ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် ချင်းတိုင်းရင်းသားများ ပါဝင်မှု အခန်းကဏ္ဍကို ချင်းပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ သုံးရက်ကြာ ဆွေးနွေးမည်

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် ချင်းတိုင်းရင်းသားများ ပါဝင်မှု အခန်းကဏ္ဍကို ချင်းပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ သုံးရက်ကြာ ဆွေးနွေးမည်
Published 13 January 2015

လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အခင်းအကျင်းတွင် ချင်းတိုင်းရင်းသားများ ပါဝင်မှု အခန်းကဏ္ဍကို ချင်းပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက သုံးရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ကာ ကိုယ်စားလှယ်ပေါင်း ၇၀ ခန့် တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ချင်းပြည်နယ်၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံသည် ပထမအကြိမ်ညီလာခံ နောက်ပိုင်း နှစ် ၆၀ အကြာတွင် ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသား ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကာ အချက်ပေါင်း ၁၅၁ ချက် ပါဝင်သော ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ ချင်းအမျိုးသား ညီလာခံ (၂၀၁၃) ၏ ဘုံသဘောတူညီချက်များကို ချင်းပြည်နယ် အစိုးရ အပါအဝင် ချင်းနိုင်ငံရေး ပါတီများ၊ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသမီး၊ လူငယ်နှင့် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်းကာ အကောင်အထည်ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်၍ ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ချင်းအမျိုးသား ညီလာခံ၏ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရန် ဆပ်ကော်မတီ ၁၁ ခု ဖွဲ့စည်းဆောင်ရွက်နေသော်လည်း ချင်းလူမျိုးနွယ်စုရေးရာ ကိစ္စများ၊ ချင်းအမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကိုသာ ဆောင်ရွက်နိုင်သေးပြီး ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနေသေးကြောင်း သိရသည်။ဘုံသဘောထား တူညီချက်များ အကောင်အထည် ဖော်ရေးအတွက် ချင်းပြည်နယ်အစိုးရ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ချင်းနိုင်ငံရေးပါတီနှင့် ချင်းတိုင်းရင်းသား အဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်မှုများစွာ ပြုလုပ်ရန် လိုအပ်နေသေးကြောင်းလည်း ညီလာခံ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ကော်မတီမှ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ချင်းအမျိုးသား ညီလာခံတွင် ရရှိခဲ့သည့် ဘုံသဘောတူချက်များထဲတွင် နိုင်ငံရေးတွေ့ဆုံမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝသယံဇာတ ကိစ္စရပ်များ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယုံကြည်မှုတို့နှင့် ပတ်သက်ပြီး လွတ်လပ်ခွင့် ဆိုင်ရာများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အစာရေစာ ဖူလုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ချင်းမျိုးနွယ်စု ၅၃ မျိုးအရေးနှင့် ဆိုင်သည့် ကိစ္စရပ်များ၊ အမျိုးသမီး အမျိုးသား တန်းတူရည်တူရှိရေး ဆိုင်ရာများ၊ ချင်းလူမျိုး ဒုက္ခသည်များ အရေးကိစ္စရပ်များ စသည်တို့ ပါဝင်ကြောင်း သိရသည်။