ဆောင်းနှောင်းချိန်ရောက် ပါတိမောက်ပြ တပို့တွဲလ

ဆောင်းနှောင်းချိန်ရောက် ပါတိမောက်ပြ တပို့တွဲလ
Published 13 January 2015
နီငြိမ်း

(၁)ချမ်းအေးလွန်ကဲ၊ တပို့တွဲ။တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊မီးပုံယာဂုပွဲ။(ရှေးစာဟောင်းများ)ကုံရာသီ တပို့တွဲသို့ ရောက်ခဲ့ပြန်လေပြီ။ ချမ်းအေးလွန်ကဲသည့် တပို့တွဲ၏ဒဏ်ကို မခံနိုင်ဘဲ နှာရည်များ စီးယိုလာသည်။ သို့ကြောင့် ‘နှာရည်ယိုရွှဲ၊ တပို့တွဲ’ ဟုလည်း ခေါ်ကြသေးသည်။ တောင်တွင်းဦးကြော့က ‘ယုဂန်တို နန်းညိုမြက၊ ဆန်းဆိုကြမြလျံလူ၊ ချမ်းဆိုသမျှ စံမတူ၍ သယမ္ဘူပေါ်မျှ မီးမယ်ဖြူးမှာ လက်ရ’ ဟု ရေးစပ်ခဲ့၏။ ဤမျှ ချမ်းအေးသော ရာသီပေတည်း။ စာဆိုဦးကြင်ဥကလည်း-‘ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ၊ဆက်ရက်ကယ်သာရကာနှင့် ရော်ရွက်ဝါတမာနုမှာကွယ် . . . လွမ်းသူ့ပူပုံ၊စရိုက်ကယ်လှုံ၊ ပင်မြုံမြင့်သိုက်နန်း၊တွက်စီးငယ်သွန်၊ ကျောက်ခက်ကယ်ရေတံခွန်နှင့်၊ ဟေမဝန်သာယာနူပါဘိယွန်းလုနွေဆန်း’ ဟူ၍ စပ်ဆိုထားခဲ့လေသည်။(၂)တပို့တွဲခေါ်ရ ဤဆောင်းလ
ထန်းပင်တွင် နှစ်မျိုးရှိ၏။ ထန်းဖိုပင်နှင့် ထန်းမပင်၊ ထန်းမပင်က အသီးသီး၍၊ ထန်းဖိုပင်က အသီးမသီးပါ။ ထန်းနို့သာ ထွက်သည်။ ထန်းနို့ လေးငါးချောင်း ဖြစ်လာလျှင် ခြေထောက်ဖြင့် နင်းချရ၏။ အဖျားကို ဓားနှင့်လှီးကာ ထန်းသမားက ထန်းရည်ကို မြူအိုးဖြင့် ခံယူရသည်။ သို့အတွက် ဦးကြင်ဥက ‘ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ’ ဟု စပ်ခဲ့ခြင်းဖြစ်သည်။ ထန်းဖိုပင်မှ ထန်းနို့များ တွဲလောင်းကျနေသည်ကို အစွဲပြုကာ တပို့တွဲဟု ခေါ်ကြသည်။ကျွနု်ပ်တို့၏ ဆရာကြီး မြကေတုက ‘ထန်းဖိုတွဲ’ ကာလကြာသော် ‘န’ သတ်ပြုတ်၍ ထဖိုတွဲ = တပိုတွဲလဖြစ်ရကြောင်း သင်ပေးခဲ့သည်။ လယ်ယာလုပ်သားများ လုပ်ငန်းအားလပ်၍ ထမ်းပိုးများကို ထုပ်လျောက်တို့၌ တန်းလန်းဆွဲထားသည်ကို အစွဲပြုပြီး ထမ်းပိုးဆွဲ။ ဤမှ ထပိုတွဲဖြစ်ရကြောင်း ဝေါဟာရပကာသနီ၌ ရေးထားသည်။(၃)လှေသင်းဝန်မင်း၏ အလို
