သည်းခံခွင့်လွှတ်ခြင်းဆိုတာ နှလုံးသား ကြီးမြတ်သူတွေမှသာ လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ လိုချင်တာကို အတင်းအကျပ် တောင်းဆိုသူဟာ နှလုံးသား အားနည်းသူသာ ဖြစ်ပါတယ်။ သည်းခံခြင်းနှင့် စောင့်ဆိုင်းရင် တစ်ဝက်ရပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ်ကလုပ်ပြီး ပေးဆပ်သလောက် ပြန်မရတဲ့ အခြေအနေကို ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် လမ်းပြပေးတဲ့ စကားပုံတွေကိုတောင် သံသယဝင်မိပါတယ်။ ဒါပေမဲ့ လောကရဲ့ သဘောသဘာဝအရ မည်သည့်အရာမျှ အပိုင်တွက်လို့ မရဘူး ဆိုတာကိုတော့ သိထားရပါမယ်။ကျွန်တော်တို့ ပေးဆပ်သလောက် ပြန်မရပါစေ။ လုပ်ခဲ့တာတွေ အားလုံးအတွက် ကျေနပ်ရပါမယ်။ လုပ်ခဲ့တာတွေဟာ အတုအယောင်လား၊ အစစ်အမှန်လားဆိုတာ ကိုယ့်ဘာသာ သိပါတယ်။ သေချာစဉ်းစားကြည့်ပါ ကျွန်တော်တို့ဟာ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူး။ အခုလို မတည်မြဲတဲ့ သဘောသဘာဝမှ သူတစ်ပါးကို နည်းပေးလမ်းပြချင်တာ၊ ထိန်းချုပ်ဖို့ ကြိုးစားတာတွေဟာ အမှန်တကယ်တော့ ရူးသွပ်မှုတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ လူတွေဟာ နောက်ဆုံးတော့ လည်း ဘယ်လိုနည်းပေးလမ်းပြသွန်သင်မှု တွေလုပ်ပါစေ၊ ဘယ်လိုချစ်မြတ်နိုးမှုတွေ ရှိပါစေ။ ကိုယ့်လမ်းကိုယ်လျှောက်တာသာ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာကိုယ် လုပ် တာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ နားလည်ရပါမယ်။ကိုယ်တန်ဖိုးထားတဲ့ အဖွဲ့အစည်း သို့မဟုတ် တန်ဖိုးထားတဲ့ တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ကို ထည့်တွက်မစဉ်းစားဘဲ သူတို့လုပ်ချင်တာ လုပ်သွားတဲ့အခါ ကျွန်တော်တို့ဟာ စိတ်ထိခိုက် ဝမ်းနည်းမှုတွေ ခံစားရပါလိမ့်မယ်။ ဒီလို အခြေအနေနဲ့ ကြုံရတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ။ သေချာစဉ်းစားကြည့်ပါ။ သူတစ်ပါးကို မှီခိုအားထားမှုကြောင့် ဖြစ်လာတဲ့ ဝမ်းသာပျော်ရွှင်မှု၊ အောင်မြင်မှု၊ စိတ်ဓာတ်တက်ကြွမှု အစရှိတဲ့ အရာအားလုံးဟာ အတုအယောင်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပိုင်ဆိုင်တာ မဟုတ်တဲ့အတွက် နောက်ဆုံး ကျွန်တော်တို့ မှီခိုအားထားနေရတဲ့ သူတွေက အတုအယောင်တွေကို ပြန်ရုပ်သိမ်းသွားတဲ့အခါ ယခင်အတိုင်း အထီးကျန်၊ ကြေကွဲဝမ်းနည်းမှုတွေ နာကျင်ခြင်းသောက နောင်တတွေသာ ကျွန်တော်တို့ဆီမှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။
ကိုယ်နဲ့ စိတ်သဘော အခြေခံသဘောသဘာ၀ မတူညီတဲ့ သူတွေကြောင့် နာကျင်ခြင်းတွေ ဖြစ်လာတဲ့အခါ ခွင့်လွှတ်လိုက်ပါ။ ဥပေက္ခာပြုလိုက်ပါ။ ကျွန်တော်တို့နဲ့ မတူတဲ့သူတွေဆီမှာ မတူညီတဲ့ အတွေးတွေ ရှိတယ်ဆိုတာ လက်ခံလိုက်ပါ . . . . .
