လေထုအတွင်း ညစ်ညမ်း နေတာက ဖုန်မှုန့်တွေ ဖြစ်တယ်။ စာရေးသူ အိမ်က မှန်ချပ်တွေမှာ နှစ်ရက်သုံးရက်ကြာ ရင် ဖုန်မှုန့်တွေ တင်လာနေတာအမြဲတွေ့ရ တယ်။ ချိတ်ထားတဲ့နာရီတွေကို မသုတ်ဘဲ ထားရင်ကြာတဲ့အခါ ဖုန်တွေများစွာ ကပ်နေ တယ်။ ဒါဆိုရင် လမ်းနံဘေးမှာရောင်းနေတဲ့ အစားအသောက်တွေမှာ ဖုန်တွေများစွာကပ် နိုင်ပြီး လူတွေကမသိမမြင်ကြဘဲ လမ်းနံဘေး အစားအစာတွေ စားသောက်နေကြတာလည်း ကြာရင် ကျန်းမာရေး ထိခိုက်လာနိုင်တယ်။
(၂) ရေထုညစ်ညမ်းမှု
ရေက သက်ရှိတွေ အသက်ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်။ ရေမသောက်ရရင် အသက်မရှင်နိုင်ဘူးဆိုတဲ့ အဆိုလည်း ရှိတယ်။ ရေလို့ဆိုရာမှာ မိုးရေ၊ မြစ်ချောင်းတွေကရေ၊ စိမ့်စမ်းရေ၊ မြေအောက်ရေ၊ တွင်းရေစသည့်ဖြင့် ရေရရှိနိုင်တဲ့ နေရာတွေရှိတယ်။ မိုးရေမှာ အက်စစ်တွေပါလာလို့ အက်စစ်မိုးရေလို့သော်မှ ခေါ်နေကြတယ်။ မြစ်တွေ၊ ချောင်းတွေမှာ လူတွေက နေ့စဉ်နဲ့အမျှဖြေ ရှင်းကြရမယ့် ဝမ်းရေးအတွက်ရွှေကိုအင်ခွက် နဲ့ကျင်ယူပြီး ပြဒါးနဲ့ရွှေကိုဖမ်းရာမှာ ချောင်း ရေမြစ်ရေတွေအတွင်းမှာ ပြဒါးတွေ ပါဝင်စေတာကြောင့် ပြဒါးပါတဲ့ရေက ညစ်ညမ်းစေတာ ဖြစ်တယ်။
ဒီကနေ့ခေတ်မှာ ရွှေကို အဆင့်မြင့်တဲ့ နည်းပညာနဲ့ ထုတ်ယူကြရာမှာ ဆိုင်ယနိုက်ကို အသုံးပြုပြီး အဲဒီဆိုင်ယနိုက်စွန့်ပစ် ပစ္စည်းတွေကို မြေအတွင်း လုံးဝမစိမ့်အောင်ပြုလုပ်ထားတဲ့ ကန်တစ်ခုအတွင်းကို စနစ်တကျ စွန့်ပစ်ကြရတယ်။ စည်းကမ်းမဲ့ စွန့်ပစ်ရင်တော့ မြေအောက်ရေအတွင်း ဝင်ရောက်သွားရင် ဆိုင်ယနိုက်ပါတဲ့ ရေက လူတွေရဲ့အသက်ကို သေစေနိုင်တယ်။
၁၉-၁၂-၂ဝ၁၄ ထုတ် ကြေးမုံသတင်းစာမှာ အမျိုးသားအဆင့် ရေညီလာခံကို နေ ပြည်တော်မှာ ပြုလုပ်သွားပြီး ရေနဲ့ပတ်သက် တဲ့ အဓိက သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးခဲ့တယ်။ အဲဒီအထဲမှာ အဓိက ကျတဲ့ အချက်အချို့ကို ပြန်လည်အသိပေးရရင် သောက်သုံးရေ အရည်အသွေး သတ် မှတ်ချက်ထုတ်ပြန်ရန်နဲ့ ရေထုညစ်ညမ်းမှု ကာကွယ်နိုင်စေဖို့ သက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့နဲ့ ရေနဲ့ပတ် သက်ပြီး အသိပညာပေးရန်ဆိုတာတွေအပါ အဝင် ရေရှည်အတွက် ရေကို ကျန်းမာရေး အတွက်ပါ အထောက်အကူပြုနိုင်စေဖို့ ကြို တင်စီမံချက်တွေ ရေးဆွဲလုပ်ဆောင်ကြရမှာ ဖြစ်တယ်။
စင်ကာပူကျွန်းနိုင်ငံက ရေချိုကို မလေး ရှားနိုင်ငံကနေ ဝယ်ယူအသုံးပြုနေရတယ် ဆိုတာ ကြားသိရတယ်။ အခုအခါမှာ နည်း ပညာတွေ မြင့်လာတဲ့အတွက် ပင်လယ်ရေငန် ကို ရေချိုအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီလို့  ဆိုတယ်။ စာရေးသူတို့နိုင်ငံမှာ သစ်ပင်တွေ ခုတ်လဲှတာ လွန်ကဲတဲ့အတွက် ချောင်းတွေ မြစ်တွေနံဘေးမှာ မြေဆီလွှာကို ထိန်းပေး မယ့် သစ်ပင်တွေ မရှိတော့တာကနေ ချောင်း တွေ မြစ်တွေနံဘေးမှာ မြေဆီလွှာတိုက်စား မှုတွေကြောင့် မြစ်တွေချောင်းတွေတိမ်လာပြီး မိုးအခါရေလျှံမှုတွေဖြစ်လာ၊ နွေရာသီမှာ သောင်ပြင်တွေထွန်းလာပြီး နောင်တစ်ချိန်မှာ မြစ်တွေ၊ ချောင်းတွေပျောက်သွားမှာ စိုးရ တယ်။ ဒီအတွက် မြစ်တွေ၊ ချောင်းတွေနံဘေး မှာ သစ်ပင်တွေများစွာ စိုက်ပျိုးကြရမှာဖြစ် တယ်။