လှေသင်းအတွင်းဝန်မင်း ဦးချိန်ကမူ ‘တပဋ္ဌာနံ ခါဝယတိ၊ ပလာယတိ၊ တပို့တွဲ’ ဟု ဖွင့်ဆိုသည်။ (တပံ=သူရိယနေမင်း၏ တပဋ္ဌာနံ - နေပူရာသို့၊ ခါယတိ၊ ပလာယတိ= ပြေးသွားတတ်၏) ထို့အတွက် တပို့တွဲ= တပိုတွဲလမည်ကြောင်း ဝေါဟာရလီနတ္ထကျမ်းတွင် ရေးထားသည်။ အေးချမ်းလွန်း၍ နေပူရာအရပ် ကပ်ရသည့်ဘဝမှာ သရုပ်ပေါ်လှ၏။နေသည် ဒက္ခိဏယဉ်စွန်းတန်းမှ မြောက်ဘက်သို့ ပြန်ဆုတ်လာချိန်ဖြစ်ရာ ဆောင်းညရှည်သည်။ နေ့နာရီ ၂၆ သာရှိပြီး၊ ညနာရီက ၃၄ နာရီ ရှိသည်။ ကောင်းကင်၌ မာဃနတ္ခက် ကာလမင်းနှင့် စန်းယှဉ်နေမြဲဖြစ်၏။ ကုံရာသီ တပို့တွဲ၏ ရာသီရုပ်မှာ ရေအိုးထမ်းနေသော ယောကျ်ားကြီးပုံဖြစ်၏။ ပေါက်ပန်း၊ လဲပန်းများ ပွင့်ဖူးကြလေသည်။တပို့တွဲလ ကုံသို့ကျ၊ မာဃထွန်းစမြဲပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊မီးပုံယာဂုပွဲ။(၃)
ထမနဲပွဲအကြောင်းတပို့တွဲလတွင် ထမနဲထိုးကြသည်မှာ မြန်မာတို့၏ ရိုးရာပင်တည်း။ ထမနဲတွင် ကောက်ညှင်း၊ နှမ်းဆီ၊ အုန်းသီးဆန်၊ မြေပဲဆန်များ ပါရသည်။ ဗိန္ဒောအလိုအရ ကောက်ညှင်းမှာ ပထဝီစာဖြစ်ပြီး တေဇောဓာတ်လွန်ကဲသည်။ ဥဏှအပူဓာတ်ချုပ်ကာ ဆီးဝမ်းနည်းစေသည်။ နှမ်းဆီကား ပထဝီအားကြီးကာ စားသော်ပူ၍၊ လိမ်းသော်အေး၏။ လေကိုနိုင်၏။ အုန်းသီးဆန်မှာလည်း ခြေနာ၊ ကိုယ်ပူနာ၊ အသည်းပူနာ၊ သွက်ချာပါဒပင်လျှင် ပျောက်သည်။ မြေပဲဆန်ကား အေးဆိမ့်၍ သီဟတေဇောဓာတ် ရှိသည်။ ဝမ်းမီးကို မှန်စေ၏။ထမနဲကဗျာတပို့တွဲ ထမနဲထိုးဖို့၊စာချိုးလို့မှာခဲ့မယ်တစ်စိတ်ဆို ထိုကောက်ညှင်း၊တစ်ပိဿာဆီကို သွင်းပါလို့၊ချင်းက သုံးဆယ်။အုန်းသီးဆန်တူဖက်လို့၊မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်နှမ်းချက်၍ ရောကာနယ်၊ဤနည်းနယ် ရေစင်ကြယ်ဆေး၊လက်နှစ်သစ်သာပါ့၊တွက်ဆစ်ရန် တစ်ဆယ်ဆားရယ်နဲ့နောက်နှောင်းခါ လူအများရယ်တို့အားသစ်လို့ ထိုး။ဟု ရှေးဆရာကြီးများ ရေးစပ်သည်ကို ဖော်ပြရပါသည်။ ဤကဗျာအရ အချိုးမှာ ဆညီအောင် ထိုးရသည်။ ဒယ်ကြီးကြီးတွင် ယောက်မနှစ်လက်ဖြင့် သွက်လက်အောင်မွှေမှ ထမနဲကောင်း ရနိုင်သည်။(၄)ပါတိမောက်ပြ၊ တပို့တွဲလတပို့တွဲလတွင် ဘုရားရှင် အသီးသီးက သြဝါဒ ပါတိမောက်ကို ပြလေ့ရှိသည်။ ပါတိမောက် ဆိုသည်မှာ စောင့်စည်းခြင်း၊ စောင့်ရှောက်ခြင်း၊ သီလကို စောင့်ရှောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ သြဝါဒကား သာသနာတွင် ဘုရားက ဆုံးမသြဝါဒပေးခြင်းကို ခေါ်သည်။ဘုရားလက်ထက်က