ထုတ်လုပ်ဖြန့်ဖြူးရန် များစွာလိုနေသေးသည့် လျှပ်စစ်ဓာတ်အား

ထုတ်လုပ်ဖြန့်ဖြူးရန် များစွာလိုနေသေးသည့် လျှပ်စစ်ဓာတ်အား
Published 14 January 2015
တက္ကသိုလ်မိုးဝါ

လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ကမ္ဘာ့စံချိန်တင်ခဲ့သော ဒိန်းမတ်နိုင်ငံ၏ အောင်မြင်မှု သတင်းတစ်ရပ်ကို ပူပူနွေးနွေး ဖတ်လိုက်ရသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ယင်း၏ ပထမဦးဆုံးတာဘိုင် (Turbine) များ တပ်ဆင်တည်ဆောက်ခဲ့ရာမှ အစပြု၍ ယခု ၄၄ နှစ်အကြာ ဒိန်းမတ်နိုင်ငံသည် စုစုပေါင်းလျှပ်စစ်ဓာတ်အား ပမာဏ၏ ၃၉ ဒသမ ၁ ရာခိုင်နှုန်းကို လေစွမ်းအင်မှ ရရှိစေရန် ဆောင်ရွက်နိုင်ပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖို့ မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာ၌ အချိန်ကာလတစ်ခုကို ဘောင်အဖြစ် သတ်မှတ်လျက် ရည်မှန်းချက်ပစ်မှတ်အား ထိမှန်အောင် ပစ်ခတ်လေ့ရှိသည်။ ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်မှ ထိုနိုင်ငံသည် လူမှုရေး၊ စီးပွားရေးအားဖြင့် တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကာ ယင်းနိုင်ငံတွင်း နေထိုင်သူ ပြည်သူအများသည်လည်း သာယာဝပြောမှု အသီးအပွင့်ကို မျှဝေခံစားခြင်းဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေနိုင်ကြမည်ဖြစ်သည်။
အထက်ဖော်ပြပါ ရည်မှန်းချက် အောင်မြင်ရန်ဆိုသည်မှာလည်း အပြောလွယ်သလောက် ပြုလုပ်ရခက်သည်။
ခက်သည်ဟုဆိုရခြင်းမှာ အကြောင်းအချက်များစွာ ရှိသောကြောင့် ဖြစ်သည်။ ဒိန်းမတ်တို့ ဂျာမနီတို့ကဲ့သို့သော နိုင်ငံ၌ အရည်အချင်းပြည့်ဝသော အုပ်ချုပ်သူခေါင်းဆောင်များ ရှိသည်။ ခေါင်းဆောင်မှု အရည်အချင်းနှင့် ပြည့်ဝသည်။ တိုင်းပြည်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုသူများ ဖြစ်ရုံသာမက ရရှိလာသော အသီးအပွင့်တို့အား အလွဲသုံးစား ပြုလုပ်တတ်ကြသူများ မဟုတ်ကြ။ (ခြွင်းချက်အနည်းငယ်တော့ ရှိကောင်းရှိမည်)။ သစ္စာရှိ ကတိတည်ကြည်သူများ ဖြစ်ကြပြီး တည်ရှိနေသော ဥပဒေအားလုံးကို ကြီးငယ်မရွေး လိုက်နာကြသည်။ သာယာဝပြော ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများကို ကြည့်လျှင် မည်သည့်အတွက်ကြောင့် တိုးတက်အောင်မြင် နေသနည်းဟု မေးခွန်းအထူး ထုတ်စရာမလို။ ဆင်းရဲမွဲတေပြီး အကျင့်ပျက် ခြစားမှုပေါများသော တိုင်းပြည်တစ်ပြည် တွင် စ-လယ်-ဆုံးကိစ္စအားလုံးနှင့် ပတ်သက်၍ မေးခွန်းထုတ်နေရဆဲပင် ဖြစ်သည်။ မေးခွန်းထုတ်စရာမလို၊ အဖြေက မေးခွန်း တွေထဲ ရှိနေပြီးဖြစ်သည် ဟူ၍လည်း ပြောနိုင်သည်။  မိုးရွာလျှင် ရေစိုမည်၊ ရေစိုနေလျှင် မိုးရွာပြီးဖြစ်ကြောင်း အဖြေပေါ်လွင်နေပြီးသားကို နားလည်ရပေမည်။ ယင်းသည် ငြင်း၍မရသော ယုတ္တိဗေဒ ပညာရပ်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံ၏ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းမှာ အားရဖွယ်၊ အတုယူဖွယ်ဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်ပန်းတိုင်မှာ ၂ဝ၂ဝ ပြည့်နှစ်တွင် စုစုပေါင်း လျှပ်စစ်စွမ်းအား၏ ရာခိုင်နှုန်း ၅ဝ ကို ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) မှ ရရှိစေရန်ဟူသည့် ရည်မှန်းချက်ဖြစ်သည်။   နိုင်ငံငယ်သော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ကမ္ဘာပူနွေးလာမှုကို တိုက်ဖျက်ကာကွယ်ရန် တစ်ဖက်တစ်လမ်းမှ ကူညီနေခြင်းဖြစ်သည်။ လူသားတစ်ရပ်လုံးအတွက် လူသားဆန်ဆန် စာနာမှုတရား ထားရှိသူတို့၏ ပြယုဂ်ဖြစ်သောကြောင့် လေးစားဖွယ် ကောင်းလှပေသည်။ ယခုအခါ ဒိန်းမတ်နိုင်ငံအနေဖြင့် လေစွမ်းအင်သုံး ကမ်းလွန်တပ်ဆင် လေရဟတ်များနှင့် လေတာဘိုင်အများအပြား ပြည်ပသို့ ထုတ်လုပ်ရောင်းချ နေပြီဆိုသည်။
လေစွမ်းအင်ကဲ့သို့ပင် ဆိုလာစွမ်းအင် သို့မဟုတ် နေစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် နည်းစနစ်သည်လည်း မယုံနိုင်ဖွယ်ကောင်းအောင် ကျယ်ပြန့်ကြီးထွားခဲ့သည်။ အမှန်စင်စစ် နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနည်းစနစ် နှစ်မျိုးရှိသည်။ အများနှင့် အကျွမ်းတဝင်ပိုဖြစ်သည့် PV (Photovoltaic) စနစ်မှာ PV ဆိုလာပြားပေါ်သို့ နေရောင်ခြည် ကျရောက်သောအခါ လျှပ်စစ်စီးမှု ဖြစ်ပေါ်လာသည့် စနစ်ဖြစ်သည်။ နောက်တစ်မျိုးမှာ စီအက်စ်ပီ(CSP-Concentrated Solar Power)  ဟုခေါ်သောမှန်ချပ်ဖြင့် နေရောင်အပူကို စုဆုံစေကာ ယင်းအပူဖြင့် အရည်တစ်ခုခုအား အပူပေးခြင်း နည်းစနစ်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံနည်းတူ ဂျာမနီတွင်လည်း ဖန်လုံအိမ် အာနိသင်၏ ဆိုးကျိုးများအား ထိန်းချုပ်ရန် ရေရှည်ရည်ရွယ်ချက်ဖြင့် လေစွမ်းအင်နှင့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစနစ်ကို လက်ခံဆောင်ရွက်လာသည်။ တစ်နည်းအားဖြင့် ကျောက်မီးသွေး အသုံးပြုခြင်းမှ အန္တရာယ်ပြုဓာတ်ငွေ့များ ထုတ်လွှတ်မှုမျိုးမရှိဘဲ နေ၊ လေစွမ်းအင်တို့မှာ ပြန်ပြည့်မြဲစွမ်းအင် ဖြစ်သည့်ပြင် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်းမရှိသည့် အလွန်သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှု အမျိုးအစားများ ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ဓာတ်အားထုတ် လုပ်ခြင်းလုပ်ငန်း၏ တိုးတက်မှုသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် စံချိန်တစ်ခုပြီးတစ်ခု ချိုးလျက်ရှိသည်။ ယင်းတို့၏ ချမှတ်ထားသည့် ရည်မှန်းချက်အရ ၂ဝ၅ဝ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်သည် စွမ်းအင် စုစုပေါင်း၏ ရာခိုင်နှုန်း ၈ဝ အထိ ရောက်ရှိနိုင်ရန် ပစ်မှတ်ထား လုပ်ဆောင်နေသည် ဆိုသည်။
ဤရွေ့ဤမျှ မိမိနိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံမက မိမိနိုင်ငံရှိ ပြည်သူတို့၏ ကောင်းကျိုးအတွက်လည်း ဖော်ဆောင်ပေးရင်း ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက်လည်း ဘက်စုံမှ စာနာထောက်ထားဆောင် ရွက်ပေးသူများအား မည်သူမလေးစားဘဲ၊ အားမကျဘဲ နေနိုင်ပါမည်နည်း။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်နှီးနွှယ်၍ မကြာသေးမီက ဂျာနယ်တစ်ခုပါ ဆောင်းပါးတစ်ပုဒ်တွင် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့၌ လျှပ်စစ်မီး လုံးဝမရသေးကြောင်း ရေးထားသည်ကို ဖတ်ရှုရသည်။ ရပ်ကွက်ဟုသာ အမည်ခံထားသော်လည်း ကျေးရွာအဆင့် သတ်မှတ်ချက်ထက်ပင် နိမ့်ကျသည့် ရပ်ကွက်များလည်း တွေ့ရသည်ဆိုသည်။ မီးရပြန်တော့လည်း မီးမလင်းသော လမ်းမီးတိုင်များ၊ မီးအားနည်း၍ ညီအစ်ကို မသိတသိသာတစ်ဦးနှင့် တစ်ဦးမြင်ရခြင်းများ၊ ရေမရသောဒုက္ခ၊ နံစော်နေသော အမှိုက်ပုံကြား နေရခြင်း၊ နေအိမ်အောက် တစ်နှစ်ပတ်လုံး ရေပုပ်ဝပ်ခြင်း စသည့် ကျန်းမာရေးဆိုးရွားစေသည့် အတိဒုက္ခများအား ခံစားနေရကြောင်း ဆောင်းပါးရှင်က လက်တွေ့ကွင်းဆင်း လေ့လာထားချက်ကို ရေးသားထားခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးရှိမြို့၊ ရပ်ကွက်၊ ကျေးရွာများပင် မဆိုထားနှင့်၊ တစ်ခေတ်တစ်ချိန် တစ်ခါက အရှေ့တောင်အာရှတွင် အလှပ အသန့်ရှင်းဆုံးသောမြို့ဖြစ်ခဲ့သည့် ရန်ကုန် မြို့တော်ပင်လျှင် လျှပ်စစ်မီးလုံလောက်စွာ ရကြပါ၏လော။ လျှပ်စစ်မီးပျက်သည့် (မီး မလာသည့်) အချိန်အတိုင်းအတာကို မှတ်တမ်းအဖြစ် မှတ်ထားလေ့ရှိသော စာရေးသူ မှတ်မိသလောက် တစ်နေ့ကပဲ စုစုပေါင်းကိုး နာရီကြာ မီးပျက်ခဲ့သည်။ ဪ. . . ဟောင်း အိုနေပြီဖြစ်သည့် လျှပ်စစ်ဆိုင်ရာ ကိရိယာများအား ပြုပြင်ထိန်းသိမ်း နေခြင်းပဲဖြစ်မည်ဟု စိတ်သက်သာလို သက်သာငြား တွေးလိုက်သည်။ ပြုပြင်နေသည်ဆိုတော့ ဝမ်းသာလက်ခံရမည်။ (ရှေးတုန်းကလို မပြုပြင်ဘဲ လျစ်လျူရှုထားခြင်းက ပိုဆိုး၏)။ သို့သော် ပြုပြင်ရုံသာ ပြုပြင်ပြီး “ပြောင်းလဲ” ခြင်းမရှိ သည်ကိုတော့ ဘဝင်မကျနိုင်။ “ပြုပြင်ပြောင်းလဲခြင်း” ဆိုသည့်စကားလုံး၌ လေးနက်သော အဓိပ္ပာယ်များစွာ ကိန်းနေပေသည်။ “ပြောင်းလဲခြင်း” ကိုယ်နှိုက်က အသစ်မှ အဟောင်းသို့လည်းကောင်း၊ အကောင်းမှ အဆိုးသို့ လည်းကောင်း ပြောင်းလျှင်လည်း ပြောင်းလဲ ခြင်းပင် မဟုတ်ပါလား။
လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ထုတ်လုပ်ခြင်း (Generation) တစ်ခုတည်းရှိရုံနှင့် မပြည့်စုံနိုင်ပေ။ ထုတ်လုပ်ပြီးလျှင် ပို့လွှတ်ပေးရမည်။ ပို့လွှတ်ခြင်း (Transmission) ကိစ္စတွင်လည်း ဓာတ်အားသုံးစွဲသူထံ ရောက်အောင် ပို့လွှတ်ဖြန့်ဖြူး (Distribute) မှသာ အဓိပ္ပာယ် ရှိမည်ဖြစ်သည်။ ထုတ်လုပ်သမျှ အားလုံးနီးပါးကို ပြည်ပနိုင်ငံများသို့ ရောင်းချခြင်း၊ မိမိတို့၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခံပြီး ပြည်ပနိုင်ငံများအား အကျိုးဖြစ်ထွန်းစေခြင်း စသည့်လုပ်ဆောင်ချက်တို့သည် ပြည်သူလူထုအတွက် မလိုလားအပ်၊ မဖြစ်သင့်သည့် ကိစ္စဖြစ်သည်။ အာဆီယံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုအနေဖြင့် ဒုတိယ အနည်းဆုံးနိုင်ငံ ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။
သို့ပါ၍ လျှပ်စစ်ဓာတ်အားကဏ္ဍ၏ ကြီးမားစွာ တည်ရှိလျက်ရှိနေသေးသော ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် ဓာတ်အားထုတ်ရုံမျှသာမကဘဲ ပြည်တွင်းသုံးစွဲသူများထံသို့ အရောက် ဖြန့်ဖြူးပေးနိုင်ရန် တာဝန်ရှိသူတို့က အထူးအလေးထား သင့်သည်သာ ဖြစ်သည်။
 

Most Read

Most Recent