(၃) မြေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှု တွေကနေ မြေထုညစ်ညမ်းမှုကိုပါ တစ်နွယ်ငင်တစ်စင်ပါြ ဖစ်လာစေတယ်။ အခုအခါ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုနည်းနဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်မြေဩဇာတွေများ စွာ အသုံးပြုကြတာကလည်း မြေအရည်အ သွေးတက်စေတာဖြစ်တယ်။ မြေထုညစ်ညမ်း စေမှုက စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက် စေပြီး သီးနှံအထွက်နှုန်းကျဆင်းစေတာဖြစ် တယ်။
(၄) စိတ်ညစ်ညမ်းမှု
အထက်ပါလေထုညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှုနဲ့ မြေထုညစ်ညမ်းမှုတွေအပြင် စာရေးသူဖော်ညွှန်းလိုတာက ဒီကနေ့ ၂၁ ရာစုမှာ လူတွေရဲ့ စိတ်ဓာတ်ညစ်ညမ်းလာမှု ဖြစ်တယ်။ စိတ်ညစ်ညမ်းမှုက စိတ်မသန့် ရှင်းကြလို့ဖြစ်တယ်။ အရာရာမှာ မိမိကသာ အသာစီးလိုချင်၊ အနိုင်လိုချင်တာက စိတ် ညစ်ညမ်းမှုဖြစ်တယ်။ စိတ်ညစ်ညမ်းမှုဖြစ် စေတဲ့ အဓိက အကြောင်းတရားတွေက လောဘ၊ ဒေါသနဲ့ မောဟစိတ်တွေကြောင့် ဖြစ်တယ်။ လူတစ်ဦးချင်းမှာ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တွေ လွှမ်းမိုးတဲ့အခါ စိတ်ညစ်ညမ်းမှု အထွတ်အထိပ်ကို ရောက်စေတော့တယ်။
စိတ်ညစ်ညမ်းမှုဖြစ်တဲ့အခါ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ပြီး မိမိရဲ့ လုပ်ဆောင်ချက်တွေ မှားယွင်းသွားစေတယ်။ ဒါကို မိမိရဲ့သတိစွမ်းအားနဲ့ အမှန်ကို မြင် အောင် ကြည့်တတ်ဖို့လိုအပ်တယ်။
(၅) အသံဖြင့်နားညစ်ညမ်းမှု
ဂျာနယ်တစ်စောင်မှာပါတဲ့ အသံညစ်ညမ်းမှု ဆိုတာကနေ စာရေးသူရေးတဲ့ဆောင်းပါးမှာ အသံကြောင့် နားညစ်ညမ်းမှုဖြစ်တာကို ရေးဖို့စိတ်ကူး ပေါ်လာခဲ့ပါတယ်။
စာရေးသူနေတဲ့ အနောက်မြင်းပြိုင်ကွင်းလမ်းနဲ့ ဗိုလ်စိန်မှန်လမ်း၊ တောင်မြင်းပြိုင်ကွင်းလမ်းဆုံမှာ မီးပွိုင့်မတပ်ခင်က လိုင်းကားတွေရော၊ ကိုယ်ပိုင်ကားတွေရော၊ တက္ကစီကားတွေရော ကားတန်းက ဂွတ္တလစ်လမ်းကနေ တာမွေအဝိုင်းထိပ် တောက်လျှောက် ကားတွေကျပ်သိပ်ပြီး ဖြတ်ကားတွေက တည့်သွားမယ့်ကားတွေကို ဦးစားမပေးဘဲ ဖြတ်ဝင်ကြရာကနေ မကြာခဏဆိုသလို ကားတိုက်မှုတွေ ဖြစ်တယ်။ ကားတွေရှေ့ကို ဆက်သွားလို့မရတဲ့အထဲ လိုင်းကားတွေကနေ ဟွန်းသံတွေဆက် တိုက်တီးတာကြောင့် လမ်းနံဘေးအိမ်က အသက်ကြီးသူတွေ နားမခံသာအောင် ဖြစ်ခဲ့ကြတယ်။ နောက်တစ်ခုက အသံချဲ့စက်နဲ့ အော်တာတွေကလည်း နားညစ်ညမ်းမှုကို ဖြစ်စေခဲ့တယ်။ ဒါကြောင့် ညစ်ညမ်းမှုတွေ အားလုံးကို သတိပြုဆင်ခြင် ကြရမှာဖြစ်တယ်။
 
 

Most Read

Most Recent