အဲ့ဒါကြောင့်မို့လို့ အစစ်အမှန် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း၊ စိတ်တက်ကြွခြင်းတွေသာ ကျွန်တော်တို့ဆီမှာ ကျန်ရစ်အောင် ကြိုးစားရပါမယ်။ ကြိုးစားမယ်ဆိုတော့ မေးစရာ မေးခွန်းတစ်ခုက ပေါ်လာပြီ ဖြစ်ပါတယ်။ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း အစစ်အမှန်တွေကို ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ ရှာဖွေမှာပါလဲ။ လောကအလယ်မှာ ကျွန်တော်တို့ တစ်ယောက်တည်းသာ ရှိတယ်လို့ သဘောထားကြည့်ပါ။ ကူကယ်ရာမရှိတဲ့ အနေအထား တစ်ခုမှာ ကျွန်တော်တို့ဆီမှာ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ ငုပ်လျှိုးနေတဲ့ စွမ်းအင်တွေကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီ စွမ်းအင်တွေနဲ့ သူတစ်ပါးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပါ။ ပြန်လည်ရယူလိုခြင်းကင်းတဲ့ နှစ်သိမ့်ဆွေးနွေး ကြင်နာမှုတွေနဲ့ ကူညီပေးပါ။ ကျွန်တော်တို့ကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ချမ်းမြေ့ ကြည်နှုးရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ နှုတ်ထွက်စကား တစ်ခွန်းကြောင့် အမှောင်တိုက်ထဲကနေ အလင်းရောင်ကို မြင်တွေ့ရတဲ့အခါ ကျွန်တော်တို့ကိုယ်တိုင်လည်း အစစ်အမှန် ပျော်ရွှင်မှုကို ခံစားရပါမယ်။ ဒါပေမဲ့ ငါ့စေတနာကိုတော့ အသိအမှတ်ပြုရမယ်ဆိုတဲ့ မျှော်လင့်ချက်ကင်းဖို့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ ၁၀၀ မှာ ၉၀ လောက်ဟာ သူတစ်ပါးကို ကျေးဇူးတင် အသိအမှတ်ပြုဖို့ ဝန်လေးကြလို့ပါပဲ။လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထား ကွဲပြားချက်အရ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူ၊ ကိုယ်ကျိုးအတွက် အများအကျိုးစွန့်သူ လူတန်းစား နှစ်မျိုးနှစ်စားသာ ရှိပါတယ်။ ဒီလို ကွဲပြားမှုတွေကလည်း ဆင်းရဲ၊ ချမ်းသာမှု၊ မိတ်ဆွေ အပေါင်းအသင်း ကြွယ်ဝမှုတွေနဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်း မရှိပါဘူး။ နောက်ဆုံးမှာတော့ မျိုးတူရာစုတဲ့ သဘောတရားအရ စိတ်ဆန္ဒခြင်း အနီးစပ်ဆုံးတူတဲ့ သူတွေသာ တူရာတူရာ ပေါင်းသင်းသွားပါတယ်။ ဆီနှင့်ရေဟာ ဘယ်တော့မှ ရောရိုးထုံးစံ မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ကျွန်တော်တို့ဟာ ရူးရူးမိုက်မိုက် ပေါင်းစပ်လို့မရတဲ့ အရာတွေကို အတင်းအကျပ် ပေါင်းစပ်မိပါသေးတယ်။အဲ့ဒီလို ပေါင်းစပ်မိလို့ နာကျင်ကြေကွဲ ဒဏ်ရာရမှုတွေ ကြုံလာတဲ့ အခါမှာတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာမိပါလားဆိုတဲ့ အတွေးက ပိုခိုင်မာလာပါတယ်။ ဒီလို အတွေးခိုင်မာလာတဲ့အခါ မတူတဲ့သူတွေ စုဖွဲ့ထားတဲ့ လူအဖွဲ့အစည်းမှာ တူတာတွေကို စု၊ မတူတာတွေကို ခဏထားပြီး အလုပ်ပြီးမြောက်ဖို့အတွက်သာ ကြိုးစားရပါတော့တယ်။ ကျွန်တော်တို့နဲ့ မတူသူတွေဆီမှာ သက်ဆိုင်ရာ အရည်အချင်းတွေ ရှိပါတယ်။ အဲ့ဒီ အရည်အချင်းတွေကို အသိအမှတ်ပြု လက်ခံရပါမယ်။ လက်ခံပြီး သူတို့ အရည်အချင်းတွေနဲ့ ကျွန်တော်တို့မှာရှိတဲ့ အရည်အချင်းတွေ ပေါင်းစည်းပြီး အလုပ်တစ်ခု ပြီးမြောက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး အပြုတ်တိုက်တဲ့ခေတ် မရှိတော့ပါဘူး။ အရည်အချင်းကို အသိအမှတ်ပြု လက်ခံရင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ပါဝင်သူတွေရဲ့ လွှမ်းမိုးမှုကို လက်သင့်ခံမှာလား ကိုယ့်စိတ်နဲ့ကိုယ် အသက်ရှင်မလား၊ သူများစိတ်နဲ့ ရှင်သန်မလား ကြိုက်ရာကိုတော့ ကိုယ်တိုင်ရွေးချယ်ခွင့် ရှိပါတယ်။လောကမှာ လူအများစု ထင်နေကြတာက သူများအလုပ်လုပ်တာက သူများစိတ်နဲ့ ရှင်သန်တယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပြုဖို့အတွက် သူများအလုပ် လုပ်ရတယ် ဆိုပေမယ့် ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်ခွင့် ရှိပါတယ်။ သူများစိတ်နဲ့ ရှင်သန်ရတယ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှု ခံနေရတာ ဖြစ်ပါတယ်။ သြဇာလွှမ်းမိုးမှုဆိုတာ သူတစ်ပါးရဲ့ ခိုင်းစေမှုကို ခံနေရမှ မဟုတ်ပါဘူး။ ကိုယ်က အလုပ်ခွင် ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို လိုတာထက်ပိုပြီး ပူပန်စိုးရိမ်နေရတာကလည်း သူများစိတ်နဲ့ ရှင်သန်နေတာပါပဲ။ သူများစိတ်နဲ့ ရှင်သန်ရတဲ့ အဖြစ်ဟာ ရှင်လျက်နဲ့သေတာ ဖြစ်ပါတယ်။ နည်းပေးလမ်းပြမှုကိုတော့ လက်ခံရမှာ ဖြစ်ပေမယ့် သြဇာလွှမ်းမိုးလာမှုကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။နောက်ပြီး ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုကော သူတပါးက အမှန်တစ်ကယ် လိုချင်တောင့်တပါရဲ့လား။ လိုအပ်ပါရဲ့လား။ တစ်ဖက်သားအတွက် အနှောင့်အယှက် ဖြစ်နေမလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဒီလိုမျိုး လိုအပ်မှန်း မသိ။ မလိုအပ်မှန်း မသိဘဲ ကိုယ့်စေတနာတွေကို စိတ်ဆန္ဒခြင်း မတူတဲ့ သူတွေကို ပေးတဲ့အခါ နောက်ဆုံးပေးချင်သူနဲ့ လက်မခံချင်သူအကြား ဒဏ်ရာတွေသာ အပြန်အလှန် ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်တတ်ပါစေလို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ စိတ်သဘော အခြေခံသဘောသဘာ၀ မတူညီတဲ့ သူတွေကြောင့် နာကျင်ခြင်းတွေ ဖြစ်လာတဲ့အခါ ခွင့်လွှတ်လိုက်ပါ။ ဥပေက္ခာပြုလိုက်ပါ။ ကျွန်တော်တို့နဲ့ မတူတဲ့သူတွေဆီမှာ မတူညီတဲ့ အတွေးတွေ ရှိတယ်ဆိုတာ လက်ခံလိုက်ပါ။ ပြီးတော့ ယခင်ကထက်ပိုပြီး ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာ ပိုမိုသန်စွမ်းလာအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်လိုက်ပါ။ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမဲ့ မတူညီတဲ့သူတွေရဲ့ အမှားကို လက်ခံပြီး ခွင့်လွှတ်ခြင်းဟာ အမှန်တရားကို မျက်ကွယ်ပြုတာသာ ဖြစ်တယ်ဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။