တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရရှိပြီးသဘောတူညီချက်များကို အစိုးရဘက်ကပယ်ချခဲ့ခြင်းကြောင့် ဆွေးနွေးမှုရပ်တန့်ကာ နှစ်ဖက်ယုံကြည်မှုကျဆင်းခဲ့ရဟု PSLF ထုတ်ပြန်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရရှိပြီးသဘောတူညီချက်များကို အစိုးရဘက်ကပယ်ချခဲ့ခြင်းကြောင့် ဆွေးနွေးမှုရပ်တန့်ကာ နှစ်ဖက်ယုံကြည်မှုကျဆင်းခဲ့ရဟု PSLF ထုတ်ပြန်
Published 12 January 2015

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရရှိပြီးသဘောတူညီချက်များကို အစိုးရဘက်ကပယ်ချခဲ့ခြင်းကြောင့် ဆွေးနွေးမှုရပ်တန့်ကာ နှစ်ဖက်ယုံကြည်မှုကျဆင်းခဲ့ရဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်တွင်ကျရောက်သည့် (၅၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဘောထားကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။PSLF/TNLA အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးမဆောင်ရွက်နိုင်သေးသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆွေးနွေးလျက်ရှိသည်။ကြေညာချက်တွင် NCCT မှ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရရှိရန် တိုင်းရင်းသားအဖွဲ့များကိုယ်စား ကြိုးပမ်းဆောင်ရွက်ရာတွင် အပစ်ရပ်စာချုပ်အတွက် သဘောတူညီမှုရရှိရန် နီးစပ်လာစဉ် ရရှိပြီးသဘောတူညီချက်များကို အစိုးရဘက်မှပယ်ချလိုက်သဖြင့် ဆွေးနွေးမှုများရပ်တန့်ခဲ့ရပြီး နှစ်ဖက်ယုံကြည်မှုကျဆင်းခဲ့ရကြောင်း ဖော်ပြထားသည်။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A သည် တအာင်းအမျိုးသားနိုင်ငံရေးရည်မှန်းချက်အမြန်ရရှိရန် တအာင်းလူထုနှင့်ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောက်မဲ၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ သီပေါ၊ လားရှိုး၊သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်အစရှိသည့် တအာင်းဒေသများတွင် တပ်ရင်းတပ်ဖွဲ့များအသီးသီး အခြေချလှုပ်ရှားလျက်ရှိကြောင်း ဖော်ပြထားသည်။ထို့ပြင် တအာင်းလူမျိုးများအခြေချ နေထိုင်ရာဒေသတိုင်းတွင် တအာင်းတပ်မတော် T.N.L.A အခြေချကာကွယ်တပ်စွဲနိုင်ရေးဦးတည်ချက်ဖြင့် ကြိုးပမ်းလာရာ သုံးနှစ်တာကာလအတွင်း တပ်ရင်း (၂၁) ခုဖြင့် စုစည်းထားသည့် တပ်မဟာသုံးခုကို  တအာင်းလူမျိုးတို့၏စည်းလုံးညီညွတ်မှုဖြင့် ဖွဲ့စည်းလှုပ်ရှားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။တအာင်းအမျိုးသားတပ်မတော်သည် လူထုကာကွယ်ရေး၊ နယ်မြေစိုးမိုးရေး၊ တပ်ဖွဲ့တည်ဆောက်ရေး၊ လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်စဉ် စစ်တပ်၏ ထိုးစစ်ဆင်လှုပ်ရှားမှုကြောင့် ၂၀၁၄ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။P.S.L.F / T.N.L.A သည် တအာင်းဒေသအတွက် အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးပြဿနာကိုလည်း လူထုနှင့်အတူလက်တွဲ၍ တိုက်ဖျက်လာခဲ့ရာ ထိုက်သင့်သောအတိုင်းအတာအထိ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းနှင့် ရောင်းဝယ်ထုတ်လုပ်သူများကိုလည်း ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းများကို စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆောင်ရွက်နိုင်ရေးအတွက် အပစ်ရပ်စဲရေးညှိနှိုင်းလျက်ရှိရာ ၂၀၁၄ စက်တင်ဘာက ရန်ကုန်၌ပြုလုပ်ခဲ့သော (၆)ကြိမ်မြောက်ဆွေးနွေးပွဲတွင် အပစ်ရပ်စာချုပ်မူကြမ်းပါ နှစ်ဖက်သဘောတူညီပြီးအချက်များအား ပြန်လည်ပယ်ဖျက်မှုများရှိခဲ့ရာ မပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေးဆွေးနွေးပွဲ ဆက်လက်ပြုလုပ်နိုင်ရေးညှိနှိုင်းလျက်ရှိသည်။