သက္ကရာဇ် ၁၀၃ ခု တပို့တွဲလပြည့်နေ့တွင် မပင့်မဖိတ်လျက် ရဟန္တာသံဃာတော် ၂၅၀ ဘုရားထံ ရောက်လာသည်။ သို့အတွက် ရှင်တော်ဂေါတမက ၂၂၇ သွယ် သိက္ခာပုဒ်များ လိုက်နာရန် သြဝါဒတိမောက်ကို ပေးတော်မူ၏။ ပါတိမောက် ၃ ဂါထာကား ဤသို့တည်း။ပထမဂါထာ‘သဗ္ဗပါပဿ အကရဏံကုသလဿ ဥပသမ္ပဒါ၊သစိတ္တ ပရိယောဒဝနံ၊ဝတံဗုဒ္ဓသာသနံ’။အဓိပ္ပာယ်မှာ မကောင်းမှုကို မပြု၊ ကောင်းမှုကိုသာ ပြုရမည်။ မိမိစိတ်ကို ကြည်လင်စေရမည်။ ထို့အတွက် ဘုရားက “ခန္တီပရမံ၊ တပေါတိတိက္ခာ၊ နိဗ္ဗာနံပရမံ၊ ဝဒန္တိဗုဒ္ဓါ၊ နဟိပဗ္ဗဇိတော ပဥူပဃာ၊ ရွာနသမကော ဟောတိ” ဟု ဟောသည်။ သည်းခံမှုမှာ အကောင်းဆုံးအကျင့်၊ နိဗ္ဗာန်ကား အမြတ်ဆုံးကို ဆိုလိုသည်။ဒုတိယဂါထာအနူပါဝိဒေါ၊ အနူပဃောတောပါတိမောက္ဓ၊ သံဝရာမတ္တုတာဓ-အတ္တသမိံပန္တဉ္စသယ၊ သာသနံအခါစိန္တေစ၊ အယောတိ။သူတစ်ပါးကို မညှဉ်းဆဲနှင့်၊ မစွပ်စွဲနှင့်၊ မြတ်သောသီလကို စောင့်ပါ။ အတိုင်းအတာဖြင့်သာ စားသောက်၍ ဆိတ်ငြိမ်ရာ၌ ကျင့်ကြံပါဟူ၏။တတိယ အဆုံးအမအသက်ရှည်သော ဘုရားများသည် သက်တမ်းကုန်သည်ထိ ပါတိမောက်ကို ပြကြသည်။ အသက်တို ဘုရားများကား ပဌမဝါတော် ၂၀ တွင် သြဝါဒ ပါတိမောက်ကို ပြပါသည်။ ထို့နောက် သက်တမ်းကုန်သည်ထိ အာဏာ ပါတိမောက်ကို ထားတော်မူခဲ့လေသည်။အဓိက အချက်များသြဝါဒ ပါတိမောက်၏ အဓိကအချက်များကား-(၁)    သည်းခံခြင်းမှာ အလွန်မြတ်၍ သည်းခံနိုင်အောင် ကြိုးစား၊(၂)    နိဗ္ဗာန်မှာ အမြတ်ဆုံးဖြစ်၍ နိဗ္ဗာန်ရောက်သည်ထိ အားထုတ်ကြ၊(၃)    ကုသိုလ်ဟူသမျှ ပြုလုပ်ကြ၊ (ကုသလဿ သမ္ပဒါ)(၄)    မကောင်းဟူသမျှ ရှောင်၊ (သဗ္ဗပါပဿ အကရဏံ)(၅)    စိတ်ကိုဖြူစင်အောင်ထိန်း၊ (သစိတ္တ ပရိယောဒဝနံ)(၆)    အပါယ်ဘေးကင်းဝေးအောင် ငါးပါး၊ ရှစ်ပါးသီလများ ထိန်း၍ ၂၂၇ သွယ် သိက္ခာပုဒ်ကိုစောင့် စသည်တို့ ဖြစ်ပါကြောင်း။သို့အတွက် ကုံရာသီ တပို့တွဲလတွင် ရတနာသုံးပါးကို မပြတ်အာရုံပြုကာ၊ တရားဓမ္မ အားထုတ်ပြီး၊ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ကာ၊ ခန္တီမူလမာန်ကိုချ၊ မေတ္တာမျှဝေ၊ အသိကြွယ်စေရန် နှိုးဆော်ရပါသည်။ကျမ်းကိုး-တပို့တွဲလနှင့် ပါတိမောက် (ဒဂုန်နတ်ရှင်)-သုတေသနသရုပ်ပြအဘိဓာန် (သြဘာသာဘိဝံသ)

Most Read

Most Recent